နှလုံးအစဉ်ကျန်းမာဖို့ သိဉာဏ်ဆင်ခြင် ဆောင်ရွက်စို့

 

နှလုံးအစဉ်ကျန်းမာဖို့  သိဉာဏ်ဆင်ခြင် ဆောင်ရွက်စို့

 

(စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့နှလုံး ကျန်းမာရေးနေ့ အထိမ်းအမှတ် ဆောင်းပါး)

      ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၉ ရက်သည်   ကမ္ဘာ့နှလုံး ကျန်းမာရေးနေ့ဖြစ်သည်။ ယခုနှစ်  ကမ္ဘာ့နှလုံးကျန်းမာရေးနေ့အတွက် ကမ္ဘာ့နှလုံး ကျန်းမာရေးအဖွဲ့ချုပ်၏ ဆောင်ပုဒ်မှာ    " Use Heart for Action" ဖြစ်ပြီး မြန်မာဘာသာနှင့် ဆီလျော်စွာ  "နှလုံးအစဉ်ကျန်းမာဖို့ သိဉာဏ်ဆင်ခြင် ဆောင်ရွက်စို့"ဟု ပြန်ဆိုထားပါသည်။

ကမ္ဘာ့    နှလုံးကျန်းမာရေးအဖွဲ့သည် ကမ္ဘာတစ်ဝန်းရှိ   လူမှုအဖွဲ့အစည်းပေါင်း ၂၀၀ ကျော်ဖြင့်   ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ၎င်း၏အဖွဲ့ဝင်နိုင်ငံများသည် နှလုံးကျန်းမာရေး အသိပညာဖြန့်ဝေခြင်းနှင့် ကောင်းမွန်သော ကျန်းမာရေး အလေ့အထများကို လုပ်ဆောင်ရန်  တိုက်တွန်းခြင်းတို့ကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။

    ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ ဖြစ်ပေါ်လာသည့် သမိုင်းကြောင်းကို လေ့လာကြည့်ရာ ၁၉၉၇ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ World Heart Federation (WHF)  အဖွဲ့ကြီး၏ ဥက္ကဋ္ဌ  (President) အဖြစ်    တာဝန်ယူ ဆောင်ရွက်ခဲ့သော Autoni Baye’s de Luna ၏ စိတ်ကူးစိတ်သန်းဖြင့် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ကို သတ်မှတ်၍    ကမ္ဘာ့လူသားများ၏ နှလုံးကျန်းမာရေးဆိုင်ရာ အသိပညာများကို မြှင့်တင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန်ရည်ရွယ်ပြီး ၁၉၉၉ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နှင့် ကမ္ဘာ့နှလုံးကျန်းမာရေးအဖွဲ့ World Heart Federation(WHF)တို့ ပူးပေါင်းညှိနှိုင်း၍ နှစ်စဉ်     စက်တင်ဘာလ၏ နောက်ဆုံး တနင်္ဂနွေနေ့ကို  ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day) အဖြစ် စတင်သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း    သိရှိရပါသည်။ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day)ကို ၁၉၉၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ     နှစ်စဉ်  စက်တင်ဘာလ၏ နောက်ဆုံး တနင်္ဂနွေနေ့တွင် ကျင်းပခဲ့ရာ ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင်  စက်တင်ဘာလ၏      နောက်ဆုံးတနင်္ဂနွေနေ့ အစား စက်တင်ဘာလ ၂၉ ရက်ကို  ကမ္ဘာ့နှလုံး ကျန်းမာရေးနေ့   (World Heart Day)အဖြစ် ပြောင်းလဲ၍   ကျင်းပလာခဲ့ခြင်းဖြစ်ကြောင်း လေ့လာ သိရှိရပါသည်။

