၂၀၂၁ ခုနှစ်အတွင်းကျင်းပမည့် အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲနှင့် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲ တို့၌ မြန်မာအားကစားအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်မည်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အကြိမ် (၂၀) မြောက် အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို မူလက ယခုနှစ်အတွင်းကျင်းပရန် စီစဉ်ထားသော်လည်း COVID-19 ရောဂါအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရကာ ၂၀၂၁ ခုနှစ် ဇွန်လအတွင်း ထိုင်းနိုင်ငံ၌ ပြန်လည်ကျင်းပမည် ဖြစ်သည်။
ထို့ပြင် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲကို မူလက ယခုနှစ် နိုဝင်ဘာလအတွင်း ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပရန် စီစဉ်ခဲ့သော်လည်း COVID-19 ရောဂါအခြေအနေကြောင့် ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်းထားပြီး ပြန်လည်ကျင်းပမည့် ကာလကို ပြိုင်ပွဲကျင်းပရေးမှ ထုတ်ပြန်ထားခြင်း မရှိသေးပေ။ ယင်းပြိုင်ပွဲနှစ်ရပ် ယှဉ်ပြိုင်နိုင်ရေးအတွက် မြန်မာအားကစားအဖွဲ့များ ပြင်ဆင်မှုပြုလုပ်ရန် ဒီဇင်ဘာ ၁၂ ရက်က ပြုလုပ်ခဲ့သည့် အားကစားနှင့်ပညာရေး ထိရောက်စွာပေါင်းစပ်ရေး၊ အားကစားနှင့် ပညာရေးပေါင်းစပ်မှု ဦးစီးကော်မတီ ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေး၌ ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
ပြီးခဲ့တဲ့ အစည်းအဝေးမှာ မြန်မာအားကစား အဖွဲ့တွေကို အာဆီယံတက္ကသိုလ်ပြိုင်ပွဲနဲ့ ကျောင်းသားအားကစားပြိုင်ပွဲ ယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင်ထားဖို့ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ အားကစားအဖွဲ့အများစုလည်း ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ လေ့ကျင့်နိုင်ဖို့တော့ လျာထားပါတယ်။
ဒါပေမဲ့ COVID-19 ရောဂါအခြေအနေပေါ်မူတည်ပြီး လေ့ကျင့်မှုတွေ လုပ်ဆောင်မှာဖြစ်ပါတယ်ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ၂၀၁၈ အာဆီယံတက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ၌ မြန်မာအားကစား အဖွဲ့သည် ရွှေတံဆိပ်ဆု ၂၄ ခု၊ ငွေတံဆိပ်ဆု ၂၆ ခု၊ ကြေးတံဆိပ်ဆု ၂၉ ခုစုစုပေါင်းဆုတံဆိပ် ၇၉ ခုရရှိကာ နိုင်ငံအလိုက် အဆင့် (၄) နေရာ၌ ရပ်တည်နိုင်ခဲ့သည်။
အဆိုပါနှစ်မှာ မြန်မာအားကစားအဖွဲ့အနေဖြင့် အာဆီယံတက္ကသိုလ်ပေါင်းစုံပြိုင်ပွဲသမိုင်းတစ်လျှောက် အအောင်မြင်ဆုံး နှစ်အဖြစ် ရပ်တည်နိုင်ခဲ့သည်။
၂၀၁၉ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲတွင် မြန်မာအားကစား အဖွဲ့သည် ရွှေတံဆိပ်ဆုတစ်ခုနှင့် ကြေးတံဆိပ်ဆုတစ်ခုသာ ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
ကိုရဲ