အားကစားနှင့် အမျိုးသားရေး တာဝန်

 

အားကစားနှင့် အမျိုးသားရေး တာဝန်

 

    နေပြည်တော် ဇေယျာသီရိ အားကစားကွင်းကြီး၌ စက်တင်ဘာလ ၂၅ ရက် ညနေပိုင်းတွင် “၂၀၂၄ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ’’ဖွင့်ပွဲအခမ်းအနား ကျင်းပမှုအား ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသခြင်းကို ကြည့်ရှုလိုက်ရသည်။ ထိုသို့ကြည့်ရှုလိုက်ရသောကြောင့် ယခင်ရက်ပိုင်းကာလက  ပုဗ္ဗသီရိမြို့ပတ်လမ်း တစ်လျှောက် မြင်တွေ့ခဲ့ရသော သံဝေဂရဖွယ်၊  စိတ်ထိခိုက်ဖွယ် ရေဘေးသင့်မြင်ကွင်းများကို   မြင်၍  စိတ်မချမ်းမသာဖြစ်ခဲ့ရသော စာရေးသူအနေဖြင့်  အဆိုပါ အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကိုကြည့်ရှုလိုက်ရသောအခါ စိတ်ထဲအေးမြခြင်းနှင့် အတူ သက်သာသလို ခံစားမိသည်။            

တိုင်ဖွန်းမုန်တိုင်းရာဂိ၏ အရှိန်ကြောင့် စက်တင်ဘာလ  ၁၀ ရက်မှစတင်ကာ မြန်မာနိုင်ငံအတွင်း နေရာအနှံ့အပြား မိုးအဆက်မပြတ်ရွာသွန်းခဲ့ကာ နေပြည်တော်ကောင်စီအတွင်းရှိ  နယ်မြေများအပါအဝင်  အချို့သော တိုင်းဒေသကြီးများတွင် ပြည်သူများ ရေဘေးဒဏ်သင့်ခဲ့ရသည်။ စာရေးသူတို့မျက်စိရှေ့တွင်ပင်  သိုက်ချောင်းတံတား(ဆင်သေချောင်းကူး)  ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ လွန်ခဲ့သော ၁၀ ရက်ခန့်က  စိမ်းစိုဝေဆာနေသော မြို့ပတ်လမ်းဘေးမှ လယ်ကွင်းများသည် သဘာဝဘေး၏ ခေါ်ဆောင်ရာနောက် မလွှဲမရှောင်သာ ဝပ်ဆင်းခဲ့ရသည်။ လမ်းတံတားများလည်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အတူ တာဝန်ရှိသူများ၏ အချိန်နှင့်တစ်ပြေးညီ  နေ့ညမနား ကြိုးစားဆောင်ရွက်မှုကြောင့်  ယာယီ ဘေလီတံတားများကို အမြန်ဆုံး အစားထိုး တည်ဆောက်နိုင်ခဲ့ကာ   လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုဒဏ်ကို ရေရှည်မခံစားခဲ့ရခြင်းဖြစ်သည်။ ထိုကာလအတွင်း တပ်မတော်သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်ဝန်ထမ်းများနှင့်   တာဝန်သိ လုပ်သားပြည်သူများ၊ ပရဟိတသမားများက ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးလုပ်ငန်းများအပြင်  ရေလွှမ်းမိုးခဲ့သည့် နေရာများအား  သန့်ရှင်းရေးလုပ်ငန်းများကို နေပူမရှောင် မိုးရွာမရှောင် ဆောင်ရွက်ခဲ့ကြသည်။ စေတနာရှင် အလှူရှင်များကလည်း ရေဘေးကယ်ဆယ်ရေး စခန်းများတွင် လည်းကောင်း၊ ကျေးရွာများအထိ သွားရောက်၍ လည်းကောင်း မြန်မာတို့၏ စေတနာသဒ္ဓါတရားကို ပြသခဲ့ကြသည်။  သိုက်ချောင်းတံတား မရောက်မီ ရေလွှမ်းခဲ့သော လမ်းဘေးရှုခင်းများနှင့် ယင်းတို့မှထွက်ပေါ်နေဆဲဖြစ်သော ရွှံ့နုန်းမြေအနံ့များသည်  ယခင်ခံစားနေကျ လယ်ကွင်းရနံ့များနှင့် ဆန့်ကျင်ဘက်ဖြစ်လို့ နေပါ၏။  ထိုအနံ့များကို မသိကျိုးကျွန်ပြုကာ သန့်ရှင်းရေးလုပ်ငန်းများ၊    တံတားတည်ဆောက်ရေး လုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်နေကြသည့် တပ်မတော်သားများ၏ ပုံရိပ်များနှင့် အားကစားကဏ္ဍဖြင့် နိုင်ငံတော်၏ အမျိုးသားရေး တာဝန်ကို တစ်ဖက်တစ်လမ်းမှ ကျေပွန်စွာ ထမ်းဆောင်ကြမည့်  တပ်မတော်သားတို့၏ ပုံရိပ်များက  စာရေးသူ၏မျက်ဝန်းထဲ ထင်ထင်ရှားရှား ပေါ်လာခဲ့ရပြန်သည်။

