သွေးချိုဆီးချိုရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ

 

သွေးချိုဆီးချိုရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ  

 

    သွေးချိုဆီးချိုရောဂါဖြစ်ပွားမှုသည် ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံး ကြီးထွားလာသည့်  မကူးစက်နိုင်သောရောဂါ တစ်မျိုးဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ ဆီးချိုရောဂါအဖွဲ့ချုပ်၏ အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေ၏ ၁၀ ဒသမ ၅ ရာခိုင်နှုန်းခန့်သည် သွေးချိုဆီးချိုရောဂါ ခံစားနေကြရကြောင်း ခန့်မှန်းထားသည်။ သို့သော် ရောဂါရှိသူအားလုံး၏   ထက်ဝက်နီးပါးခန့်သည်  သွေးချိုဆီးချိုရောဂါ ရှိကြောင်း သတိမပြုမိကြဘဲ အာဖရိက၊ အနောက်ပစိဖိတ်နှင့် အရှေ့တောင်အာရှဒေသများရှိ ဝင်ငွေနည်းနိုင်ငံများနှင့် ဝင်ငွေအလယ် အလတ်ရှိသောနိုင်ငံများတွင်    အဖြစ်အများဆုံးဖြစ်ကြောင်း   တွေ့ရှိရသည်။

သွေးချိုဆီးချိုရောဂါသည် အချိန်ကြာလာသည်နှင့်အမျှ နာတာရှည်နောက်ဆက်တွဲ ရောဂါများဖြစ်ပွားနိုင်သည်။  သွေးချိုဆီးချိုရောဂါရှိသူ သုံးဦးလျှင် နှစ်ဦးသည်  နောက်ဆက်တွဲပြဿနာများ ရှိနှင့်ပြီးဖြစ်ကြောင်း တွေ့ရှိရသည်။

သွေးချိုဆီးချိုရောဂါ၏ အဓိက နောက်ဆက်တွဲပြဿနာများမှာ မျက်စိထိခိုက်ခြင်း၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ကျောက်ကပ်ရောဂါ၊ အာရုံကြောထိခိုက်ပျက်စီးခြင်း၊အစာမကြေဖြစ်ခြင်း၊ ခြေထောက်ပြဿနာများ၊  အရေပြားပြဿနာများ၊ ပိုးဝင်လွယ်ခြင်း၊ သွားဖုံးရောဂါနှင့် အခြားခံတွင်းပြဿနာများ၊ သွေးချိုဆီးချိုရောဂါနှင့်  ဆက်စပ်သောကင်ဆာများနှင့် အရွယ်မတိုင်မီ သေဆုံးခြင်းတို့ဖြစ်ပါသည်။   သွေးချိုဆီးချိုရောဂါရှိသူများတွင် အသက်အန္တရာယ်ရှိသော အရေးပေါ်အခြေအနေများ ဖြစ်သည့် သွေးတွင်းသကြားဓာတ် နည်းလွန်းခြင်း၊ သွေးတွင်းသကြားဓာတ်များ လွန်းခြင်းကြောင့် ပြင်းထန်သော ရေဓာတ်ခန်းခြောက်ခြင်းနှင့် သွေးချိုအဆိပ်တက်ခြင်းတို့ ဖြစ်တတ်ပါသည်။   ထိုအရေးပေါ် အခြေအနေများသည် အချိန်မရွေးဖြစ်နိုင်ပြီး နာတာရှည် နောက်ဆက်တွဲပြဿနာများကို ခံစားရ နိုင်ပါသည်။

မျက်စိပြဿနာများ

    သွေးချိုဆီးချိုရောဂါသည်   အမြင်အာရုံကို  ထိခိုက်စေနိုင်သဖြင့် မျက်စိအထူးကု ဆရာဝန်နှင့် ပုံမှန်ပြသစမ်းသပ်ခြင်းဖြင့်   မျက်ကြည်လွှာပျက်စီးမှု၊ အတွင်းတိမ်နှင့် ရေတိမ်တို့၏ လက္ခဏာများကို  စစ်ဆေးကုသနိုင်ပြီး အမြင်အာရုံ ဆုံးရှုံးမှုကို ကာကွယ်နိုင်ပါသည်။

