ဟံသာဝတီယူနိုက်တက်အသင်းသည် ၂၀၂၁ ဘောလုံးရာသီသစ်အတွက် စာချုပ်သက်တမ်းကုန်ဆုံးသည့် ကစားသမားများ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခြင်းကို ဒီဇင်ဘာလအတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း အသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
ဟံသာဝတီယူနိုက်တက် အသင်းရှိ အဓိက ကစားသမားများဖြစ်သည့် အသင်းခေါင်းဆောင် ကိုကိုနိုင်၊ ဟိန်းထက်အောင်၊ လာဒင်မော်ရာ၊ ရွှေလှိုင်ဝင်းတို့ အပါအဝင် ကစားသမား ၁၂ ဦးတို့သည် ယခုနှစ်ကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည် ဖြစ်ပြီး ယင်းကစားသမားများအနက် ကစားသမားအများစုကို စာချုပ်သက်တမ်း ထပ်မံတိုးမြှင့်မည်ဖြစ်သည်။
ဒီနှစ်ကုန်မှာ အသင်းခေါင်းဆောင် ကိုကိုနိုင်အပါအဝင် ကစားသမား ၁၂ ဦးလောက် စာချုပ်သက်တမ်းကုန်ဖို့ရှိပါတယ်။ အသင်းကို အထိုင်မဖျက်ချင်တဲ့အတွက် အဲဒီကစားသမားတွေထဲက အများစုကို စာချုပ်သက်တမ်းတိုးဖို့ စီစဉ်ထားပါတယ်။
ဒီလအတွင်း ဆွေးနွေးမှုပြုလုပ်ပြီး စာချုပ်သက်တမ်းတိုးတာတွေ ဆက်လက်လုပ်ဆောင်မှာဖြစ်ပါတယ် ဟု ၎င်းကပြောသည်။
ဟံသာဝတီယူနိုက်တက်အသင်းသည် ယခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ၁၃ ပွဲနိုင်၊ နှစ်ပွဲသရေ၊ သုံးပွဲရှုံး ရမှတ် ၄၁ မှတ်ဖြင့် ဒုတိယဆုရရှိခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးနှစ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ထို့ပြင် ဟံသာဝတီယူနိုက်တက်အသင်းသည် လာမည့်နှစ်တွင် အာရှအဆင့် AFC Cup ပြိုင်ပွဲခြေစစ်ပွဲ အဆင့်ကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသည်။
ဟံသာဝတီယူနိုက်တက်အသင်းသည် ၂၀၂၁ ဘောလုံးရာသီသစ်တွင် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲနှင့် ၂၀၂၁ 2021 AFC Cup Qualifying Play-Off ဘောလုံးပြိုင်ပွဲများ ယှဉ်ပြိုင်ရမည် ဖြစ်သည့်အတွက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အသင်းနည်းပြအဖွဲ့ကိုလည်း ပြန်လည်ဖွဲ့စည်းခဲ့သည်။
ဟံသာဝတီ ယူနိုက်တက်အသင်း၏ နည်းပြချုပ်အဖြစ် ဦးမျိုးမင်းထွန်း၊ နည်းစနစ်အကြံပေးအဖြစ် ဦးဉာဏ်ဝင်း၊ လက်ထောက် နည်းပြအဖြစ် ဦးတင်ဝင်းနှင့် ဦးချစ်ကိုကို၊ ဂိုးနည်းပြအဖြစ် ဦးအောင်သက်နှင့် ကြံ့ခိုင်ရေးနည်းပြအဖြစ် ဦးအောင်လတ်သူတို့က တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။
ကိုရဲ