ဖော်ဖော်ရွေရွေလာမေးလျှင် ပျော်ပျော်ပြုံး၍ ဖြေလိုက်ကြပါ

 

ဖော်ဖော်ရွေရွေလာမေးလျှင် ပျော်ပျော်ပြုံး၍ ဖြေလိုက်ကြပါ

 

    ၂၀၂၄  ခုနှစ်  လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ ရက်မှ ၁၅  ရက်အထိ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက်ကောက်ယူတော့မည်ဖြစ်သည်။ သန်းခေါင်စာရင်းကို အင်္ဂလိပ်ဘာသာဖြင့် CENSUS ဟုသုံးနှုန်းသည်။ ကျွန်တော်ယခုအသက်   ၉၀ ကျော်သည် သန်းခေါင်စာရင်း ကောက်ယူမှု အကြိမ်များစွာ ကြုံဖူးခဲ့ရပြီးဖြစ်သည်။

ကျွန်တော်တို့ငယ်စဉ်ကမူ   သန်းခေါင်စာရင်းကို ညသန်းခေါင်အချိန်တွင် ကောက်ယူခဲ့သည်။ ထိုစဉ်က မြန်မာနိုင်ငံကိုစိုးမိုးနေသော  အင်္ဂလိပ်(နယ်ချဲ့)အစိုးရက အိမ်တိုင်းတွင် အိမ်ပြင်ထွက်သူများပါ အိမ်ပြန်ရောက်၍ လူစုံချိန်ဖြစ်သော သန်းခေါင်ယံအချိန်တွင် လူဦးရေစာရင်း ကောက်ယူသည်။  သန်းခေါင်ဟူသော ဝေါဟာရသည် တိဗက်ဘာသာစကား သန်ကောင်မှလာကြောင်း  မြန်မာစာ၊ မြန်မာမှုပညာရှင်  ကျောက်စာဝန်ဟောင်း ဦးဖိုးလတ်ကဖွင့်ဆိုပြဖူးသည်။   သန်=ည၊ ကောင်=အလယ်၊ ည ၏ အလယ် ည   ၆  နာရီမှ နံနက် ၆ နာရီအကြား ညတာ၏အလယ်ကောင် ၁၂ နာရီ(သန်းခေါင်)ကို ဆိုလိုခြင်းဖြစ်သည်။ ယခုနောက်ပိုင်းတွင်မူ နေ့ခင်း ထင်သာမြင်သာချိန် ကောက်ယူလာပေတော့သည်။

အင်္ဂလိပ်(နယ်ချဲ့)အစိုးရကလည်း သူတို့သိမ်းယူလေသော နိုင်ငံမှ   နိုင်ငံသားဦးရေကို အတိအကျသိလိုကြပေသည်။    ထို့ကြောင့် သန်းခေါင်စာရင်း (လူဦးရေစာရင်း)ကို ၎င်းတို့အုပ်ချုပ်မှုလိုအပ်ချက်အရ ကောက်ယူခဲ့ခြင်းဖြစ်သည်။ ယနေ့ကဲ့သို့လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်ဆိုင်သော မြန်မာနိုင်ငံဖြစ်ပေါ်လာပြီဖြစ်၍ နိုင်ငံသူ၊  နိုင်ငံသားတို့စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်း ပြုရေးအတွက်  နိုင်ငံတော်က နှစ်ရှည်၊ နှစ်တိုစီမံကိန်းများ ချမှတ်အကောင်အထည်ဖော်ရာတွင်  တိကျသော လူဦးရေ၊ အသက်အပိုင်းအခြား ကျား/မ၊ ပညာအရည်အချင်း၊  အလုပ်အကိုင်တို့ကို သိရှိထားမှသာ မှန်ကန်ပြည့်စုံ တိကျသော   စီးပွားရေး စီမံကိန်းလူမှုရေး အဆောက်အအုံများ  တည်ဆောက်ဖြည့်ဆည်းနိုင်မည်ဖြစ်ပေသည်။