ခြေထောက်ပြဿနာများ

     သွေးချိုဆီးချိုရောဂါရှိသူများတွင် ခြေထောက်ပြဿနာသည် ပြင်းထန်ပြီး မကုသပါက ဖြတ်တောက်ခံရနိုင်သည်။ အာရုံကြောပျက်စီးမှုသည် ခြေထောက်ရှိ ခံစားချက်ကို ထိခိုက်စေနိုင်ပြီး သွေးတွင်းသကြားဓာတ် များလာခြင်းသည်   သွေးလည်ပတ်မှုကို     ထိခိုက်စေနိုင်သဖြင့် အနာကျက်နှေးစေသည်။ ခြေထောက်တွင် ခံစားမှုတစ်ခုခုကို သတိပြုမိပါက ဆရာဝန်နှင့်ပြသရန် အရေးကြီးပါသည်။

နှလုံးရောဂါနှင့် လေဖြတ်ခြင်း

    သွေးချိုဆီးချိုရောဂါရှိသူများတွင် အချိန်အတိုင်းအတာ တစ်ခုအထိ  သွေးတွင်းသကြားဓာတ် များနေခြင်းသည် သွေးကြောများကို ပျက်စီးစေနိုင်ပြီး တစ်ခါတစ်ရံတွင် နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ကို ဖြစ်စေနိုင်သည်။

ကျောက်ကပ်ပြဿနာများ

    သွေးချိုဆီးချိုရောဂါသည်  အချိန်ကြာလာသည်နှင့်အမျှ သွေးတွင်းသကြား ဓာတ်မြင့်မားခြင်းနှင့်    သွေးတိုးခြင်းတို့ကြောင့် ကျောက်ကပ်ကို ပျက်စီးစေနိုင်ပြီး ခန္ဓာကိုယ်မှပိုလျှံသော    အရည်များနှင့် အညစ်အကြေးများကို     စွန့်ထုတ်မှုလျော့နည်းစေသည်။

အာရုံကြောပျက်စီးခြင်း

    သွေးတွင်းသကြားဓာတ်ပမာဏ မြင့်မားခြင်း၏ နောက်ဆက်တွဲပြဿနာများကြောင့် သွေးချိုဆီးချိုရောဂါရှိသူ အချို့တွင်   အာရုံကြောများ ပျက်စီးသဖြင့် ဦးနှောက်နှင့်   ခန္ဓာကိုယ်အစိတ်အပိုင်းများကြားတွင် မက်ဆေ့ခ်ျများကို သယ်ဆောင်ရန် ပိုမိုခက်ခဲစေကာ မြင်မှု၊ ကြားမှု၊ ခံစားရမှုနှင့် လှုပ်ရှားမှုတို့ကို ထိခိုက်စေနိုင်သည်။

 သွားဖုံးရောဂါနှင့် အခြားခံတွင်းပြဿနာများ

    သွေးတွင်းသကြားဓာတ် များလွန်းခြင်းကြောင့် တံတွေးထဲတွင်  သကြားဓာတ်များလာသဖြင့် သွားကြွေလွှာကို ထိခိုက်ပြီး သွားဖုံးများကို ပျက်စီးစေသည့် အက်စစ်များကို ထုတ်ပေးသည့် ဗက်တီးရီးယားများကို သယ်ဆောင်လာပါသည်။ သွားဖုံးရှိ သွေးကြောများကိုလည်း ပျက်စီးစေပြီး  သွားဖုံးကို     ကူးစက်နိုင်ခြေပိုများစေပါသည်။ ဖလိုရိုက်ပါသော သွားတိုက်ဆေးဖြင့် တစ်နေ့လျှင် အနည်းဆုံး  နှစ်ကြိမ်   သွားတိုက်ပါ၊  တစ်နှစ်လျှင်  အနည်းဆုံး  နှစ်ကြိမ်  သွားဆရာဝန်နှင့် စစ်ဆေးပါ။ သွားဖုံးများ   သွေးထွက်ခြင်း၊   နီခြင်း၊ ရောင်ရမ်းခြင်းဖြစ်ပါက သွားဆရာဝန်နှင့်ချက်ချင်းပြပါ။

