မွေးမြူရေးတိရစ္ဆာန်များအတွက် အပူချိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေးနည်းလမ်းကောင်းများ
ကမ္ဘာ့အပူဆုံးမြို့
ယခုနှစ် ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့အနက် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ချောက်မြို့သည် ထိပ်ဆုံး၌ရောက်ရှိနေပြီး မကွေး၊ မင်းဘူးနှင့်ညောင်ဦးမြို့တို့မှာလည်း အပူဆုံးမြို့များစာရင်းတွင်ပါဝင်ကြောင်း Eldorado Weather က ထုတ်ပြန်ထားသည်။
Eldorado Weather ဆိုသည်မှာ ကမ္ဘာ့မြို့ကြီးများ၏နေ့အလိုက်အပူချိန်များကို ဖော်ပြပေးလျက်ရှိသည့် ဝက်ဆိုက်တစ်ခုဖြစ်သည်။ အဆိုပါ ဝက်ဆိုက်၏ ဧပြီလ ၂၈ ရက်ဖော်ပြချက်အရ မြန်မာနိုင်ငံမှ ချောက်မြို့သည် အပူချိန် ၄၇ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ဖြင့် ကမ္ဘာ့အပူဆုံးမြို့အဖြစ် ပထမနေရာ၌ ရပ်တည်နေကြောင်း၊ မင်းဘူးမြို့သည် ၄၅ ဒသမ ၆ ဒီဂရီစင်တီဂရိတ်ဖြင့် စတုတ္ထနေရာတွင်လည်းကောင်း၊ မကွေးမြို့သည် အပူချိန် ၄၅ ဒသမ ၃ ဒီဂရီစင်တီဂရိတ်ဖြင့် ဆဋ္ဌမနေရာတွင်လည်းကောင်း၊ ညောင်ဦးမြို့သည် ၄၅ ဒီဂရီစင်တီဂရိတ်ဖြင့် အဋ္ဌမနေရာတွင် လည်းကောင်း အသီးသီးအပူချိန်မြင့်တက်လျက်ရှိကြောင်း သိရသည်။
မိုး/ဇလထုတ်ပြန်ချက်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
(မိုး/ဇလ)၏ ဧပြီလ ၂၈ ရက်ထုတ်ပြန်ချက်အရ ထူးခြားသည့်နေ့အပူချိန်များအဖြစ်-
ချောက်မြို့တွင် ၄၇ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်၊
မင်းဘူးမြို့တွင် ၄၅ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်၊
မကွေးမြို့နှင့်အောင်လံမြို့တို့တွင် ၄၅ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်၊ မြင်းမူမြို့နှင့် ညောင်ဦးမြို့တို့တွင် ၄၅ ဒသမ သုည ဒီဂရီဆဲလ်စီးယပ်၊ တောင်တွင်းကြီးမြို့တွင် ၄၄ ဒသမ ၉ ဒီဂရီဆဲလ်စီးယပ်၊ တံတားဦးမြို့တွင် ၄၄ ဒသမ
၃ ဒီဂရီဆဲလ်စီးယပ်၊ မြင်းခြံမြို့တွင် ၄၄ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်၊ ဆင်ဖြူကျွန်းမြို့တွင် ၄၃ ဒသမ ၉ ဒီဂရီဆဲလ်စီးယပ်အသီးသီးရှိကြောင်း သိရသည်။
မွေးမြူရေးတိရစ္ဆာန်များအတွက် အပူချိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေးနည်းလမ်းကောင်းများ
