၂၀၂၅ ကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မက်ဆီ၏ အင်တာမိုင်ယာမီ အသင်း ဝင်ရောက်ကစားခွင့်ရရှိရန် နီးစပ်လျက်ရှိ
မိုင်ယာမီ စက်တင်ဘာ ၂၅
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ကြီးမှူးကျင်းပ မည့် ၂၀၂၅ ကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မက်ဆီ၏ အင်တာမိုင်ယာမီအသင်း ဝင်ရောက်ကစားခွင့်ရရှိရန် နီးစပ်လျက်ရှိကြောင်း သိရသည်။
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အစောပိုင်းနှစ်များက တိုက်ကြီးများအလိုက် အဆင့်မြင့်ဆုံးပြိုင်ပွဲများ၌ ချန်ပီယံဆုရရှိသည့် အသင်းများဖြင့်သာ ကျင်းပ လေ့ရှိသော်လည်း ၂၀၂၅ ပြိုင်ပွဲမှစတင်ပြီး ပုံစံပြောင်းလဲ ကျင်းပမည်ဖြစ်ကာ ပြိုင်ပွဲဝင်အသင်း အရေအတွက် တိုးမြှင့်ပြီး ပြိုင်ပွဲဝင်အသင်း ၃၂ သင်းဖြင့် ကျင်းပမည် ဖြစ်သည်။
လက်ရှိတွင် ပြိုင်ပွဲဝင်အသင်း ၃၂ သင်းမှ အသင်း ၃၀ မှာ ပေါ်ထွက်လာပြီဖြစ်သော်လည်း လက်ကျန် နှစ်နေရာအတွက် ကိုပါလီဘာတေးဒိုးစ်ပြိုင်ပွဲ ချန်ပီယံ အသင်းနှင့် အိမ်ရှင်အမေရိကန်နိုင်ငံ ကိုယ်စားပြု ကလပ်အသင်းတစ်သင်းသာ ကျန်ရှိတော့ခြင်းဖြစ်သည်။
အိမ်ရှင်အဖြစ်လက်ခံ ကျင်းပမည့် အမေရိကန်နိုင်ငံ ကိုယ်စားပြုအသင်း တစ်သင်းအတွက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်က မေဂျာလိဂ်ကလပ် အသင်းများမှ တစ်သင်း ကို ဖိတ်ကြားရမည်ဖြစ်ပြီး လက်ရှိတွင် မေဂျာလိဂ် ပြိုင်ပွဲမှ ဥရောပထိပ်တန်း ကစားသမား မက်ဆီနှင့်အတူ ဆွာရက်ဇ်၊ ဘက်စ်ကွက်နှင့် အယ်လ်ဘာတို့ရှိနေသည့် အင်တာမိုင်ယာမီအသင်းက တခြားအသင်းများထက် အသင်းပုံရိပ် မြင့်တက်နေသည့်အတွက် အင်တာမိုင်ယာ မီအသင်းကိုသာ ဖိတ်ခေါ်ဖွယ်ရှိကြောင်း သိရသည်။