သွေးချိုဆီးချိုရောဂါနှင့် ဆက်စပ်သောကင်ဆာများ

     သွေးချိုဆီးချိုရောဂါနှင့် ဆက်စပ်သော အဖြစ်အများဆုံး  ကင်ဆာရောဂါများမှာ ပန်ကရိယ၊ အသည်း၊ ရင်သား၊ သားအိမ် နှင့်အူမကြီးကင်ဆာတို့ဖြစ်သည်။ ကင်ဆာနှင့် သွေးချိုဆီးချိုရောဂါ ဆက်စပ်မှုသည် မျိုးဗီဇဆိုင်ရာ အချက်များ၊   ဂလူးကို့စ် မြင့်မားခြင်း၊ ဟော်မုန်းများမညီမျှခြင်း၊ အဝလွန်ခြင်း၊ နာတာရှည်ရောင်ရမ်းခြင်းနှင့် ဓာတ်တိုးဖိစီးမှုတို့ ပါဝင်သည်။ တချို့သောကင်ဆာနှင့် ကင်ဆာကုထုံးများသည် သွေးချိုဆီးချိုဖြစ်နိုင်ခြေ တိုးလာခြင်းနှင့် ဆက်စပ်နေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရန် ပိုမိုခက်ခဲစေသည်။ ထို့ကြောင့် သွေးချိုဆီးချိုဝေဒနာရှင်များတွင် ကင်ဆာစစ်ဆေးမှုကို  ပြုလုပ်သင့်ပြီး   ကင်ဆာဝေဒနာရှင်များတွင် သွေးချိုဆီးချိုရောဂါအတွက် ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်ပါသည်။

သွေးချိုဆီးချိုရောဂါနှင့်နောက်ဆက်တွဲပြဿနာများဖြစ်စေသောအကြောင်းရင်းများ

     သွေးထဲတွင်   သကြားဓာတ်ပမာဏ အချိန်ကြာမြင့်စွာမြင့်မားခြင်းသည် သွေးကြောများကို  ဆိုးရွားစွာ ပျက်စီးစေနိုင်သည်။  သွေးကြောများ  ကောင်းမွန်စွာ အလုပ်မလုပ်ပါက    ခန္ဓာကိုယ်   အစိတ်အပိုင်းများသို့  လိုအပ်သော   သွေးများ မရောက်ရှိနိုင်ပါ။ အာရုံကြောများ ကောင်းမွန်စွာ  အလုပ်မလုပ်သဖြင့်  ခန္ဓာကိုယ်အစိတ်အပိုင်းများတွင်    ခံစားမှုဆုံးရှုံးသွားသည်။ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုရှိ  သွေးကြောများနှင့် အာရုံကြောများ ပျက်စီးသွားသောအခါ ခန္ဓာကိုယ်ရှိ   အခြားအစိတ်အပိုင်းများတွင်လည်း  အလားတူပြဿနာများ ရှိလာနိုင်ပါသည်။ ထို့ကြောင့် ခြေထောက်ကြွက်သားများ ပျက်စီးနေလျှင်    ပြင်းထန်သောနှလုံးပြဿနာများ ဖြစ်လာနိုင်ပါသည်။

သွေးချိုဆီးချို  ဝေဒနာရှင်များတွင် HbA1c  စစ်ခြင်းဖြင့်  လွန်ခဲ့သောသုံးလ အတွင်း၏ ပျမ်းမျှသွေးတွင်းသကြားဓာတ်ပမာဏကို တိုင်းတာနိုင်သည်။ HbA1c မြင့်မားခြင်းသည် သွေးထဲတွင် သကြားဓာတ်များလွန်းသည်ဟု ဆိုလိုပါသည်။  HbA1c   အဆင့်မြင့်မားလေ နောက်ဆက်တွဲပြဿနာများဖြစ်ပေါ်လာနိုင်ခြေ ပိုများလေဖြစ်ပါသည်။ အနည်းငယ်မြင့်မားသော HbA1c သည်ပင် သွေးချိုဆီးချိုရောဂါ၏ နောက်ဆက်တွဲရောဂါ အန္တရာယ်များကိုတိုးမြင့်စေသည်။သွေးတွင်းသကြားဓာတ်အပြင် သွေးတိုးခြင်း၊  ဆေးလိပ်သောက်ခြင်းနှင့် သွေးတွင်းအဆီများခြင်းတို့သည်  သွေးကြောများကို ပျက်စီးစေပြီး နောက်ဆက်တွဲအန္တရာယ်များကိုဖြစ်စေပါသည်။

နောက်ဆက်တွဲပြဿနာများကို ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများ

   သွေးချိုဆီးချိုရောဂါ၏ နောက်ဆက်တွဲရောဂါ အန္တရာယ်များသည်   ရှောင်လွှဲ၍ မရသော်လည်း သွေးတွင်းသကြားဓာတ်၊ သွေးပေါင်ချိန်နှင့် သွေးတွင်းအဆီများကို ပုံမှန်ဖြစ်စေရန် ကောင်းမွန်စွာ ထိန်းထားခြင်းဖြင့် ဖြစ်ပွားနိုင်ခြေကို ကာကွယ်ရန် သို့မဟုတ် လျှော့ချရန်နှင့်  နှောင့်နှေးစေရန်အထောက်အကူဖြစ်စေနိုင်ပါသည်။၁။ HbA1c ကို သတ်မှတ်ထားသော ပမာဏအတွင်း ထားရှိခြင်းသည်  နောက်ဆက်တွဲ အန္တရာယ်များကို  လျှော့ချရန်အရေးကြီးပါသည်။  သွေးတွင်းသကြားဓာတ်ကို နေ့စဉ်ပုံမှန်စစ်ဆေး စောင့်ကြည့်ပါ။ ဆေးဝါးများကို ညွှန်ကြားသည့်အတိုင်း မှန်မှန်သောက်ပါ။ သွေးတွင်းသကြားဓာတ် မြင့်တက်နေပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးပါ။ သတ်မှတ်ထားသည့် ကုသမှု ရည်မှန်းချက်များဖြစ်သော 

      (က) မနက်စောစောအစာမစားမီ သွေးတွင်းသကြားဓာတ်  ၈၀ - ၁၃၀ mg/dl။

      (ခ) အစာစားပြီး နှစ်နာရီအကြာ သွေးတွင်းသကြားဓာတ် ၈၀ - ၁၈၀ mg/dl။

      (ဂ) HbA1C ခေါ် သုံးလအတွင်း ပျမ်းမျှသကြားဓာတ် ၇ ရာခိုင်နှုန်းနှင့် အောက်သို့   ပြန်လည်ရောက်ရှိရန်  ကုသမှုကို ပြောင်းလဲရန် လိုအပ်နိုင်သည်။

၂။ ဆေးလိပ်သောက်ခြင်းသည် ခန္ဓာကိုယ်မှ နှလုံးနှင့်ခြေထောက်ကဲ့သို့သော နေရာများသို့ သွေးများစီးဆင်းရန် ခက်ခဲစေသဖြင့် ဆေးလိပ်ဖြတ်သင့်ပါသည်။

၃။ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို    ရွေးချယ်စားသောက်ခြင်းသည်     ကိုယ်အလေးချိန်ကျစေရန်၊  HbA1c ကိုလျှော့ချရန်၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး   သွေးတွင်းအဆီများကို လျှော့ချရန် အထောက်အကူပြုနိုင်သည်။ ကျန်းမာရေးနှင့် ညီညွတ်ရန် အဆီလျှော့၍ ဆားနည်းသော အစားအစာကို စားသုံးသင့်ပါသည်။

၄။  ကိုယ်လက်လှုပ်ရှားမှုကို  နေ့စဉ် မိနစ် ၃၀ ခန့် ပြုလုပ်ခြင်းဖြင့် ကျန်းမာသော ကိုယ်အလေးချိန်ကို   ထိန်းသိမ်းနိုင်ပြီး နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သဖြင့် တက်ကြွလှုပ်ရှားသော လူနေမှုဘဝပုံစံ တည်ဆောက်ပါ။  

၅။ အရက်အလွန်အကျွံ သောက်ခြင်းကိုရှောင်ပါ။ အရက်သည် နောက်ပိုင်းတွင် သွေးတွင်းသကြားဓာတ် ကျစေနိုင်သည်။ အထူးသဖြင့်  အင်ဆူလင်ထိုးသူများအတွက် သတိထားရန် လိုအပ်ပါသည်။