အမေရိကန်ပြည်ထောင်စုသည်အင်္ဂလန်နှင့် ဥရောပသားများ သွားရောက်အခြေချ နေထိုင်နိုင်ရင်း ဖြစ်တည်လာသောနိုင်ငံ၊  အင်္ဂလိပ်တို့အုပ်စိုးမှုကို တော်လှန်ကာ ပြည်နယ်  ၁၃  ခုဖြင့် ၄-၇-၁၇၇၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုဖြစ်လာခဲ့ပေသည်။ အမေရိကန်တော်လှန်ရေး ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဂျော့ဝါရှင်တန်က နိုင်ငံအကြီးအကဲဖြစ်လာသည့်နောက်  နိုင်ငံလူဦးရေ အတိအကျသိရန် သန်းခေါင်စာရင်း စတင်ကောက်ယူခဲ့သည်။  လွတ်လပ်သော နိုင်ငံဖြစ်လာပြီဖြစ်၍  အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ၊    တရားစီရင်ရေး အာဏာများကို ကိုယ်တိုင်ကျင့်သုံး ကြရတော့မည်ဖြစ်ရာ  ဥပဒေပြုလွှတ်တော် (အောက်လွှတ်တော်ကွန်ဂရက်)တွင် လူဦးရေအလိုက် ကိုယ်စားလှယ်(အမတ်)များ ပါသောလွှတ်တော်၊  အထက်ဆီးနိတ်လွှတ်တော်တွင် ပြည်နယ်များမှ လူဦးရေတူညီစွာ ရွေးချယ်သော ဆီးနိတ်လွှတ်တော်တို့ဖြင့်  ဖွဲ့စည်းလာရပေသည်။ ၁၃ ပြည်နယ်ဖြင့်စတင် ထူထောင်ခဲ့သော   အမေရိကန် ပြည်ထောင်စုသည်    ငွေကြေးပေးဝယ်ရသော ပြည်နယ်သစ်များ၊ စစ်တိုက်သိမ်းယူခဲ့သော ပြည်နယ်သစ်များဖြင့် ပြည်နယ် ၅၀ ရှိလာခဲ့ပေသည်။ အောက်လွှတ်တော်တွင်   လူဦးရေအနည်းအများအလိုက် အမတ် ၅၃၈ ယောက်၊   အထက်ဆီးနိတ် လွှတ်တော်အတွက်  ပြည်နယ်  ၅၀-အရေအတွက်တူ တစ်ပြည်နယ်နှစ်ယောက်နှုန်းဖြင့်   ဆီးနိတ်တာ ခေါ် အထက်လွှတ်တော်အမတ်   ၁၀၀  တို့ပါဝင်မည်ဖြစ်ရာ  လူဦးရေစာရင်းတိကျစွာ ရရှိရန်လိုအပ်လာသည်။

ထို့ကြောင့် ၁၇၉၀ ပြည့်နှစ်တွင် သန်းခေါင်စာရင်း ကောက်ယူခဲ့သည်။ အခြေခံဥပဒေတွင်လည်း ပြဋ္ဌာန်းကာ  ၁၀  နှစ်တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ယူခဲ့သည်။

မြန်မာနိုင်ငံသည်လည်း ပါလီမန်လွှတ်တော်များ ရှိလာပြီး   လွှတ်တော်ကိုယ်စားလှယ်(အမတ်)များ ရွေးကောက်ရန် အသက် ၁၈ နှစ်ပြည့်၍ အခြေခံဥပဒေအရ ဆန္ဒမဲပေးခွင့်ရှိသူစာရင်း တိကျစွာရရန် သန်းခေါင်စာရင်းကို ၁၀ နှစ်တစ်ကြိမ် ကောက်ယူခဲ့သည်။ ကျွန်တော်တို့ တတိယတန်းကျောင်းသား ဘဝတွင် ပထဝီသင်သော ဆရာက မြန်မာနိုင်ငံ(ထိုစဉ်က) လူဦးရေ ၁၂ သန်းဟု ပြောပြ၍မှတ်မိနေခဲ့သည်။

အထက်တန်းကျောင်းသား ဖြစ်လာသောအခါ လူဦးရေ ၁၄ သန်းဟု ကျက်မှတ်ခဲ့ရသည်။ ဤသို့ဖြင့် ၁၆ သန်း၊ ၁၇ သန်း၊ ၁၈ သန်းစသဖြင့် လူဦးရေတိုးပွားလာခဲ့သည်။

