2024 Asia-Pacific Amateur Golf Championship ဂေါက်သီးရိုက်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာကစားသမားနှစ်ဦး ဂျပန်နိုင်ငံသို့ ထွက်ခွာ
နေပြည်တော် စက်တင်ဘာ ၂၉
အောက်တိုဘာလ ၃ ရက်မှ ၆ ရက်အထိ ဂျပန်နိုင်ငံ Taiheiyo Club Gotemba Course, Gotemba ၌ ကျင်းပမည့် Asia-Pacific Amateur Golf Championship ဂေါက်သီးရိုက်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာဂေါက်သီးရိုက် အားကစားအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ထွက်ခွာသွားရာ မြန်မာနိုင်ငံ ဂေါက်သီးအားကစား အဖွဲ့ချုပ်မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
မြန်မာဂေါက်သီးရိုက် အားကစားအဖွဲ့တွင် ကစားသမားများအဖြစ် ကျော်ကိုကိုချစ်နှင့် ဟိန်းနိုင်ဇင်တို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ Asia-Pacific Amateur Golf Championship ဂေါက်သီးရိုက်ပြိုင်ပွဲသည် အာရှဒေသတွင်း အဆင့်မြင့်မားသည့် အပျော်တမ်း ဂေါက်သီးရိုက်ပြိုင်ပွဲ တစ်ခုဖြစ်ပြီး အာရှဒေသတွင်း နိုင်ငံများနှင့် သမုဒ္ဒရာပိုင်းဇုန်နိုင်ငံများမှ ဂေါက်သီးရိုက် အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ၂၀၀၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး နှစ်စဉ်နီးပါးကျင်းပခဲ့သည့် ပြိုင်ပွဲတစ်ခုလည်းဖြစ်သည်။ မြန်မာနိုင်ငံ ဂေါက်သီးအားကစား အဖွဲ့ချုပ်သည် ကစားသမားများ ပြိုင်ပွဲအတွေ့အကြုံ ရစေရန် နိုင်ငံတကာပြိုင်ပွဲများသို့ စေလွှတ်ယှဉ်ပြိုင်စေလျက်ရှိပြီး Asia-Pacific Amateur Golf Championship ဂေါက်သီးရိုက်ပြိုင်ပွဲမှာ အဆင့်မြင့်ပြိုင်ပွဲဖြစ်သောကြောင့် မြန်မာဂေါက်သီးရိုက် အားကစားသမားများ အကျိုးရှိမည့် ပြိုင်ပွဲတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။