နှစ်စဉ်နှစ်တိုင်း  ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day) အခမ်းအနားများကို  စက်တင်ဘာလ  ၂၉ ရက်တွင် ကျင်းပခြင်း၏ ရည်ရွယ်ချက်မှာ   ပြည်သူလူထုအတွင်း နှလုံးသွေးကြောရောဂါများနှင့် ပတ်သက်သော ကျန်းမာရေးဗဟုသုတများ  တိုးပွားစေရန်၊    နှလုံးသွေးကြော ရောဂါများဖြစ်ပွားမှုနှင့်    သေဆုံးမှုများ လျော့နည်းကျဆင်းစေရန် အတွက်  နှလုံးသွေးကြော ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်မည့် လူနေမှုဘဝ ပုံစံများဖြင့် နေထိုင်ကြစေရန်နှင့် တစ်ကမ္ဘာလုံးတွင် နှလုံးနှင့် သွေးကြောရောဂါများ၏ ပြည်သူ့ကျန်းမာရေးအပေါ်   ကြီးမားသည့်ဝန်ထုပ်ဝန်ပိုးများ ရှိနေခြင်းတို့ကို     သတိပြုစေရန်တို့အတွက် ရည်ရွယ်၍      ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

ယခုနှစ် စက်တင်ဘာလ  ၂၉ ရက်တွင် ကျရောက်သော ကမ္ဘာ့နှလုံး ကျန်းမာရေးနေ့ (World Heart Day)ကိုလည်း ကမ္ဘာတစ်လွှားရှိ   ရာကျော်သော   ကမ္ဘာ့နှလုံးကျန်းမာရေး အဖွဲ့ဝင်    အဖွဲ့အစည်းများ၊ တက္ကသိုလ်နှင့် ကျောင်းပေါင်းစုံ အားကစားအသင်းများ၊    နှလုံးရောဂါအဖွဲ့အစည်းများမှ   ဘာသာစကားမျိုးစုံ၊   လှုပ်ရှားမှုအသွင်သွင်ဖြင့် တက်ကြွစွာကျင်းပ ဆောင်ရွက်ကြမည်ဖြစ်ပါသည်။    မြန်မာနိုင်ငံ အနေဖြင့်လည်း   ကမ္ဘာတစ်လွှား   နှလုံးကျန်းမာရေး လှုပ်ရှားမှုများတွင်    ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

နှလုံးနှင့်     နှလုံးသွေးကြောရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် အချိန်နှင့်အမျှ သေဆုံးမှု များပြားနေသည်ကို  တွေ့ရှိရပါသည်။ နှလုံးသွေးကြောရောဂါ   (ရုတ်တရက်နှလုံးသွေးကြော ပိတ်ခြင်း၊   လေဖြတ်ခြင်းနှင့် နှလုံးညှစ်အား ကျဆင်းခြင်း)ကြောင့်   နှစ်စဉ်  လူဦးရေ   ၂၀ ဒသမ ၅ သန်းခန့် သေဆုံးနေကြပါသည်။ သေဆုံးမှု အများစုမှာ ဝင်ငွေနည်းသော နိုင်ငံများနှင့် ဝင်ငွေအသင့်အတင့် ရှိသော  နိုင်ငံများမှဖြစ်သည်။ထိုသေဆုံးမှုနှုန်းကို လျှော့ချရန်အတွက်-

- ကျွန်ုပ်တို့ နေ့စဉ်စားသောက်နေထိုင်မှုပုံစံကို      ကျန်းမာရေးနှင့် ညီညွတ်အောင်  ပြောင်းလဲနေထိုင် စားသောက်ပါ၊

- လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ၊

- စိတ်ဖိစီးမှုကို လျှော့ချပါ၊ထိုသို့   ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်းဖြင့်  နှလုံးသွေးကြောရောဂါကြောင့် အရွယ်မတိုင်မီသေဆုံးခြင်း၏  ၈၀ ရာခိုင်နှုန်းကို ကာကွယ်နိုင်ပါသည်။အသိဉာဏ်ဖြင့်ဆင်ခြင်၍     သင့်တင့်သော အစားအစာကို ရွေးချယ်စားသုံးပါ

- အချိုဓာတ်များသော   ဖျော်ရည်များနှင့် အသီးဖျော်ရည်များ အစား ရိုးရိုးရေနှင့် အချိုဓာတ်နည်းသော ဖျော်ရည်များကို ရွေးချယ်ပါ၊

