နှစ်စဉ်ကျင်းပလျက်ရှိသော ကျောက်မျက်ရတနာပြပွဲကို ဒီဇင်ဘာလအတွင်း ကျင်းပနိုင်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးလှစိုးဦးထံမှ သိရသည်။
ကျောက်မျက်ရတနာ ပြပွဲများကို နှစ်စဉ် နိုင်ငံတော်အဆင့်အနေဖြင့် မြန်မာငွေကျပ်ဖြင့် ရောင်းချသည့်ပွဲနှင့် နိုင်ငံခြားငွေဖြင့် ရောင်းချရသည့်ပွဲဟူ၍ နှစ်မျိုးခွဲ ကျင်းပရောင်းချလျက် ရှိပြီး ယခုနှစ်တွင် COVID-19 ရောဂါဖြစ်ပွားနေမှုကြောင့် နိုင်ငံခြားငွေဖြင့် ကျင်းပမည့်ပွဲကို ကျင်းပနိုင်ခြင်းမရှိကြောင်း သိရသည်။
တစ်နှစ်လျှင် ကျောက်မျက်ရတနာပြပွဲ များကို ပုံမှန်အားဖြင့် မတ်လ၊ ဇွန်လ၊ စက်တင်ဘာလ၊ ဒီဇင်ဘာလတို့တွင် ကျင်းပပေးပြီး ယခုနှစ်တွင် မြန်မာငွေကျပ်ဖြင့် ရောင်းချသည့် ကျောက်မျက်ရတနာပြပွဲကို တစ်ကြိမ်သာ ပြုလုပ်နိုင်ကြောင်း သိရသည်။
မြန်မာငွေကျပ်ဖြင့် ရောင်းချသည့် ကျောက်မျက်၊ ကျောက်စိမ်းတွဲများ၏ စုစုပေါင်းရောင်းရငွေကျပ် ၅၉၄၉၆ ဒသမ ၇၂၁ သန်းဖြစ်ပြီး ပေးသွင်းရမည့်ငွေ အနေဖြင့် ၆၅၄၃ ဒသမ ၉ဝ၁ သန်းပေးချေရမည်ဖြစ်ကြောင်း၊ ယင်းရောင်းရငွေများထဲမှ ဖေဖော်ဝါရီလမှ သြဂုတ် ၅ ရက် အထိ ၄၉၆၈ ဒသမ ၉၆၅ သန်း ပေးသွင်းပြီးဖြစ်၍ ပေးသွင်းရန် အနည်းငယ်သာ ကျန်ရှိသည်။
မြန်မာငွေကျပ်ဖြင့် ရောင်းချမှုမှ ရရှိသော ကျောက်မျက်၊ ကျောက်စိမ်းတွဲများ ရောင်းရငွေများကို ၂ဝ၂ဝ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်း ပေးချေရမည်ဖြစ်သော်လည်း COVID-19 ရောဂါဖြစ်ပွားနေမှုကြောင့် ပေးသွင်းမည့်ကာလ ဖြေလျှော့ပေးခဲ့ကြောင်း သိရသည်။