မြန်မာအစိုးရများသည်  တစ်နှစ်တာကာလ (သတ်မှတ်ဘဏ္ဍာရေးနှစ် အတွင်း) ရနိုင်မည့်  ဝင်ငွေ၊ သုံးစွဲရမည့်အသုံးစရိတ်တို့ကို   တွက်ချက်(ခန့်မှန်း)ရသော   ရသုံးမှန်းခြေငွေစာရင်း အတွက်လည်းကောင်း၊  လွှတ်တော် ရွေးကောက်ပွဲများ အတွက် လည်းကောင်း  နိုင်ငံ့စီးပွားရေးကို နှစ်ရှည်နှစ်တို စီမံကိန်းများ ရေးဆွဲကာ  လွှတ်တော်၏ အဆုံးအဖြတ်ဖြင့်   နှစ်စဉ်ရသုံးမှန်းခြေငွေစာရင်း(ဘတ်ဂျက်)၊ စီးပွားရေးစီမံကိန်းဆွဲကာ ချမှတ်ဆုံးဖြတ် အကောင်အထည်ဖော် လာရသဖြင့် သန်းခေါင်စာရင်းကို  ၁၀  နှစ် တစ်ကြိမ်ကောက်ယူခဲ့သည်။

၁၉၆၂ ခုနှစ်မှစတင်၍ ထူထောင်ခဲ့သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီက နှစ်ရှည်၊ နှစ်လတ်၊ နှစ်တိုစီးပွားရေးစီမံကိန်းများ ချမှတ်ဖော်ဆောင်ရသဖြင့်လည်း  လူဦးရေစာရင်း ကျား၊ မ ခွဲခြား၍၊ အသက်အပိုင်းအခြား ခွဲခြား၍ ပညာအရည်အချင်း၊ အလုပ်အကိုင်စသော အလုပ်အကိုင်စီးပွားရေးတို့ကို တိကျစွာ ရယူ(သန်းခေါင်စာရင်း ကောက်ယူခြင်း)ဆောင်ရွက်ခဲ့ကြသည်။ ဆိုရှယ်လစ်စီးပွားရေးစနစ် တည်ဆောက်ခြင်း၊ ယနေ့ခေတ်ဈေးကွက် စီးပွားရေးစနစ်(အမျိုးသား စီးပွားရေးစနစ်) ကျင့်သုံးရာတွင်လည်း  စီမံကိန်းများဖြင့် စနစ်တကျဆောင်ရွက်ရန်၊  လွှတ်တော်ရွေးကောက်ပွဲတွင်ကျင်းပရန် လူဦးရေစာရင်းကောက်ယူခဲ့ရပေသည်။

၁၉၇၁-၇၂-၇၃-၇၄  ခုနှစ်များတွင် ၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံ အခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြုရန် အတည်ဖြစ်လာသည်။ အခြေခံဥပဒေအရ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေတ် ရွေးကောက်ပွဲများ ကျင်းပရန် သန်းခေါင်စာရင်း ကောက်ယူခဲ့ကြသည်။ ထိုအချိန်  ကျွန်တော်သည်   ကြေးမုံသတင်းစာတိုက်တွင် ဒုတိယအယ်ဒီတာချုပ်  တာဝန်ထမ်းဆောင်နေသဖြင့် သန်းခေါင်စာရင်း ကောက်ယူရေးသတင်းများ စဉ်ဆက်မပြတ်ရေးသား တင်ပြနေခဲ့ရသည်။

ထိုစဉ်က   အစိုးရပြည်ထဲရေးဌာနက တောင်းသဖြင့် သန်းခေါင်စာရင်း ကောက်ယူရေးကို   လှုံ့ဆော်စည်းရုံးသော အောက်ပါကဗျာ ရေးသားခဲ့ရသည်။

အားမနာတမ်းမေးကြစမ်းပါ

" လာကြ ...လာကြ...၊ ဘာကိစ္စလဲ။

ထိုင်ကြပါကွယ်၊ ဟိုသူငယ်က

မိကြွယ်ရဲ့မောင်၊ မောင်ဖိုးထောင်ပဲ

သန်းခေါင်စာရင်းကောက်ဖို့ထင်ရဲ့။

"ကဲ....ရှင်မရေ၊ ကလေးတွေလည်း

ဆာလေရော့မယ်၊ စားဖွယ်စားရာ

ချပေးပါဟဲ့၊ ခမျာလေးတွေစားပါစေ။

"ကိုင်း... ကိုင်း... မေးကြ၊ လိုသမျှသာ

မေးကြပါတော့၊ မေးတာတွေကို

ဦး.... ဖြေဆိုမယ်၊ ခုလိုချိန်မှာ

တောကျေးရွာနဲ့၊ မြို့မှာရှိနေ

အိမ်ခြေဆောက်ဦ၊ နေသူရေတွက်

အသက်ပိုင်းခြား၊ မနဲ့ကျားခွဲ

စီးပွားဝင်ငွေ၊ အထွေထွေကို

သေချဂန၊ သိထားမှ...ဟေ့...။''