- အချိုဓာတ်များသော      သရေစာများအစား      ကျန်းမာရေးအတွက် ပိုမို သင့်လျော်သည့် လတ်ဆတ်သော အသီးအနှံများကို ပြောင်းလဲ စားသုံးပါ၊

- အသီးအနှံ သို့မဟုတ် ဟင်းသီးဟင်းရွက်များကို     လက်တစ်ဆုပ်စာခန့် နေ့စဉ် စားသုံးပါ၊

- လတ်ဆတ်သော အသီးအနှံ၊ အအေးခံထားသော အသီးအနှံများနှင့်   အသီးအနှံ စည်သွတ်ဘူးများ၊  အခြောက်ခံထားသော အသီးအနှံ၊  ဟင်းသီးဟင်းရွက် များကို စားသုံးပါ၊

-အရက်ကို   အသင့်အတင့်ချင့်ချိန်၍ သောက်သုံးပါ။     မသောက်သုံးခြင်းသည် ပို၍ကျန်းမာရေးနှင့် ညီညွတ်ပါသည်၊

-ဆားအငန်ဓာတ်၊    အချိုဓာတ်နှင့် အဆီများသော တာရှည်ခံစည်သွတ်အသားများကို လျှော့စားပါ။ အသင့်စား အစားအသောက်များ     အစားလတ်ဆတ်သော အစားအစာများကို ချက်ပြုတ်စားသောက်ပါ၊

-နှလုံးကျန်းမာရေးနှင့်ညီညွတ်သော ဟင်းချက်နည်းများကို လူမှုကွန်ရက်မီဒီယာတွင် ရှာဖွေလေ့လာပါ။အသိဉာဏ်ဖြင့်ဆင်ခြင်၍  ဆေးလိပ်နှင့်ဆေးရွက်ကြီး ရှောင်ကြဉ်ပါ ။

-နှလုံးသွေးကြောရောဂါ  ဖြစ်နိုင်ခြေသည်   ဆေးလိပ်ဖြတ်ပြီး    တစ်နှစ်အတွင်း သိသာစွာ ကျဆင်းပါသည်။

-ဆေးလိပ်ဖြတ်ပြီး    ၁၅ နှစ်အကြာတွင် ဆေးလိပ် မသောက်သုံးသူများနှင့် တန်းတူဖြစ်လာနိုင်ပါသည်၊

-တစ်ဆင့်ခံ    ဆေးလိပ်ငွေ့ရှူရှိုက်မိသော သူများတွင်လည်း  နှလုံးရောဂါ ဖြစ်နိုင်ပါသည်၊

-ဆေးလိပ်ဖြတ်ခြင်း၊       ဆေးလိပ်မသောက်ခြင်းသည် သင့်ကျန်းမာရေး အတွက်သာမက သင့်ပတ်ဝန်းကျင်ရှိ လူများ၏ ကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေပါသည်၊

-ဆေးလိပ်ဖြတ်ရန်   ခက်ခဲနေပါက ကျွမ်းကျင်သော ဆရာဝန်/ ပညာရှင်များထံမှ   အကြံဉာဏ်ကောင်းများရယူပါ၊

-E-စီးကရက်များနှင့် ဆေးလိပ်အစားထိုး နီကိုတင်း အငွေ့ရှူစက်များ (ဥပမာ-Vape)သည် အန္တရာယ်ကင်းသော ဆေးလိပ်အစားထိုးပစ္စည်းများ မဟုတ်ရုံမျှမက   ပို၍ပင်  နှလုံးသွေးကြောရောဂါ  ဖြစ်နိုင်ခြေ အန္တရာယ်ရှိပါသည်။အသိဉာဏ်ဖြင့်ဆင်ခြင်၍   လှုပ်ရှားတက်ကြွစွာနေထိုင်ပါ ။

