တရားဝင်ကုမ္ပဏီ လိုင်စင်နှင့် ကိုယ်ပိုင် ဝက်ဘ်ဆိုက်ရှိသူများကိုသာ Online Shop လုပ်ကိုင်ခွင့်ပြုမည်

မြန်မာနိုင်ငံအတွင်း တရားဝင် ကုမ္ပဏီ လိုင်စင်နှင့် ကိုယ်ပိုင်ဝက်ဘ်ဆိုက် ရှိသူများကိုသာ Online Shop လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန  ကုန်သွယ်ရေး ဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ်  ဦးမင်းမင်း ၏ပြောကြားချက်အရ သိရသည်။

ကုန်သွယ်ရေးဦးစီးဌာန အနေဖြင့် Online  Shop   များ မှတ်ပုံတင်နိုင်ရန်  လုပ် ဆောင်နေပြီး  အွန်လိုင်းမှ  ဈေးရောင်းချမည့်သူများက မိမိတို့လုပ်ငန်းများကို မြန်မာ နိုင်ငံ ကုမ္ပဏီများဥပဒေအရ   စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရန်  မှတ်ပုံတင် ထားရမည်ဖြစ် သည်။  ထို့ပြင်  တရားဝင် ဝက်ဘ်ဆိုက်တစ်ခု ရှိရမည်ဖြစ်ပြီး အွန်လိုင်း ဂိမ်းများ၊ လောင်းကစားနှင့် သက်ဆိုင်သည့် ကိစ္စများ၊ တရားမဝင် အရောင်းအဝယ်များနှင့် ဥပဒေအရ ကန့်သတ်ထားသည့် ကုန်ပစ္စည်းများကို လုံးဝဆောင်ရွက်ခွင့်ပြုမည် မဟုတ်ကြောင်း၊  Online  Shop  များ အတွက် မှတ်ပုံတင်သက်တမ်းသည် ငါးနှစ် ဖြစ်ပြီး သက်တမ်း မကုန်ဆုံးမီ သုံးလအလို တွင်   သက်တမ်းတိုး လျှောက်ထားရမည် ဖြစ်ကြောင်း၊   လျှောက်ထားရာတွင်လည်း မှတ်ပုံတင်ကြေး အခမဲ့ဖြင့်    အွန်လိုင်းမှ တစ်ဆင့် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။

''မှတ်ပုံတင်ခြင်းဆိုင်ရာ  အသေးစိတ် အချက်အလက်တွေကို    ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ မှတ်ပုံတင်ခြင်းအားဖြင့် ရောင်းသူနဲ့ဝယ်သူ ကြားမှာ   ယုံကြည်မှု ပိုမိုရရှိစေမှာဖြစ်ပါတယ်။ အငြင်းပွားမှုတွေ ရှိလာရင်လည်း  ဥပဒေကြောင်းအရ    မှန်ကန်စွာ ဖြေရှင်း ဆောင်ရွက်ပေးနိုင်မယ်။ အခုနောက်ပိုင်းမှာ အွန်လိုင်းကနေ ဈေးရောင်းတာတွေ များလာတယ်။ ဒီအခြေအနေတွေမှာ တရားဝင် ဖြစ်ဖို့အတွက် မှတ်ပုံတင်ဖို့ သတ်မှတ်လိုက်ပါတယ်။  မှတ်ပုံတင်ထားခြင်းမရှိဘဲ တရားမဝင် လုပ်ကိုင်နေသူတွေကို နောက်ပိုင်းမှာ    စစ်ဆေး အရေးယူတာမျိုးတွေ လုပ်ဆောင်မှာပါ။  ဒါကြောင့်  တရားဝင် မှတ်ပုံတင်ကြဖို့   တိုက်တွန်းပါတယ်''  ဟု ဦးမင်းမင်းကပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့်  အွန်လိုင်းမှ  ဈေး ရောင်းချသူများ ယုံကြည်စိတ်ချမှုရှိစေရန်နှင့် အတုအပ၊ လိမ်လည်ရောင်းချခြင်းများ မရှိစေရန်  ယင်းကဲ့သို့ သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း၊  ပြည်တွင်း၌  မိုဘိုင်းလ် ဖုန်းများ တွင်ကျယ်စွာ အသုံးပြုမှုမြင့်တက်လာပြီးနောက်ပိုင်း  အွန်လိုင်းမှတစ်ဆင့်  အရောင်းအဝယ် ပြုလုပ်သည့် လုပ်ငန်းများ လာကြောင်း၊ အထူးသဖြင့် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးကာလတွင် အိမ်အတွင်း နေထိုင်ရသည့်အတွက် ယင်း လုပ်ငန်းများ  ပိုမိုတွင်ကျယ်လာပြီး အိမ်အရောက် ဝန်ဆောင်မှုများဖြင့်   လုပ်ကိုင် လာကြကြောင်း သိရသည်။