ရေပြန်လည်ကျဆင်းသွားသည့်နေရာများ၌ လိုအပ်သည့်သန့်ရှင်းရေးလုပ်ငန်းများနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း
နေပြည်တော်၊ ၂၀၂၄ စက်တင်ဘာလ ၂၃ ရက်
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွ စွာ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်ကောင်စီ နယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်တို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်တွင် လည်းကောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်နှင့် လွိုင်လင်လေးမြို့ နယ်တို့တွင် လည်းကောင်း ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများတွင် လိုအပ်သည်များ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာ များအတွင်း၌ တင်ကျန်ခဲ့သည့်နှုန်းများ၊ သစ်ပင်သစ်ကိုင်းများဖယ်ရှားပေးခြင်း အပါ အဝင်အခြား လိုအပ်သည်များကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့ များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ တက်ကြွစွာဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ယာယီရေဘေးရှောင်စခန်းများတွင် ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် အလှူရှင်များက ထောက်ပံ့ပစ္စည်းများ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်း များ၊ စားသောက်ဖွယ်ရာများနှင့် အလှူငွေများကို အားတက်သရော ပေးအပ်လှူဒါန်း ခြင်းနှင့် သံဃာတော်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက် ပေးလျက်ရှိသည်။ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်း နှင့် တာဝန်ရှိသူ များသည် လယ်ဝေးမြို့နယ်၊ သစ်ခေါက်ခွကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ဆန်၊ စားသောက်ဖွယ်ရာများနှင့် တစ်အိမ်ထောင် လျင် တစ်သောင်းကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် သစ်ခေါက်ခွကျေးရွာ၊ သုခါရာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကလျာန အား သွားရောက်ဖူးမြော်ကြည်ညို ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
အလားတူ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ် နှင့် တာဝန်ရှိသူများသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ သာသနာ့ဗိမာန်တော်ကြီး၊ ဥတ္တရာရုံပရိယတ္တိ စာသင်တိုက်နှင့် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားကာ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့ပြင် စက်တင်ဘာ ၁၉ ရက်ကလည်း အဆိုပါရေဘေးသင့်ပြည်သူများအား ဆန်၊ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ရေကြီးမှုဖြစ်ပေါ်ခဲ့သည့် မြို့နယ်များတွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်း/ တံတားများကိုလည်း လမ်းပန်းဆက်သွယ်ရေး အမြန်ပြန်လည်ကောင်းမွန်စေရန် အတွက် ယာယီသံဘောင် ဘေလီတံတားများ အစားထိုး၍ အမြန်ဆုံးပြန်လည်ပြင်ဆင် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပြုပြင်ရန်ကျန်ရှိနေသည့် တံတားများကိုလည်း အမြန်ဆုံး ဆက်လက်ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။