နေ့အပူချိန်မြင့်တက်လာခြင်းနှင့်အတူ ခရမ်းလွန်ရောင်ခြည်(Ultraviolet)လည်း ပါလာလေ့ရှိရာ ယင်းက သက်ရှိ သတ္တဝါအားလုံးအတွက် အပူချိန်ပြင်းထန်လွန်ကဲမှုဒဏ်ကို မလွဲမသွေ ဖြစ်ပေါ်ခံစားရနိုင်သည်။ ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနက လူသားတို့အတွက် အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်များကို နေ့စဉ်မပြတ် သတိပေးလျက်ရှိသကဲ့သို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်အောက်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဦးစီးဌာနကလည်း ပျားမွေးမြူရေးလုပ်ငန်းများ၊ မွေးမြူရေး တိရစ္ဆာန်များနှင့် ငါးမွေးမြူရေး ကန်များအတွက် အပူချိန် ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး နည်းလမ်း ကောင်းများစွာတို့ကို အောက်ပါအတိုင်း အသိပေးနှိုးဆော်ချက်များ ထုတ်ပြန်ထားသည်။
ပျားအုံများအတွက် အတောင်လိပ်ရောဂါကျရောက်မှု ကာကွယ်ရေးအပူချိန်လွန်ကဲမှုကြောင့် မေလမှ ဇူလိုင်လအတွင်း မွေးမြူရေး(ဥရောပ)ပျားအုံများတွင် အတောင်လိပ်ရောဂါကျရောက်တတ်ပြီး အဆိုပါ အတောင်လိပ်ရောဂါ ကျရောက်မှုကြောင့် သက်ငယ်ပျားများ(Nurse Bees) ဆုံးရှုံးကာ ပျားအုံဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်သည်။
သို့ဖြစ်ပါ၍ ပျားမွေးမြူရေး လုပ်ငန်းရှင်များအနေဖြင့် အတောင်လိပ်ရောဂါကျရောက်မှုမှ ကာကွယ်နိုင်ရန် အောက်ဖော်ပြပါ အချက်များကို ဂရုပြုလိုက်နာ ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
(က) မေ၊ ဇွန်၊ ဇူလိုင်လတို့တွင် အပူချိန်မြင့်မားသည့်အတွက် ပျားအုံများကို အရိပ်ကောင်းမွန်သည့် နေရာများတွင် ချထားမွေးမြူရန်၊
(ခ) ကပ်ပါးမွှားရောဂါကင်းစင်ရေးဆောင်ရွက်ရန်၊
(ဂ) ပျားသောက်ရေလုံလောက်စွာရရှိရေး ဆောင်ရွက်ရန်၊
(ဃ) ပျားအုံများ လေဝင်လေထွက်ကောင်းမွန်အောင်ဆောင်ရွက်ရန်၊
(င) ပျားအုံများအတွင်း သားလောင်းနှင့်သားထိန်းပျားများ အချိုးအစားညီမျှအောင် ဆောင်ရွက်ရန်၊
(စ) သကြားနှင့်ရေကိုသတ်မှတ်ထားသည့် အချိုးအစားဖြင့်ဖျော်စပ်ပြီး ဆားအနည်းငယ်ထည့်၍
တိုက်ကျွေးရန်၊
(ဆ) ပျားသလက်ပေါင်အသစ်များဖြင့် မွေးမြူနိုင်ရေး ဆောင်ရွက်ရန်၊
(ဇ) ရောဂါကျရောက်ဖြစ်ပွားနေကြောင်း သိရှိပါက နီးစပ်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ် ပျားမွေးမြူမှု ဖွံ့ဖြိုးရေးတာဝန်ခံရုံးနှင့် မြန်မာနိုင်ငံပျားလုပ်ငန်းအသင်းထံသို့ ဆက်သွယ်အကြောင်းကြား၍ ပူးပေါင်းဆောင်ရွက်ရန်စသည်တို့ကို အသိပေးနှိုးဆော်ထားသည်။
မွေးမြူရေးတိရစ္ဆာန်များ အပူချိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး
မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန်ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်ထားသည်။