၆။ စိတ်ဖိစီးမှုလျှော့ချရန် တရားထိုင်ခြင်း၊  ယောဂပြုလုပ်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းများပြုလုပ်ခြင်း၊     တရားစာအုပ်များ ဖတ်ခြင်း၊   တရားနာခြင်း၊ တေးသီချင်းများ နားထောင်ခြင်း၊ သီဆိုခြင်းနှင့် ကခုန်ခြင်းတို့ဖြင့် နေ့စဉ်ဘဝတွင် ပျော်ရွှင်စေရန် လေ့ကျင့်ပါ။ ပျော်စရာရုပ်ရှင်နှင့် ဗီဒီယိုများကြည့်ခြင်း၊ ရယ်မောခြင်းတို့ဖြင့် စိတ်ဖိစီးမှုများကိုလျှော့ချပါ။

၇။ အရွယ်ရောက်ပြီးသူများ ညစဉ်ပုံမှန် အိပ်စက်ချိန် ၇ နာရီမှ ၉ နာရီအထိ ရှိရန်ဂရုပြုပါ။ နေ့စဉ် အချိန်မှန် အိပ်ရာဝင်ပါ။ အသက်ကြီးသူများ   နေ့ခင်းဘက်တွင် မိနစ် ၂၀ ခန့် တစ်ရေးတစ်မော အိပ်စက် အနားယူပါ။

၈။ တစ်နှစ်လျှင် သွေးချိုဆီးချိုရောဂါ စစ်ဆေးမှု နှစ်ကြိမ်မှ လေးကြိမ်အထိပြုလုပ်ပါ။   မျက်စိ၊  အာရုံကြော၊  နှလုံးရောဂါ၊  ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ   ရှိ၊ မရှိ  စစ်ဆေးပါ။ ဆရာဝန်ကို   တစ်နှစ်လျှင်   နှစ်ကြိမ်မှ လေးကြိမ် တွေ့ဆုံဆွေးနွေးပါ။ အင်ဆူလင်ထိုးခြင်း သို့မဟုတ် သွေးတွင်းသကြား ဓာတ်ပမာဏကို ထိန်းညှိရန် အကူအညီလိုအပ်ပါက  ဆရာဝန်ထံ  မကြာခဏ သွားရောက်ရန် လိုအပ်ပါသည်။

၉။ ကာကွယ်ဆေးများသည် သွေးချိုဆီးချိုရောဂါရှိသူများတွင်   တချို့သောရောဂါများမှ ကူးစက်နိုင်ခြေကို တားဆီးပေးနိုင်သည်။ နှစ်စဉ်တုပ်ကွေး ကာကွယ်ဆေးသည် တုပ်ကွေးရာသီအတွင်း ကျန်းမာနေစေရန်   အထောက် အကူဖြစ်စေသည့်အပြင် တုပ်ကွေး၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ကာကွယ်နိုင်ပါသည်။    နမိုးနီးယားအဆုတ်ရောင် ရောဂါကာကွယ်ဆေးကို အသက် ၆၅ နှစ်  မတိုင်မီထိုးထားလျှင်   ယခင်ဆေးနှင့် အနည်းဆုံး ငါးနှစ်ခြား၍ Booster Shot ထပ်မံထိုးရန်လိုအပ်သည်။ အသည်းရောင်အသားဝါ (ဘီ)ကာကွယ်ဆေးကို ယခင်ကမထိုးရသေးသော  သွေးချိုဆီးချိုရောဂါရှိသူများတွင် ထိုးရန်အကြံပြုထားသည်။

အချုပ်အားဖြင့်ဆိုသော် သွေးချိုဆီးချို ရောဂါရှိသူများတွင် သွေးတွင်းသကြား ဓာတ်မြင့်မားမှု၏    နောက်ဆက်တွဲ ပြဿနာသည် မျက်လုံးနှင့် ခြေထောက်တို့ အပါအဝင် ခန္ဓာကိုယ်၏ အစိတ်အပိုင်းများကို ဆိုးရွားစွာ ပျက်စီးစေနိုင်သည်။ စစ်ဆေးပြီး မကုသဘဲထားလျှင် အသက်အန္တရာယ် ရှိနိုင်ပါသည်။ ထို့ကြောင့် သွေးချိုဆီးချိုရောဂါ၏ နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန် သို့မဟုတ် နှောင့်နှေးစေရန် မှန်ကန်သော ကုသမှုနှင့်အကြံပြု ထားသော နေထိုင်မှုပုံစံပြောင်းလဲခြင်းဖြင့် ကာကွယ်တားဆီးနိုင်ကြောင်း    ရေးသား လိုက်ရပါသည်။    

ဒေါက်တာသိင်္ဂီကျော်