-အသင့်အတင့်ပြင်းထန်သော လေ့ကျင့်ခန်းများကို တစ်ပတ်လျှင် မိနစ် ၁၅၀ မှ မိနစ် ၃၀၀ အထိ၊ ပြင်းထန်သော လေ့ကျင့်ခန်းများကို တစ်ပတ်လျှင် ၇၅ မိနစ်မှ မိနစ် ၁၅၀ အထိ ကြိုးစားလုပ်ဆောင်ပါ၊

-ထိုထက်ပို၍  လေ့ကျင့်ခန်း ပိုလုပ်နိုင်လေ  ပိုကောင်းလေဖြစ်သည်။ ပို၍တက်ကြွစွာ နေထိုင်ခြင်းသည် သင့်ကျန်းမာရေးကို  ပို၍ကောင်းမွန်စေပြီး ကိုယ်လက်လှုပ်ရှားမှု နည်းသော လူနေမှုပုံစံ၏ မကောင်းကျိုးများကို ရှောင်ရှားနိုင်ပါသည်၊

-        နေ့စဉ် တက်ကြွစွာလှုပ်ရှားပါ၊ ဓာတ်လှေကားအစား  ရိုးရိုးလှေကားကို အသုံးပြုပါ၊ ကားစီးသွားမည့် အစား လမ်းလျှောက်ပါ၊    စက်ဘီးစီးပါ၊ ပြေးလွှားကစားပါ၊  အိမ်မှုကိစ္စများလုပ်ပါ၊ ကခုန်ပါ၊ နှစ်သက်ရာ ရွေးချယ်ပြုလုပ်ပါ၊

-ခန္ဓာကိုယ်ရှိကြွက်သားများ သန်မာစေသည့် လေ့ကျင့်ခန်းများကို  တစ်ပတ်လျှင် နှစ်ရက်ခန့် လုပ်ဆောင်ပါ၊

-ခြေလှမ်းမှတ်သော  နာရီ၊ စက်ငယ်များကို အသုံးပြုပြီး   တိုးတက်မှုကို သုံးသပ်နိုင်ပါသည်၊ သင်နှစ်ခြိုက်သော    ကိုယ်လက်လှုပ် ရှားမှုပုံစံကို ရွေးချယ်ပါ။ သင်လုပ်ဆောင်နိုင်မည့် အနေအထားအတိုင်း ရည်မှန်းချက်ထား ဖြည်းဖြည်း လုပ်ဆောင်ပြီး တိုးတက်လာအောင် ကြိုးစားပါ။ လှုပ်ရှားတက်ကြွစွာ နေထိုင်ရန် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ    လုပ်ရမည်ဟုမဆိုလိုပါ။ ခန္ဓာကိုယ်ကို လှုပ်ရှားပေးပြီး လေ့ကျင့်ခန်းလုပ်၍  ပျော်ရွှင်လာစေခြင်းကို ရည်ရွယ်သည်။   

    ကမ္ဘာ့နှလုံးကျန်းမာရေးနေ့တွင် ကမ္ဘာတစ်ဝန်းရှိပြည်သူများအား      နှလုံးကျန်းမာရေး သတိရှိစေရန်အတွက် အသိပညာပေးမျှဝေခြင်းနှင့်    လက်တွေ့လုပ်ဆောင်ခြင်းကို ဆောင်ရွက်နိုင်ရန်     နည်းလမ်းများ  ချမှတ်ပေးရန် လိုအပ်ပါသည်။

ယခုနှစ်တွင်  နိုင်ငံတစ်ဝန်း   နှလုံးကျန်းမာရေးအတွက် အဓိကထား လိုက်နာလုပ်ဆောင်ရမည့် အချက်များကို တိုးမြှင့်ဆောင်ရွက်ရန်  တိုက်တွန်း နှိုးဆော်ထားပါသည်။

ကျွန်ုပ်တို့၏ နှလုံးကျန်းမာရေးအတွက် မိမိအသိဉာဏ်ဖြင့် နေ့စဉ်ပြုမူဆောင်ရွက်နေသည်များကို   ကောင်းမွန်မှန်ကန်စွာ ရွေးချယ်ခြင်းဖြင့်  အသက်ရှည်၍ ပိုပြီးကျန်းမာ ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။