(က) တိရစ္ဆာန်များကို အပူချိန်မြင့်သောအချိန်တွင် အရိပ်ရှိသောနေရာများ၌ ထားရှိရန်နှင့် အပူချိန်ပြင်းထန်မှုနည်းပါးသော နံနက်နှင့် ညနေမှသာ လွှတ်ကျောင်းခြင်းပြုရန်၊
(ခ) မွေးမြူထားသော တိရစ္ဆာန်များအတွက် သောက်သုံးရေများ လုံလောက်စွာရရှိရေး၊ ကြိုတင် စုဆောင်းရေးနှင့် လေလွင့်ဆုံးရှုံးမှု မရှိအောင် ဆောင်ရွက်ထားရန်၊
(ဂ) ပူပြင်းသောဒဏ်ကို ကာကွယ်ရန်အတွက် ရေဓာတ်ပါသောအစားအစာများကို ဖြည့်စွက်ကျွေးမွေးရန်၊
(ဃ) တိရစ္ဆာန်များရွှေ့ပြောင်းရန် လိုအပ်ပါက သောက်သုံးရေရရှိနိုင်ပြီး အပူဒဏ်မှ ကာကွယ် နိုင်သောနေရာများ စီစဉ်ထားရှိရန်၊
(င) တိရစ္ဆာန်အစာများဖြစ်သည့် ကောက်ရိုး၊ မြက်စို၊ မြက်နုများ စနစ်တကျကြိုတင်စုဆောင်းထားရန်၊
(စ) တိရစ္ဆာန်များတွင် ကူးစက်ရောဂါဖြစ်ပွားကျရောက်စေခြင်း မရှိစေရန်အတွက် ကာကွယ်ဆေးများ ပုံမှန်ထိုးနှံထားရန်၊
(ဆ) တိရစ္ဆာန်မွေးမြူထားရှိသောခြံနှင့် အစာသိုလှောင်ထားသောနေရာများတွင် မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲနှင့် ရေပုံးများထားရှိရန်၊
(ဇ) တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ထူးခြားဖြစ်စဉ်များရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ထံသို့ ဆက်သွယ်အကြောင်းကြား ပူးပေါင်း ဆောင်ရွက်ရန် စသည်တို့ကို အသိပေးနှိုးဆော်ထားသည်။
ငါးမွေးမြူရေးကန်များ အပူချိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး
(က) နေအပူချိန်မြင့်မားလွန်ကဲမှုကြောင့် ငါးမွေးမြူရေးကန်များရှိ ကန်ရေများရေငွေ့ပြန်ပြီး ရေလျော့နည်း ကျဆင်းလာသဖြင့် ကန်ထဲရှိ ငါးများ၏စွန့်ပစ်အညစ်အကြေးကြောင့်သော်လည်းကောင်း၊ မွေးမြူထားသော ငါးများကို အစာကျွေးလွန်ကဲသဖြင့် စားကြွင်းစားကျန်များကြောင့်သော်လည်းကောင်း၊ ရေထုညစ်ညမ်းပြီး ဆက်စပ်၍ ငါးရောဂါကျရောက်တတ်သဖြင့် သြဇာဓာတ်ထည့်သွင်းခြင်းနှင့် ငါးအစာ အလွန်အကျွံကျွေးခြင်းကို လျှော့ချပေးပါရန်၊
(ခ) နံနက်ပိုင်း မိုးအုံ့သောရက်၊ နှင်းကျသောရက်များနှင့် နေထွက်နောက်ကျသောရက်များတွင် ငါးများခေါင်းထောင်လျက် ကူးခပ်ခြင်း၊ ကမ်းစပ်သို့ စုပြုံလာခြင်းမျိုးရှိပါက ငါးမွေးမြူရေးကန်သည် အောက်ဆီဂျင်လျော့နည်းမှု ဖြစ်ပွားနေသဖြင့် ကန်အတွင်းသို့ ရေသစ်သွင်းခြင်း၊ ရေပန်းချခြင်း၊ ရေဒလက်များ မောင်းပေးခြင်း၊ မွေးမြူရေးကန်အတွင်း လှေလှော်ပေးခြင်း စသည့်နည်းလမ်းများအား ရေတွင်ပျော်ဝင် အောက်ဆီဂျင်မြင့်တက်ရေး ဆောင်ရွက်ပေးပါရန်၊
(ဂ) ငါးမွေးမြူရေးကန်များ နေအပူချိန်လွန်ကဲမှုကြောင့် ရေခန်းလာပါက သန့်ရှင်းသောရေသစ်များ ဖြည့်သွင်းပေးပါရန်၊
(ဃ) ရေသစ်သွင်းရန်အခက်အခဲရှိပါက မွေးမြူထားသော ငါးများကို အရေအတွက်လျှော့ချမွေးမြူရန်၊
