ကျန်းမာရေးနှင့်မညီညွတ်သော ဝိတ်ချနည်းများ
ကျန်းမာရေးနဲ့မညီညွတ်တဲ့ နည်းလမ်းတွေနဲ့ ဝိတ်ချတာကြောင့် ခန္ဓာကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ့ စိတ်ခံစားမှုပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ လူအများစုဝိတ်ချရတဲ့ ရည်ရွယ်ချက်က ကျန်းမာလှပစေဖို့ဖြစ်ပါတယ်။ ဒါကို မကျန်းမာစေတဲ့ နည်းလမ်းတွေ သုံးနေ မယ်ဆိုရင် မဖြစ်သင့်တဲ့လုပ်ရပ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။ အခုဖော်ပြမယ့် နည်းလမ်းတွေက ဝိတ်ချရာမှာ အသုံးပြုတတ်ကြတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နည်းလမ်းတွေထဲက တချို့ပဲဖြစ်ပါတယ်။
ဝမ်းနုတ်ဆေးစားခြင်း
အလွန်အကျွံဝမ်းချုပ်နေရင် ဝမ်းနုတ်ဆေးကို အသုံးပြုသင့်ပါတယ်။ ဒါပေမဲ့ ဝမ်းနုတ်ဆေးကို လိုတာထက်ပိုပြီး သုံးစွဲမယ်ဆိုရင် အသည်း၊ အူလမ်းကြောင်းနဲ့ အစာခြေလမ်းကြောင်းတွေက အမြှေးပါးလွှာတွေပါးပြီး ထိခိုက်စေနိုင်ပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်း တစ်လျှောက်က အကျိုးပြု ဗက်တီးရီးယားတွေ နည်းပါးလာစေပါတယ်။
စွပ်ပြုတ်သောက်ခြင်း
အာဟာရပြည့်စုံတဲ့ အစားအစာတွေစားမယ့်အစား ဖြစ်သလိုစားနေမယ်ဆိုရင် အာဟာရချို့တဲ့လာပြီး ကျန်းမာရေးလည်း ချူချာလာနိုင်ပါတယ်။ စွပ်ပြုတ်ကို အသီးအရွက်၊ အသား၊ ငါးထည့်ပြီး အာဟာရပြည့်စုံအောင် ပြုလုပ်ပြီး သောက်သုံးနိုင်ရင် အကောင်းဆုံးပဲဖြစ်ပါတယ်။
ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာက ဆာလောင်မှုကို ဖြေဖျောက်ပေးတာကြောင့် အစာစားတာနည်းစေပြီး ဝိတ်ကျစေပါတယ်။ ဒါပေမဲ့ ဆေးလိပ်ကြောင့်ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေက အများကြီး ရှိပါတယ်။
အစာမရှိဘဲ ဆေးလိပ်သောက်ရင် အစာအိမ်ထဲက အက်စစ်အချဉ်ရည် အထွက်များလို့ အစာအိမ်အနာဖြစ်နိုင်သလို ဆေးလိပ်ကြောင့် အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာဖြစ်နိုင်လို့ ဆေးလိပ်ဖြတ်သင့်ပါတယ်။
ကယ်လိုရီပါဝင်မှုနည်းတဲ့ အစားအစာစားသုံးခြင်း
တစ်နေ့ကို ကယ်လိုရီ ၁၀၀ သာစားသုံးပြီး ဝိတ်ချတာမျိုးကလည်း မှန်ကန်တဲ့နည်းလမ်းတော့ မဟုတ်ပါဘူး။ တစ်နေကုန် လိုအပ်တဲ့ စွမ်းအင်ပမာဏအောက် လျော့နည်းနေတာကြောင့် ဇီဝရုပ်ဖြစ်ပျက်မှု နှေးကွေးတာနဲ့ ခံတွင်းပျက်တာမျိုးတွေဖြစ်နိုင်ပါတယ်။
ရေတိုဝိတ်ကျစေတဲ့ဓာတ်စာ
ဝိတ်ကျစေဖို့ ရေတိုနည်းလမ်းသုံးပြီး ဓာတ်စာစားသုံးတာကလည်း ကျန်းမာရေးအပေါ် သက်ရောက်မှုတွေရှိနိုင်ပါတယ်။ ဓာတ်စာစားသုံးတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုတွေ နှေးကွေးသွားစေလို့ ဝိတ်ကျစေပါတယ်။ ဓာတ်စာမစားတော့ဘဲ ပုံမှန်စားနေကျ အစားအစာတွေ ပြန်စားတဲ့အခါ နဂိုရှိရင်းစွဲထက် ဝိတ်ပိုတက်လာစေနိုင်ပါတယ်။
အစာနပ်မှန်အောင်မစားခြင်း
ဝမှာစိုးလို့ မနက်စာမစားဘဲနေတာ၊ ညစာမစားဘဲ နေတာတွေက အစားအစာမစားဘဲနေတဲ့ အချိန်တွေမှာတော့ ဇီဝရုပ်ဖြစ်ပျက်မှုနှေးကွေးစေလို့ ဝိတ်ကျနိုင်ပေမယ့် မနေနိုင်လို့ပြန်စားမိတဲ့ အချိန်မှာ ဝိတ်ပိုတက်လာစေပါတယ်။