''နိုင်ငံတစ်လွှား၊ တို့စီးပွားကို

ဖွံ့ထွားလာရန်၊ အခြေခံကာ

စီမံချက်ပဲ၊ အဲဒါရှေးရှု

စီမံပြုဖို့၊ ပြည်သူ့အင်အား

ကွဲပြားတိကျ၊ ရှိထားမှသာ

လုံးဝချောမော အောင်မြင်မယ်ကွဲ့''

    တက္ကသိုလ်မြတ်သူ

       (သန်းခေါင်စာရင်းအထိမ်းအမှတ်စာစောင်မှ)

ထိုနှစ်က  သန်းခေါင်စာရင်းကောက်ယူရာတွင် ဝန်ထမ်းများသာမက ရပ်ထဲရွာထဲမှ ပရဟိတသမားများ၊   ကျောင်းသားလူငယ်များ တက်ကြွစွာပါဝင် ရွှင်ပြုံးတရုန်းရုန်းနှင့်ပါပဲ။ သန်းခေါင်စာရင်း အောင်မြင်ပြီးမြောက်သောအခါ  သက်ဆိုင်ရာမှ စီမံကိန်းများ ရေးဆွဲကြ၊ လာမည့်  ၁၉၇၄ ခုနှစ် ရွေးကောက်ပွဲအတွက် မဲစာရင်းတွေထုတ်ပြန်ကြနှင့် အလွန်အဆင်ပြေသွားခဲ့သည်။

ယနေ့ပြည်ထောင်စုမြန်မာနိုင်ငံသားများသည် လွတ်လပ်ရေးရခဲ့သည်မှာ ၇၆ နှစ်၊ ၇၇  နှစ်ရှိပြီ ဖြစ်သကဲ့သို့ ပြည်တွင်းစစ် ခေါ် အချင်းချင်းတိုက်ကြ ခိုက်ကြဒဏ်ကိုလည်း        ခံစားနေကြရကာ ငြိမ်းချမ်းစွာ နေနိုင်ရေး၊ ရေကောင်း၊ မြေကောင်း၊ သဘာဝသယံဇာတ၊ ဓနဥစ္စာ၊ ပတ္တမြားကျောက်သံ၊ စပါးကောက်နှံအဆီအနှစ်တွေ   ပြည့်စုံပါလျက် ချမ်းချမ်းသာသာ မနေကြရပေ။ ဤသည်ကို  ဤမြန်မာနိုင်ငံသား အဖေမြန်မာ၊ အမေမြန်မာ၊ အိမ်ထောင်ဖက် မြန်မာများ ပြည်သူအပေါ် မေတ္တာစေတနာ ထက်သန်စွာဖြင့် နိုင်ငံ့စီးပွားတိုးပွား မြင့်တက်ကာ နိုင်ငံတော်၏ အသီးအပွင့်၊  လွတ်လပ်ရေးအရသာကို  ငြိမ်းချမ်းစွာစံစားနိုင်ရန်  အာရုံပြုကြရမည့်အချိန်၊ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် စုပေါင်းကြိုးစားရမည့် အချိန်ရောက်နေပေပြီ။ သို့ဖြစ်၍ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်တွင်းဖွံ့ဖြိုးတိုးတက် စည်ပင်သာယာဝပြောရေးအတွက် သန္နိဋ္ဌာန်ချပြရမည့်အချိန်က အချိန်တန်ရုံမျှမက အလွန့်အလွန်ပင် နောက်ကျနေပေပြီ။

ယခု ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှစ၍  ၁၅  ရက်ကြာ သန်းခေါင်စာရင်း ကောက်ယူရေးတွင် ပြည်သူအားလုံး တက်ကြွစွာ၊ စေတနာထက်သန်စွာ ပါဝင်ပူးပေါင်းဆောင်ရွက်ကြရန် အထူး၊ အလွန်၊ သေချာမုချလိုအပ်နေပြီဖြစ်သည်။

