ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသား ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ
နေပြည်တော် စက်တင်ဘာ ၂၅
၂၀၂၄ ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက် ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က အမှာစကားပြောကြားရာတွင် “အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်း ဖြစ်သည်”
ဆိုသည့် ဆောင်ပုဒ်အတိုင်း အားကစားစိတ်ဓာတ်သည် တိုင်းပြည်ချစ်စိတ်ကို ဖြစ်ပေါ်စေပြီး ထိုမှတစ်ဆင့် တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်လိုသည့် စိတ်ဓာတ် ပေါ်ပေါက်လာစေမည် ဖြစ်သည့်အတွက် အားကစားပွဲများကို ရာသီအလိုက် နိုင်ငံ တော်က ကျင်းပပေးနေခြင်းဖြစ်ကြောင်း ကျန်းမာပျော်ရွှင်ပြီး စည်းလုံးညီညွတ်မှု ရှိသည့် ဝန်ကြီးဌာနဖြစ်စေလိုကြောင်း ပြောကြားသည်။
ယနေ့ကျင်းပသည့် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် အားကစားဝါသနာရှင်များ တစ်ခဲနက် လာရောက်အားပေးမှုနှင့်အတူ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် တတိယလုပွဲ ပွဲစဉ်တွင် သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းအသင်းက မီဒီယာဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့် ယှဉ်ပြိုင် အနိုင်ရရှိသည်။
ဆက်လက်၍ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ကို အကြိတ် အနယ် ယှဉ်ပြိုင်ကစားကြရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအသင်းက ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အသင်းကို သုံးပွဲပြတ်ဖြင့် ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ ဌာနဆိုင်ရာ အကြီးအကဲများက နှစ်သိမ့်ဆုရရှိသည့် ပြည်ထောင်စုဝန်ကြီးရုံး အသင်းနှင့်ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အသင်းတို့အား လည်းကောင်း၊ စတုတ္ထဆုရရှိသည့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအသင်း အား လည်းကောင်း ငွေသားဆုများ ပေးအပ် ချီးမြှင့်သည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က တတိယဆုရရှိသည့် သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းအသင်းအား ဆုပေးအပ်ချီးမြှင့်ပြီး ဒုတိယဝန်ကြီး ဦးရဲတင့်က ဒုတိယဆုရရှိသည့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနအသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုနှင့် ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပထမဆုရရှိသည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုနှင့် ပြည်ထောင်စုဝန်ကြီးဖလားကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က ၂၀၂၄ ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမားဆု ရရှိသည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အသင်းမှ မောင်ပေါစံအား ဆုပေးအပ်ချီးမြှင့်ပြီး ပြိုင်ပွဲတွင် ပါဝင်ကူညီဆောင်ရွက်ပေးသော အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဒိုင်အဖွဲ့အား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ကာ ဆုရရှိသည့်ပြိုင်ပွဲဝင် အားကစား သမားများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။
အဆိုပါ ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲကို စက်တင်ဘာလ၂၃ ရက် မှ ၂၅ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ ပြန်ကြားရေးဝန်ကြီး ဌာန ဝန်ကြီးရုံးနှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်းတို့မှ ပြိုင်ပွဲဝင် အသင်း ခြောက်သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။