သန်းခေါင်စာရင်းကောက်ယူရေး ပြည်သူအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေး

 

သန်းခေါင်စာရင်းကောက်ယူရေး ပြည်သူအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေး

 

      တိုင်းပြည်အတွင်း မှီတင်းနေထိုင်ကြသော လူဦးရေအားလုံး၏ အသက်၊ လူမျိုး၊ ကိုးကွယ်သည့်   အယူဝါဒ၊  ယောက်ျား၊ မိန်းမ၊ အလုပ်အကိုင်မှအစ တစ်ဦးချင်းစီနှင့် သက်ဆိုင်သမျှ အကြောင်းအရာ အစုံအလင် မှတ်သားထားသော   စာရင်းကို သန်းခေါင်စာရင်းဟု ခေါ်သည်။ တစ်နည်းအားဖြင့် သန်းခေါင်စာရင်းကို  လူဦးရေစာရင်းဟုလည်း ဆိုနိုင်သည်။ သန်းခေါင်စာရင်း ကောက်ယူရေးဝန်ထမ်းတို့က အိမ်များတွင်  လူစုံ ရှိတတ်သည့့်ညဉ့်အချိန်များ၌ တစ်အိမ်တက်ဆင်း လှည့်လည် ကောက်ယူခဲ့သောကြောင့်   သန်းခေါင်စာရင်းဟု ခေါ်တွင်ခဲ့ဟန်တူသည်။

အမှန်တော့   နိုင်ငံတော်၏ လူဦးရေ၊ တိရစ္ဆာန်၊  အဆောက်အအုံ၊  ပစ္စည်း၊ လုပ်ငန်းစာရင်းများနှင့် စာရင်းအင်းဆိုင်ရာ အချက်အလက်များကို တိကျမှန်ကန်စွာ ရရှိနိုင်ရန် သန်းခေါင်စာရင်းကောက်ယူ ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရလျှင် သန်းခေါင်စာရင်း ကောက်ယူခြင်းသည် နိုင်ငံတစ်နိုင်ငံတွင် အချိန်ကာလ တစ်ခု၌ရှိနေသည့် လူဦးရေနှင့်လူမှုစီးပွားရေးဆိုင်ရာ  သတင်းအချက်အလက်များကို ရယူခြင်းပင်ဖြစ်သည်။

မရှိမဖြစ်လိုအပ်

    ထိုအချက်အလက်များသည် နိုင်ငံတော် အစိုးရနှင့် အချက်အလက် အသုံးပြုသူများ အတွက် မရှိမဖြစ်လိုအပ်ပြီး စီမံကိန်းများ ရေးဆွဲခြင်း၊ မူဝါဒချမှတ်ခြင်းတို့  ဆောင်ရွက်ရာတွင်  အသုံးပြုကြရခြင်းဖြစ်သည်။ နိုင်ငံတော်၏ ဘတ်ဂျက်ခွဲဝေမှု၊  ကျောင်း၊ ဆေးရုံ၊ လမ်းတံတားများ တည်ဆောက်မှုတို့အပါအဝင်  ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆန်းစစ်လေ့လာမှုတို့ အတွက်လည်း  အထောက်အပံ့ဖြစ်စေသည်။

နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် သန်းခေါင်စာရင်းသည်   လူဦးရေဆိုင်ရာ အချက်အလက်များနှင့်  အိမ်ထောင်စုများ၏ ဝိသေသလက္ခဏာများကို ရရှိနိုင်သည့် အရေးကြီးသော  အရင်းအမြစ်တစ်ခုဖြစ်သည်။ သန်းခေါင်စာရင်း၏ ထူးခြားသော အရည်အသွေးတစ်ခုမှာ အုပ်ချုပ်မှုဧရိယာ အသေးငယ်ဆုံး အဆင့်ထိ အချက်အလက်များကို   ပံ့ပိုးပေးနိုင်ခြင်းပင်ဖြစ်သည်။ ကောက်ယူရရှိသော အချက်အလက်များသည် အုပ်ချုပ်မှုနယ်ပယ် အဆင့်တိုင်းတွင် ထိရောက်သော ဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲခြင်းနှင့် အထောက်အထားပေါ် အခြေခံသော   ဆုံးဖြတ်ချက်များ ချမှတ်ခြင်းတို့အတွက်     မရှိမဖြစ် လိုအပ်သည်။