နိုင်ငံတော် ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်သုံးခုသည် တပ်မတော်၏ အဓိကလုပ်ငန်း တာဝန်ကြီးများပင်ဖြစ်ပေသည်။ ပြည်တွင်းပြည်ပ အဖျက်သမားများ၏ တိုင်းရင်းသားပြည်သူများအား နှိပ်စက်ညှဉ်းပန်းမှုနှင့် အချုပ်အခြာအာဏာ ထိပါးလာမှုအပေါ် ကာကွယ်ခြင်းသည် နိုင်ငံတော်ကာကွယ်ရေး တာဝန်ဖြစ်ပြီး ထိုကာကွယ်ရေးတာဝန် ဆောင်ရွက်နိုင်ရန် လေ့ကျင့်သား ပြည့်ဝစေရန်အတွက်လည်း တစ်ချိန်တည်းမှာပဲ လေ့ကျင့်မှုများကို   ဆောင်ရွက်ရပြန်ပါသည်။ 

ပြည်တွင်းပြည်ပ အဖျက်သမားများ၏ ရန်ကို  နှိမ်နင်းရင်း၊  လေ့ကျင့်ရေးများ မပြတ်ဆောင်ရွက်ရင်း တစ်ဖက်မှာလည်း  ပြည်သူ့အကျိုးပြု လုပ်ငန်းများကို နေ့နေ့ညည  ဆောင်ရွက်ပေးလျက် ရှိနေပါသည်။ အနီးစပ်ဆုံးအထက်တွင် တင်ပြခဲ့သည့် ရေဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်လျက် ရှိသည့်ပုံရိပ်လွှာများက အထင်အရှား သက်သေတို့ပင်ဖြစ်ပါ၏။ 

ထိုများပြားလှသည့် တာဝန်များကြားမှပင်  အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်သော အားကစားပြိုင်ပွဲများကိုလည်း မပျက်မကွက်ကျင်းပကာ နိုင်ငံတော်အတွက်  ရွက်ပုန်းသီး အားကစားသမားများကို  ရှာဖွေဖော်ထုတ်ပေးလျက် ရှိပါသည်။