ကျွန်တော်တို့သည် ငြိမ်းငြိမ်းချမ်းချမ်း  အေးအေးဆေးဆေး နေလိုကြသော  မြန်မာများဖြစ်ကြပေသည်။ နယ်ချဲ့အင်္ဂလိပ်တို့  နှစ်ပေါင်း  ၁၀၀ ကျော် မြန်မာ့မြေမှ ရွှေ၊ ငွေ၊ ကြေး၊ သွပ်၊ သံ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ခနောက်စိမ်း၊ ရေနံ၊ ကျွန်းသစ်တို့ထုတ်ယူပြီး ကမ္ဘာ့လူချမ်းသာကြီးများ ဖြစ်သွားခဲ့ပေပြီ။  ယခုကျွန်တော်တို့   မြန်မာနိုင်ငံသည်လည်း ၁၉၄၈ ခုနှစ်ကတည်းက  အလှည့်ကျနေပေပြီ။  သို့သော်  သိကြသည့်အတိုင်း မြန်မာနိုင်ငံသား လောက်ကောင်အချို့သည်  အများပြည်သူ တိုင်းရင်းသား အကုန်အစင်တို့အကျိုးထက် မိမိတို့အကျိုးကိုသာ ရှေးရှုတတ်ရန် နယ်ချဲ့တို့သွေးထိုး ပေးသွားသည့်အတိုင်း အစဉ်အလာကောင်းလှသော မြန်မာ့စိတ်ရင်းကောင်းကိုပစ်ပယ်ပြီး   ပြည်ပကအလိုရှိသမျှ  ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်သူကို   စစ်ဒုက္ခပေးနေခဲ့ကြ၍   မြန်မာတိုင်းရင်းသား  တစ်ရာကျော်တို့ သူဌေးလောင်းများ ဖြစ်ကြပါလျက် ကြွေးတောင်းခံနေကြရသည်။

သန်းခေါင်စာရင်းလူဦးရေ ကျား၊ မ အသက်အပိုင်းအခြားများ  စီးပွားရေး လုပ်ငန်းကအစ  သီးခြားစီခွဲ၍ စာရင်းကောက်ယူခြင်းသည် နိုင်ငံတော်ကြီး အာရှ၏စီးပွားဖွံ့ဖြိုးသော ကျားများတွင်   မြန်မာက ကိုးတောင်ကျားကြီးအဖြစ်   အားလုံးကုန်သော ရှိရင်းစွဲလေးတောင်ကျားများ မော့ကြည့်နေရမည့် အရင်းအမြစ်ပြည့်စုံသော နိုင်ငံဖြစ်ပေသည်။ မည်သည့် အစိုးရလာလာ၊ ပြည်သူတို့အတွက် ကောင်းမွန်သော စီးပွားရေးအဆောက်အအုံကို တည်ဆောက်ပေးကြရမည်ဖြစ်ရာ ထိုအခါ လူဦးရေစာရင်းဇယား တိကျပြည့်စုံစွာ ရှိနေအောင် သန်းခေါင်စာရင်းကို  ထိုထိုဤဤသော အစိုးရများ မဖြစ်မနေ ကောက်ယူရမည်သာဖြစ်သည်ကို   အသိ၊ သတိနှင့်ယှဉ်ပြီး  စွဲမြဲမှတ်သားသင့်ကြပေသည်။

မိမိတို့အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)က  ပေးအပ်လာသည့် နိုင်ငံသားတို့၏ မူလအခွင့်အရေးများကို   မိမိတို့မြန်မာအားလုံးပိုင်ဆိုင်ခွင့်ရှိကြသည်။ ထိုပိုင်ဆိုင်အပ်သော လုပ်ပိုင်ခွင့် (အချုပ်အခြာအာဏာ)ကို ရိုးရိုးကျင့် မြင့်မြင့်ကြံကြလျှင်   ဤနိုင်ငံ၊ ဤပြည်သူများမြင့်မြင့် ပျံတက်နိုင်ကြမည်ဖြစ်လေသည်။