သန်းခေါင်စာရင်းမှ  ကောက်ယူရရှိသော အချက်အလက်များသည် နိုင်ငံတော်၏ သယံဇာတရင်းမြစ်များ ခွဲဝေသတ်မှတ်ခြင်း၊ နယ်မြေဧရိယာ နယ်နိမိတ်များကို ပြန်လည်ဆန်းစစ်နိုင်ခြင်း၊ လူမှုအခြေခံ အဆောက်အဦများ တည်ဆောက်ပေးခြင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ   ချမှတ်ရေးဆွဲခြင်းနှင့် ဝန်ဆောင်မှု လုပ်ငန်းများ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ  စသည်တို့ အတွက် အသုံးဝင်သည်။

များစွာအရေးပါ

    သန်းခေါင်စာရင်းသည် ပြည်သူတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာစီမံခန့်ခွဲရေး  စသည့်အကြောင်းအရာ အားလုံးနှင့်  သက်ဆိုင်ပေသည်။ နိုင်ငံတစ်နိုင်ငံတွင် မည်သည့်လုပ်ငန်းကို ဆောင်ရွက်သည်ဖြစ်စေ၊ သန်းခေါင်စာရင်းနှင့် ကင်းကွာ၍မရပေ။ သန်းခေါင်စာရင်းကို အခြေခံရမြဲဖြစ်ပေသည်။ တိုင်းပြည်၏ လူဦးရေ၊ ပြည်နယ်၊   တိုင်းနှင့်ဒေသ အသီးသီးအလိုက်     လူဦးရေပျံ့နှံ့မှု၊ အသက်အပိုင်းအခြားအလိုက် ယောက်ျား၊ မိန်းမဦးရေ၊  ပညာသင်ကြားလျက် ရှိသူ၊  ပညာတတ်မြောက်သူ၊   အမျိုးမျိုးအစားစားသော လုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိသူ   လူဦးရေ၊ အိမ်ထောင်ရေးအခြေအနေနှင့် ကလေးမွေးဖွားမှုစသည်တို့ ပါဝင်သော လူမှုရေး၊ စီးပွားရေး အကြောင်းအချက်များကို  တိုင်းပြည်တစ်ဝန်းလုံး အတွက် လည်းကောင်း၊ ဒေသအသီးသီး အတွက် လည်းကောင်း ခွဲခြမ်းစိတ်ဖြာ၍  မှန်ကန်စွာ သိရှိလေ့လာနိုင်ရန် သန်းခေါင်စာရင်းများကို ကောက်ယူရပေသည်။

ထို့ပြင် တိုင်းရင်းသားလူမျိုးများ အားလုံး၏  စီးပွားရေးကိုစီမံကိန်းဖြင့် အကောင်အထည်ဖော်ရေး အတွက်   သန်းခေါင်စာရင်းသည် အရေးတကြီး လိုအပ်သော ကိစ္စတစ်ရပ်ပင်ဖြစ်သည်။ ထို့ကြောင့် သန်းခေါင်စာရင်းသည် ပြည်သူတစ်ဦးချင်း အတွက်လည်းကောင်း၊  တိုင်းပြည်အတွက် လည်းကောင်း များစွာအရေးကြီးပေသည်။

မြန်မာနိုင်ငံတွင်      သန်းခေါင်စာရင်းကောက်ယူမှု

    လူဦးရေသတင်းအချက်အလက်ဆိုင်ရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံအသီးသီးတို့တွင်  ၁၀  နှစ်လျှင်တစ်ကြိမ်  ကောက်ယူလေ့ရှိကြသည်။ မြန်မာနိုင်ငံ၏  သန်းခေါင်စာရင်းကောက်ယူမှုသမိုင်းတွင်   ရှေးမြန်မာဘုရင်များ လက်ထက်ကပင် အခွန်ကောက်ခံရေးနှင့် စစ်မှုထမ်းဆောင်ရေးတို့အတွက်  သန်းခေါင်စာရင်း ကောက်ယူမှုဆန်သည့် စစ်တမ်းကောက်ယူမှုများ ပြုလုပ်ခဲ့ကြပြီး ကိုလိုနီနိုင်ငံ ဘဝတွင်လည်း နယ်ချဲ့အစိုးရ က ၁၀ နှစ်တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ယူခဲ့သည်။