ပြည်သူကြားကပေါက်ဖွားလာသော ပြည်သူ့တပ်မတော်သားများ ပီပီ လူတန်းစားစုံသကဲ့သို့ အတတ်ပညာများကလည်း စုံလင်လှသည်။ မိမိတို့တွင် ပါလာခဲ့သော အားကစားပါရမီ၊ အနုပညာပါရမီတို့သည် တပ်မတော်တွင် စနစ်တကျ ထပ်မံလေ့လာ ဆည်းပူးမှုဖြင့်  ပိုမို၍အရောင်အသွေး တောက်ပသူများအဖြစ် ရပ်တည်နိုင်ခဲ့ကြသည်။  အနုပညာရှင်များ၊ အားကစားသမားကောင်းများသာမက ပြည်သူက အားကိုးရသော တပ်မတော်သား ဆရာဝန်များ၊   အင်ဂျင်နီယာပညာရှင်များကို မြင်တွေ့ရသည်မှာ တပ်မတော်အတွက် သာမက နိုင်ငံတော်အတွက်ပင် ဂုဏ်ယူဖွယ်ကောင်းလှပါသည်။  “အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် နေခြင်းဖြစ်ပါသည်”ဟူသည့်အတိုင်း  နိုင်ငံတော်၏ အားကစားကဏ္ဍ    မြင့်မားစေရေးကို အထောက်အကူပြုနိုင်ရန် တပ်မတော်အတွင်း တပ်ရင်းအဆင့် ပြိုင်ပွဲများမှသည် တပ်နယ်၊ တပ်မ၊ တိုင်းစစ်ဌာနချုပ်ပြိုင်ပွဲ အသီးသီးကို   ကျင်းပပြီး ထိုပြိုင်ပွဲများမှ လက်ရွေးစင်များကို စုဖွဲ့ကာ တပ်မတော်(ကြည်း၊ ရေ၊ လေ)ပြိုင်ပွဲကြီးဆီ   ဝင်ရောက်ယှဉ်ပြိုင် စေခဲ့ကြသည်။  ထိုသို့ကျင်းပရခြင်းမှာ တပ်မတော်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်နှင့် မကြာခင်ကျင်းပမည့် အမျိုးသား အားကစားပွဲတော်တွင်    ဝင်ရောက်ယှဉ်ပြိုင် ကစားနိုင်ရေး ထူးချွန်သည့် လက်ရွေးစင်တပ်မတော်သား အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ကျင်းပခြင်း ဖြစ်သည်။

တပ်မတော်   (ကြည်း၊  ရေ၊  လေ) အားကစားပြိုင်ပွဲတွင် ထည့်သွင်းယှဉ်ပြိုင်သော သေနတ်ပစ်၊ မြန်မာ့သိုင်း၊ ကရာတေး၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ လက်ဝှေ့ကစားနည်းတို့သည်  ကာကွယ်ရေး အထောက်အကူပြု အားကစား နည်းများပင်ဖြစ်ပေသည်။ မည်သည့်အားကစားနည်းမဆို အတွေးအခေါ် ရင့်သန်မှုကိုရရှိစေကာ ကိုယ်ကာယကြံ့ခိုင်မှု အကျိုးအမြတ်ကိုလည်း ရရှိစေသည်ဖြစ်၏။ အားကစားနည်းတိုင်းတွင် ဉာဏစွမ်းရည်ကို    ရှေ့တန်းတင်ရပြီး ကိုယ်ခန္ဓာကြံ့ခိုင်မှု၊  စိတ်ဓာတ်ခိုင်မာမှုတို့က ပံ့ပိုးပေးရလေ့ရှိသည်။ အစုအဖွဲ့နှင့် ယှဉ်ပြိုင်ရသော  အားကစားနည်းတိုင်းသည် တစ်ဦးကောင်းဖြင့်မရဘဲ စည်းလုံးညီညွတ်မှု၊ တစ်ကိုယ်ကောင်းစိတ်မရှိမှု၊  သက်လုံကောင်းမွန်မှုတို့က စကားပြောလာသည်။ မိမိထက် အင်အားကြီးသော အသင်း၊   ပြိုင်ဘက်ပင်ဖြစ်လင့်ကစား ကွင်းအတွင်း ပြိုင်ဘက်ကို   လေ့လာသုံးသပ် နည်းစနစ်မှန်ကန်စွာ ဉာဏ်ပညာသက်လုံပေါင်းလျက် ယှဉ်ပြိုင်နိုင်သူက အောင်ပွဲဆင်လေ့ရှိကြောင်း    ကမ္ဘာ့သမိုင်း အားကစားမှတ်တမ်းများက အထင်အရှား သက်သေပြလျက်ရှိနေပါသည်။  ထိုနည်းလမ်းဖြင့်  မည်သူမျှ  ထင်မှတ်မထားသော အောင်မြင်မှုကို ၁၉၉၂ ခုနှစ်တွင် ဒိန်းမတ်အသင်း၊ ၂၀၀၄ ခုနှစ်တွင် ဂရိအသင်း၊  ၂၀၀၇ ခုနှစ်တွင်  အီရတ်အသင်း၊   ၂၀၁၁  ခုနှစ်တွင်  ဂျပန်အမျိုးသမီး  ဘောလုံးအသင်းတို့က အသီးသီးအောင်ပွဲ ယူပြနိုင်ခဲ့ကြသည်။ စစ်တို့၏သဘောသည်  အင်အားအနည်းအများ ပဓာနမကျသကဲ့သို့ အားကစားသည်လည်း နာမည်ကြီး အားကစားသမားများ စုဖွဲ့ထားခြင်း    မစုဖွဲ့ထားခြင်းတို့က အရေးအကြီးဆုံးမဟုတ်ဘဲ  လက်တွေ့ယှဉ်ပြိုင်နိုင်မှု စွမ်းရည်တို့ကသာ အခရာကျပါသည်။