ချွေးထုတ်ခြင်း
ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးဖို့ ချွေးထုတ် ပေးတာက ကောင်းပေမယ့် မိနစ် ၃၀ ထက်ကျော်လွန်ပြီး ပြုလုပ်မယ်ဆိုရင် ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်မှုကိုဖြစ်စေနိုင်သလို အရေပြား အရောင်ပြောင်းသွားနိုင်လို့ မကြာခဏချွေးထုတ်ခြင်း၊ ချွေးထုတ်ချိန်ကြာခြင်းမျိုး ရှောင်ကြဉ်သင့်ပါတယ်။
ဆေးဝါးသုံးစွဲခြင်း
ဝိတ်ကျစေဖို့ ဆေးသောက်တာကတော့ ခန္ဓာကိုယ် ကျန်းမာရေး အတွက် အန္တရာယ်များပါတယ်။ မိသားစုဆရာဝန်နဲ့ တိုင်ပင်ပြီး ညစဉ် Atorvastatin 200 mg H.S ကို လနဲ့ချီပြီးသောက်မယ်ဆိုရင် အဆီကျပြီး ဝိတ်ကျတာမှန်ပေမယ့် ဝိတ်ကျဖို့အတွက် ၁၀၀ ရာခိုင်နှုန်း ဘေးထွက်ဆိုးကျိုးကင်းတဲ့ ဆေးမျိုးမရှိနိုင်လို့ ဝိတ်ကျဖို့ ဒီနည်းလမ်းကို မသုံးသင့်ပါဘူး။
လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်း
လေ့ကျင့်ခန်း အလွန်အကျွံပြုလုပ်ပြီး ဝိတ်ချတတ်ကြပါတယ်။ ဒီနည်းလမ်းက ဝိတ်ကျတာထက် ကြွက်သားနဲ့အရိုးတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ကိုယ်နဲ့သင့်တော်တဲ့ လေ့ကျင့်ခန်းကို နေ့စဉ်ပုံမှန်လုပ် ဆောင်ပေးတာမျိုးပဲ ပြုလုပ်ပေးသင့်ပါတယ်။ အစားအနည်းငယ်သာ စားပြီး နေ့စဉ် နာရီဝက်ကနေ တစ်နာရီ အပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးပြုလုပ်တာကမှန်ကန်ပေမယ့် ဒီထက်နှစ်ဆ လေ့ကျင့်ခန်းပြုလုပ်မယ်ဆိုရင် ဆိုးကျိုးတွေရှိနိုင်ပါတယ်။
ပိန်ဆေးသောက်ခြင်း
ပိန်ဆေးတွေမှာ ဘေးထွက်ဆိုးကျိုး အများကြီးရှိပါတယ်။ ဝမ်းနုတ်ဆေးလို၊ အဆီချဆေးလို ရောနေတတ်လို့ ရေရှည်မှာ ရင်တုန်တာ၊ အာခေါင်ခြောက်တာ၊ အစာအာဟာရချို့တဲ့တာ၊ အိပ်မရတာ၊ ဦးနှောက် အာရုံကြောမကြည်လင်တာတွေလည်း ဖြစ်နိုင်ပါတယ်။
အိပ်ဆေးသောက်ခြင်း
အိပ်နေတဲ့အခါ ဗိုက်မဆာလို့ အစာမစားတာကြောင့် အိပ်ဆေးသောက်ပြီး အိပ်နေမယ်ဆိုတဲ့စိတ်ကူးမျိုးနဲ့ ဝိတ်ချဖို့ကြိုးစားနေမိတတ်ပါတယ်။ အိပ်ဆေးတွေသောက်ပြီး အိပ်စက်နေတာတွေက ဝိတ်ချဖို့ အလုပ်မဖြစ်ဘဲ ဆေးစွဲတာ၊ ဆေးယဉ်ပါးတာတွေဖြစ်ပြီး တခြားဘေးထွက် ဆိုးကျိုးတွေကိုပါ ခံစားရရှိစေနိုင်ပါတယ်။
အရက်သောက်ခြင်း
အရက်သောက်ပြီး ဝိတ်ချတာ မပြုလုပ်သင့်ပါဘူး။ အသည်းတစ်ခုတည်းမှာတင် အသည်းအဆီဖုံးခြင်း၊ အသည်းရောင်ခြင်း၊ နာတာရှည် အသည်းရောင်ခြင်း၊ အသည်းမှာ အမှတ်စွဲထင်ခြင်း၊ အသည်းကြွပ် ဆတ်နာ၊ အသည်းကင်ဆာ ရောဂါတွေဖြစ်စေနိုင်သလို အစာရေမျိုပြွန်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အူမကြီးကင်ဆာတို့ဖြစ် စေနိုင်ပါတယ်။
ခြုံငုံပြောရရင် ပုံမှန်ကိုယ်အလေးချိန် အချိုးအဆ (BMI) ၁၈ ဒသမ ၉- ၂၄ ဒသမ ၉ အတွင်းရှိရင် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ဝိတ်ချ နည်းမမှန်ရင် တခြားရောဂါ စွဲကပ်နိုင်ခြေရှိလို့ မိသားစုဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ မှန်ကန်တဲ့နည်းလမ်းနဲ့ ဝိတ်ချသင့်ကြောင်း ရေးသား လိုက်ရပါတယ်။
ဒေါက်တာလွင်သန့်