လွတ်လပ်ရေးရပြီးခေတ်တွင် ၁၉၇၃ ခုနှစ်တွင်မှ    ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ကောက်ယူနိုင်ခဲ့ပြီးနောက်  ၁၀ နှစ်အကြာ ၁၉၈၃ ခုနှစ်တွင်လည်း ပြည်လုံးကျွတ်သန်းခေါင်စာရင်း ထပ်မံကောက်ယူခဲ့သည်။ ခေတ်အဆက်ဆက် ကောက်ယူခဲ့သော သန်းခေါင်စာရင်းများအရ မြန်မာနိုင်ငံ၏ လူဦးရေသည်  ၁၈၉၁  ခုနှစ်တွင် ၈ သန်းကျော်၊ ၁၉၁၁ ခုနှစ်တွင် ၁၂ သန်းကျော်၊ ၁၉၂၁ ခုနှစ်တွင် ၁၃ သန်းကျော်၊ ၁၉၃၁ ခုနှစ်တွင် ၁၄ သန်းကျော်နှင့် ၁၉၄၁ ခုနှစ်တွင် ၁၆ သန်းကျော်ရှိခဲ့ပြီး ၁၉၇၃ ခုနှစ်တွင် လူဦးရေ  ၂၉ သန်းခန့်နှင့် ၁၉၈၃ ခုနှစ်တွင် ၃၅ သန်းကျော်ရှိခဲ့သည်။ ၂၀၁၄ ခုနှစ်  လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ   မြန်မာနိုင်ငံ၏ စုစုပေါင်းလူဦးရေမှာ ၅၁ ဒသမ ၄၉ သန်း ဖြစ်ပြီး  လူဦးရေတိုးနှုန်း သုည ဒသမ ၈၉ ရာခိုင်နှုန်း ရှိသည်။

၂၀၂၄   ခုနှစ်   သန်းခေါင်စာရင်းကောက်ယူရေး

    ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းသည်     ဆယ်စုနှစ်တစ်ခု ကြာမြင့်ခဲ့ပြီဖြစ်ရာ ကွဲလွဲမှုများ၊ အပြောင်းအလဲများ ရှိနေပြီဖြစ်သည်။ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရန်အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းပြုစုခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်လျက် ရှိပြီဖြစ်သည်။ ၎င်းလုပ်ငန်းစဉ်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်မှစတင်ကာ ၃၆ လကြာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး   မကြာမီပြီးစီးတော့မည်ဖြစ်သည်။ သန်းခေါင်စာရင်းဆိုင်ရာ   ပြည်သူလူထု အသိပညာပေး လုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည်။

သန်းခေါင်စာရင်းလုပ်ငန်းသည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး ပြည်သူလူထု၏ ပူးပေါင်းမှုများစွာ လိုအပ်လျက်ရှိသည်။ ထို့ကြောင့်  တာဝန်ရှိသူများနှင့် ပြည်သူများအနေဖြင့် မြေပြင်တွင်ကြုံတွေ့ရမည့် အခက်အခဲများနှင့်    စိန်ခေါ်မှုများကို ဝိုင်းဝန်းဖြေရှင်းသွားရန် လိုအပ်ပေသည်။

ကြိုတင်မြော်တွေးနိုင်မှု၊  ဝိုင်းဝန်းပေါင်းစပ် ညှိနှိုင်းအဖြေရှာမှုများနှင့်ပင်  ပြဿနာကို   ကျော်လွှားသွားရန် လိုအပ်ပေသည်။ အထူးသဖြင့် တိကျမှန်ကန်သည့် သန်းခေါင်စာရင်းရလဒ်များသည်    နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏    အန္တိမရည်မှန်းချက်ဖြစ်သည့်   နည်းလမ်းကျန မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်   တစ်ဖက်တစ်လမ်းကအထောက်အကူဖြစ်စေမည် ဖြစ်သည်။