သို့သော်    အောင်ပွဲဆွတ်ခူးနိုင်ရန် အတွက်မူ လေ့ကျင့်သားပြည့်ဝရပါမည်။ ကျွမ်းကျင်မှုရှိရပါမည်။ နည်းစနစ်ကျရပါမည်။ ကြံ့ခိုင်သန်စွမ်းမှုနှင့်အတူ စိတ်ဓာတ်စည်းကမ်းပါ ကောင်းရပါဦးမည်။ ထိုအရာများမရှိပါဘဲ အောင်မြင်မှု အလွယ်တကူ မရနိုင်ပါချေ။

မြန်မာ့အားကစား   အောင်မြင်မှု မှတ်တမ်းများကို လေ့လာကြည့်ရာတွင်  တပ်မတော်သား အားကစားသမားများ၏ မှတ်တမ်းကောင်းများကို  ဂုဏ်ယူဖွယ် တွေ့ရှိရပေမည်။ တစ်ခါဆီက ကျွန်းဆွယ်ပြိုင်ပွဲများနှင့် အာရှ အိုလံပစ် ပြိုင်ပွဲများတွင် တပ်မတော်ဂုဏ်နှင့် နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်ပေးခဲ့ကြသော  အားကစားနည်း အမျိုးမျိုးမှ  အားကစားသမားများစွာ  ပေါ်ထွက်ခဲ့ကြသည်။  ယနေ့ထက်တိုင်လည်း ဒေသတွင်းနှင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင်  အောင်ပွဲ ဆွတ်ခူးပေးနေကြသော တပ်မတော်သား အားကစားသမားများကို    တွေ့မြင်နေရသည့်အတွက် စာရေးသူအနေဖြင့် ဝမ်းသာပီတိဖြစ်မိသည်။   ထိုအစဉ်အလာကောင်းများ မပျောက်ပျက်သွားစေရေးနှင့် နိုင်ငံတော် ကာကွယ်ရေး အတွက် အသင့်ဖြစ်နေစေရန် ယခုကဲ့သို့ အားကစားပြိုင်ပွဲကြီးကို ကျင်းပပေးနေခြင်းဖြစ်သည်ဟု စာရေးသူ ယုံကြည်မိပါသည်။ ထိုသို့ကျင်းပပေးခြင်းအားဖြင့်  မျိုးဆက်သစ်အားကစား ဝါသနာရှင်များအတွက်လည်း  အခွင့်အလမ်းကောင်းများကို  ရရှိစေမည်ဖြစ်ပေသည်။