၁၉၇၃-၁၉၇၄   ခုနှစ်များတွင်လည်း   သန်းခေါင်စာရင်း ကောက်ယူခြင်းကို ပြည်သူတို့ တအုန်းအုန်း တရုန်းရုန်း တပြုံးပြုံးဖြင့် ဆင်နွှဲခဲ့ကြပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ရာတွင်လည်း တက်ကြွစွာပါဝင်ခဲ့ကြပြီးဖြစ်သည်။ ကျွန်တော်တို့အမြဲတောင့်တကြွေးကြော်နေသော ငြိမ်းချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးကာ  နိုင်ငံသားအားလုံး  လူနေမှုအဆင့်အတန်း တိုးတက်ရေး၊ ပြည်တွင်းပြည်ပ၊ မြေပေါ်မြေအောက်၊   လက်ဝဲလက်ယာ အဖျက်သမားများ ရန်ကင်းအောင်  စုပေါင်းညီညီ  သမိုင်းကောင်းမြန်မာ့ အစဉ်အလာနှင့်အညီ အားထုတ်ရင်း  ငြိမ်းချမ်းသာယာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော၊   စစ်မှန်၍စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကြီးကို ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး၌ အတွေးအထောက်မလွဲဘဲ  ရွေးကောက်ဆင်နွှဲနိုင်ရန် တိကျမှန်ကန်ပြည့်စုံသော  မဲဆန္ဒရှင် စာရင်းကြီးလည်းရရှိစေရန်၊ နိုင်ငံတော်ကို ပြန်လည်ထူထောင်ကြရန် သန်းခေါင်စာရင်းကောက်ယူပွဲကြီးကို  တက်ကြွပျော်ရွှင်စွာ  ဆင်နွှဲကြပါကုန်စို့၊ အို-အချင်း တစ်မြေပေါ်နေ မရှိအတူရှိအတူ၊ အေးအတူပူအမျှ အတူတကွ နေထိုင်လာကြကုန်သော သွေးချင်းသားချင်း၊  သွေးရင်းသားရင်း  တိုင်းရင်းသားစုံ  မြန်မာဆွေမျိုးတို့ခင်ဗျား။

(၁၉၇၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူကြရန်     ကျွန်တော်အပါအဝင် စာပေသမားများ၊ တေးဂီတ၊ ရုပ်ရှင်၊ သဘင်၊ ပန်းချီ၊ ပန်းပုအနုပညာရှင်များ တစ်တပ်တစ်အားပါဝင်ခဲ့ကြသည်ကို ယနေ့တိုင်မေ့မရပါ။  သန်းခေါင်စာရင်းကောက်ယူမှု အောင်မြင်ပြီးနောက် ထိုစဉ်က ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (နောင်ပြန်ကြားရေးဝန်ကြီး) ဦးချစ်ခင်က   ကျွန်တော်တို့ကို ဖိတ်ပေးကာ  ဂုဏ်ပြုဧည့်ခံပွဲဖြင့်   သန်းခေါင်စာရင်း ကောက်ယူရေးစားပွဲတင်   အမှတ်တရပစ္စည်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်ကိုမမေ့ပါ။    ထိုနေ့ကဂုဏ်ပြုပွဲတွင်   ကျွန်တော်နှင့်စားပွဲတစ်ဝိုင်းတည်း   အတူထိုင်ခဲ့ကြသူများမှာ   ရုပ်ရှင်ဒါရိုက်တာနှင့် တေးဂီတပညာရှင်  ဦးချင်းစိန်(ရွှေကလောင်)၊ ရုပ်ရှင်သရုပ်ဆောင်   ဦးကျောက်လုံး(မြင်းခြံ)၊  အငြိမ်းစား(ထောင်မှူး  ဦးအောင်ကြီး)၊ပြန်ကြားရေးဌာန မော်ကွန်းရုပ်ရှင်မှ    ကင်မရာဖြင့် မော်ကွန်းတင်နေသည့်   ဦးတင်အောင်တို့    ပါဝင်သည်

ကိုသတိရလျက်ပါ။   ထိုနေ့က  ထိုဓာတ်ပုံ၊ ရရှိသော သန်းခေါင်စာရင်း   ရင်ထိုး၊စားပွဲတင်အမှတ်တရ တံဆိပ်နှင့်ဂုဏ်ပြုလက်မှတ်များ   နေပြည်တော် အမျိုးသားစာကြည့်တိုက်ရှိ တက္ကသိုလ်မြတ်သူစာစုခန်းတွင် တွေ့နိုင်ကြမည်ဖြစ်ပါကြောင်း။       ။)