ရွိုင်းကိန်းနှင့်ဂယ်ရီနဗီးလ်ကို အတွင်းစည်းမသိလျှင် မပြောရန် ပေါ့ဂ်ဘာတုံ့ပြန်

ပြီးခဲ့သည့်ကြားရက်က  မန်ယူအသင်း လိုက်ပဇစ်ကိုရှုံးပြီး   ချန်ပီယံလိဂ်အုပ်စုမှ ထွက်ရသည့်ပွဲမတိုင်မီ ပေါ့ဂ်ဘာ၏ အေးဂျင့်ရွိုင်အိုလာက မိမိကစားသမားသည် မန်ယူ၌ ဆက်မနေလိုတော့သောကြောင့် မန်ယူ အနေဖြင့်   စာချုပ်သက်တမ်းတိုးနိုင်ရန် မမျှော်လင့်ဘဲ  ၂၀၂၂ ခုနှစ် စာချုပ်သက်တမ်းကုန်ချိန်တွင် အလွတ်ပြောင်းရွှေ့ခွင့် ပေးရခြင်းထက်   အမြန်ဆုံးရောင်းထုတ်လိုက်ခြင်းက  အကျိုးရှိမည်ဟု  ထုတ်ဖော်ပြောဆိုခဲ့ရာ   မန်ယူဂန္ထဝင် ကစားသမား နှစ်ဦးဖြစ်သော  စကိုင်းစပို့တ်  ရုပ်သံတင်ဆက်သူ ဂယ်ရီနဗီးလ်နှင့် ရွိုင်းကိန်းတို့က  ပေါ့ဂ်ဘာကို မနေလိုလျှင် ထုတ်ပစ်လိုက်ဟု တိုက်တွန်းပြောဆိုခဲ့ကြသည်။

ဂယ်ရီနဗီးလ်က ပေါ့ဂ်ဘာသည် မန်ယူ၌ မနေချင်ဟု သူနှင့်ကာလရှည်လက်တွဲခဲ့ သည့် သူငယ်ချင်းလည်းဖြစ်၊ အေးဂျင့်လည်း ဖြစ်သူက ပြောလာသဖြင့် ထိုကစားသမား မျိုးကို   မန်ယူက   ခေါ်မထားသင့်တော့ဟု  ဝေဖန်ခဲ့သည်။  ရွိုင်းကိန်းကလည်း ပေါ့ဂ်ဘာ   ပြင်သစ်အသင်း၌  မည်မျှကောင်းသည်ဖြစ်စေ မိမိသည် ပြင်သစ်ပွဲ ကို မကြည့်ကြောင်း၊ မန်ယူတွင် ပေါ့ဂ်ဘာ သည် ပြေးပင်မပြေးချင်သူဖြစ်၍ ထိုက်တန် မှုမရှိဟု ဝေဖန်ခဲ့သည်။

ယင်းနှင့်ပတ်သက်၍  မန်စီးတီးနှင့်ပွဲ မတိုင်မီ ပေါ့ဂ်ဘာက ၎င်း၏အင်စတာဂရမ်၌ ကျွန်တော်က မန်ယူအသင်း ဖော်တွေနဲ့ ပရိသတ်အတွက် အမြဲတိုက်ပွဲဝင်ခဲ့တယ်။ အနာဂတ်ဆိုတာဝေးပြီး  ဒီနေ့ကိစ္စကသာ အရေးအကြီးဆုံးပါ။   အသင်းအတွက် ၁၀၀ ရာခိုင်နှုန်းအထိပေးဆပ်ဖို့ အသင့် ပဲ။ အတွင်းစည်းမသိရင် မပြောကြနဲ့ ဟု ရေးသားတုံ့ပြန်ခဲ့သည်။    

 Ref:Mirror