ယနေ့အချိန်တွင် နိုင်ငံတော်အနေဖြင့်လည်း “တစ်မျိုးသားလုံး  သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက်    ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့်   အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ရေး”ဟူသည့်  အချက်အား ဦးတည်ချက်(၉)ရပ်တွင်   ထည့်သွင်းပြဋ္ဌာန်းထားပြီး   ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ရမည့်   လုပ်ငန်းများကို အကောင်အထည်ဖော်လျက် ရှိနေသည်ကို တွေ့ရှိရပါသည်။ အားကစားအောင်မြင်မှုသည် ဒြပ်မဲ့နည်းလမ်းဖြင့် နိုင်ငံတစ်နိုင်ငံ၏ စည်းလုံးကြံ့ခိုင်မှုကို ဖော်ညွှန်းနေသော အရာတစ်ခုပင်ဖြစ်၏။ အားကစားသည် ကွင်းအတွင်း ယှဉ်ပြိုင်နေကြသော ကစားသမားများနှင့်သာ တိုက်ရိုက်သက်ဆိုင်သည် မဟုတ်ဘဲ  ယင်းတို့နှင့်ဆက်နွှယ်နေသည့် တိုင်းရင်းသားပြည်သူများမှသည် နိုင်ငံတော်အထိ ကိုယ်စားပြုနေခြင်းဖြစ်သည်။ ထို့ကြောင့်ပဲ  အားကစားသမား တိုင်းသည်  မိမိတို့၏ ယှဉ်ပြိုင်ခြင်းမှာ အားကစားဆိုသည်ထက် အမျိုးသားရေးတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြခြင်းဖြစ်ကြောင်း ခံယူကာ   မဆုတ်မနစ် ကြိုးစားယှဉ်ပြိုင်ကြခြင်း ဖြစ်ပေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာလ ၂၅ ရက်နေ့ နေပြည်တော် ဇေယျာသီရိအားကစားကွင်း၌ ကျင်းပသော ၂၀၂၄ ခုနှစ် တပ်မတော်(ကြည်း၊ရေ၊ လေ)အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြားစဉ်“တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲတွင် မိမိတို့တိုင်းစစ်ဌာနချုပ်၏ ဂုဏ်ကိုဆောင်နိုင်သူ အားကစားသမား ဖြစ်ရမည်ဟူသည့်  ရည်မှန်းချက်ထား ယှဉ်ပြိုင်သွားကြရန်၊ ရှိပြီးဖြစ်သည့် ကာယ၊ ဉာဏစွမ်းအားများကို  ရေကုန်ရေခန်းထုတ်ဖော်ပြသပြီး တပ်မတော်ဂုဏ်ဆောင် အဆင့်မှ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အဆင့်ထိရောက်အောင် ကြိုးပမ်းသွားကြရန်၊ ကာကွယ်ရေးတာဝန် ကျေပွန်သည့်တပ်မတော်သားကောင်း အဖြစ်သာမက တပ်မတော်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားကောင်းများ ဖြစ်အောင် မလျော့သောဇွဲ၊    လုံ့လ၊   အားမာန်၊ စိတ်ဓာတ်တို့ဖြင့် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း”ထည့်သွင်းပြောကြားခဲ့သည်။

တပ်မတော်သား   အားကစားသမားတို့သည်လည်း တပ်မတော်၏ စိတ်ဓာတ်များဖြစ်သည့် လှေခွက်ချည်းကျန် အလံမလှဲသည့်စိတ်ဓာတ်၊  တုံးတိုက်တိုက် ကျားကိုက်ကိုက်စိတ်ဓာတ်၊ တပ်မတော်၏ အစဉ်အလာကို အသက်ပေး စောင့်ထိန်းလိုသည့် စိတ်ဓာတ်များဖြင့် ယခုဆိုလျှင် မိမိတို့ပါဝင်  ယှဉ်ပြိုင်ကြမည့် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲကြီးအတွက် အသင့်ရှိနေကြပြီဟု ယုံကြည်မိပါသည်။  စာလုံး  သုံးလုံးတည်းသာရှိသော်ငြား များစွာလေးနက်မှုရှိသည့် “အားကစား”ဟူသော ဝေါဟာရ၏နောက်ကွယ်တွင်  မမြင်ရနိုင်သော   စွမ်းအားများရှိနေပါသည်။  ထိုစွမ်းအားများသည်  တိုင်းပြည် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်  များစွာ အထောက်အကူပြုလျက်ရှိနေပါသည်။ ယင်းစွမ်းအားများ စဉ်ဆက်မပြတ် ပေါ်ထွန်းနိုင်ရေးအတွက် တပ်မတော်သည် အဓိက လုပ်ငန်းတာဝန်ကြီးသုံးခုအပြင်  အမျိုးသားရေးတာဝန်ဖြစ်သော အားကစားကဏ္ဍကိုလည်း ဟန်ချက်ညီညီ အကောင်အထည် ဖော်လျက်ရှိနေပါသည်။ ဆိုရပါလျှင် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲကြီးသည် တပ်မတော်သားတို့သာ   ဝင်ရောက်ယှဉ်ပြိုင်ရသည့်  အားကစားပွဲကြီးဖြစ်သည်မှာ မှန်သော်ငြား အားကစားသည် နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သည့်  အမျိုးသားရေး တာဝန်တစ်ရပ်ပင်     ဖြစ်ပါကြောင်း ရေးသား တင်ပြအပ်ပါသည်ခင်ဗျာ။  ။