(င) အပူချိန်ပြင်းပြသည့် အချိန်များဖြစ်သည့် နေ့လယ်ပိုင်းတွင် ငါးများ ကန်ပြောင်းရွှေ့ခြင်း မပြုရန်၊
(စ) ကန်ရေအရည်အသွေးသတ်မှတ်ချက်ဖြစ်သည့် ရေကြည်နှုန်း (၂၅-၄၀) စင်တီမီတာအတွင်း ရှိနေစေရန် (မိမိလက်ကို တံတောင်ဆစ်အထိ ရေတွင်နှစ်၍ လက်ဝါးကိုဖြန့်ပါက ခပ်ရေးရေး မြင်ရသောအခြေအနေရှိရပါမည်)
(ဆ) ကန်ရေအပူချိန်မြင့်မားသော အချိန်များတွင် ရေထုညစ်ညမ်းမှုဖြစ်စေသည့် ကစော်ဖတ်၊ ဝါးစော်ဖတ်များကျွေးခြင်းကို ရှောင်ကြဉ်၍ ပုံမှန်အစာများကိုသာ ချိန်ဆကျွေးပါရန်၊
(ဇ) အစာကျွေးပြီးပါက အစာကျန်များ ရှိ/မရှိကို ပုံမှန်စစ်ဆေးပေးပါရန်၊
(ဈ) မွေးမြူရေးကန်အား လိုအပ်ပါက ရေသစ်လဲလှယ်နိုင်ရေးအတွက် ရေကောင်းရေသန့် သိုလှောင်သည့် အရန်ကန်စီစဉ်ထားရှိပြီး ရေများ ရနိုင်သမျှ သိုလှောင်ထားပါရန်၊
(ည) ကန်အခြေအနေနှင့် ရေအရည်အသွေးပြောင်းလဲမှုအခြေအနေများကို နေ့စဉ်နံနက် (၆) နာရီ၌ ပုံမှန်စစ်ဆေးပါရန်၊
(ဋ) ငါးမွေးကန်၌ ပုံမှန်မဟုတ်သော အခြေအနေပြောင်းလဲခြင်းမျိုးများ ဖြစ်ပေါ်လာသည်ကို တွေ့ရှိရပါက အနီးဆုံး ငါးလုပ်ငန်းဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ပါရန် စသည်တို့ကို အသိပေးနှိုးဆော်ထားသည်။
ထို့ကြောင့် မွေးမြူရေးသမားများအနေဖြင့် အထက်ဖော်ပြပါ အသိပေးနှိုးဆော်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်သည့်အပြင် မွေးမြူရေးသမားအချင်းချင်းကိုလည်း ထပ်ဆင့်မျှဝေ အသိပေးကြဖို့လိုသည်။
ထို့ပြင် နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များ ဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်း တို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျားမိုးထစ်ချုန်းရွာခြင်း စသည့်မိုးလေဝသဖြစ်စဉ်များလည်း ဖြစ်ပေါ်နိုင်သည်။
သို့ဖြစ်ပါ၍ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်နေသူများသာမက ပြည်သူတို့အားလုံး နွေကာလဖြစ်သည့် ဧပြီလနှင့်မေလတို့အတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ အထူးဂရုပြုနေထိုင်ကြဖို့လိုပါကြောင်း နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများဖြစ်ကြသော (က) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဦးစီးဌာန၊ (ခ)မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ)နှင့် (ဂ) ကျန်းမာရေး ဝန်ကြီးဌာနတို့၏ အခါအားလျော်စွာ သတင်းထုတ်ပြန်ချက်များကို သတိထားကာ စဉ်ဆက်မပြတ် စောင့်ကြည့်ကြဖို့လိုပါကြောင်း သတိပေးနှိုးဆော်လိုက်ရပါသည်။ ။
တင်ထက်ထက်ဇော်