သန်းခေါင်စာရင်း ကောက်ယူရေး ပြည်သူအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေး        

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်   ၂၀၂၄   ခုနှစ် စက်တင်ဘာလ ၁ ရက်တွင်၂၀၂၄  ခုနှစ်  လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းအထိမ်းအမှတ် ပြည်သူသို့ ပြောကြားသည့် ဗီဒီယိုမိန့်ခွန်း၌   “၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့ကနေ (၁၅ )ရက်နေ့အထိ ကောက်ယူမယ့် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဟာ ပြည်တွင်းရှိ လူ့စွမ်းအားအရင်းအမြစ်တွေကို အခြေခံပြီး ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်နေတဲ့ အမျိုးသားရေး လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ ဒီလုပ်ငန်းကြီးကို တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတည်းနဲ့ ဆောင်ရွက်လို့မရနိုင်ဘဲ နိုင်ငံတစ်ဝန်း နိုင်ငံသူ၊ နိုင်ငံသား၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးရဲ့ ညီညွတ်သောအင်အားနဲ့ အောင်မြင်အောင် ဆောင်ရွက်ပြီး     ကမ္ဘာ့အလယ်တွင် နိုင်ငံ့စွမ်းအားကို ပြသရမှာလည်း ဖြစ်ပါ တယ်။ တစ်နည်းအားဖြင့်ပြောရရင် တိုင်းရင်းသား   ပြည်သူတစ်ရပ်လုံးရဲ့ ပူးပေါင်းပါဝင်မှုအားနဲ့  သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်မယ့် အခွင့်အခါကောင်း တစ်ရပ်လည်းဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ သန်းခေါင်စာရင်း   လုပ်ငန်းစဉ်ကြီးကို နိုင်ငံတော်၏ အမျိုးသားရေး လုပ်ငန်းစဉ်အဖြစ်ခံယူပြီး “ပြည်သူအားလုံးပါဝင်လို့၊ သန်းခေါင်စာရင်းကောက်ကြစို့”  ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက   အင်တိုက်အားတိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါလို့တိုက်တွန်းနှိုးဆော်” ကြောင်း ပြောကြား သွားခဲ့သည်။

သန်းခေါင်စာရင်း၏ ရည်ညွှန်းချိန် ကို စက်တင်ဘာလ  ၃၀  ရက် ညသန်းခေါင်ယံ အချိန်ကို သတ်မှတ်ထားပြီး ရည်ညွှန်းချိန်၏  နောက်တစ်နေ့ဖြစ်သည့်  ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁  ရက်မှ ၁၅ ရက်အထိ စုစုပေါင်း  ၁၅  ရက်ကြာ ကောက်ယူသွားမည်ဖြစ်သည်။  ယခုဆောင်ရွက်မည့်  သန်းခေါင်စာရင်းလုပ်ငန်းသည်   နိုင်ငံတကာ အကူအညီမပါဘဲ ကိုယ်ပိုင်အင်အားနှင့် စွမ်းဆောင်ခဲ့သည့်  သမိုင်းတစ်ခုအနေဖြင့်   မှတ်ကျောက်တင်နိုင်အောင်  နိုင်ငံသူ၊  နိုင်ငံသားအားလုံး၏ ဝိုင်းဝန်းကြိုးပမ်း  ဆောင်ရွက်မှုများ   လိုအပ်ပေသည်။  ထို့ကြောင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး   ဖြစ်ပေါ်စေရေး အတွက် လွန်စွာအရေးပါသည့် သန်းခေါင်စာရင်းကောက်ယူမှု   လုပ်ငန်းကြီးတွင်   ပြည်သူတစ်ရပ်လုံး  ပူးပေါင်းပါဝင်သွားကြပါစို့ဟု တိုက်တွန်း ရေးသားလိုက်ရပါသည်။     ။

မောင်သောင်းဝင်း

(တမန်ဟောင်း)