အနီကတ်ပြစ်ဒဏ် အယူခံအောင်မြင်သည့်အတွက် မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ပွဲပယ်ပြစ်ဒဏ် ကျခံရမည်မဟုတ်
မန်ချက်စတာ အောက်တိုဘာ ၂
မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် အနေဖြင့် အနီကတ်ပြစ်ဒဏ် အယူခံတင်သွင်းရာ အောင်မြင်သည့်အတွက် ပွဲပယ်ပြစ်ဒဏ် ကျခံရမည် မဟုတ်ကြောင်း သိရသည်။
ပရီးမီးယားလိဂ်ပွဲစဉ်(၆)အဖြစ် ကစားသည့် မန်ယူအသင်းက အိမ်ကွင်း၌ စပါးအသင်းကို ၃ ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်သည့်ပွဲစဉ်တွင် ပထမပိုင်းပြီးဆုံးခါနီး ပွဲချိန် ၄၂ မိနစ်တွင် ဘရူနိုဖာနန်ဒက်စ် စပါးအသင်းမှ ကွင်းလယ်ကစားသမား ဂျိမ်းစ်မက်ဒီဆင်ကို ဖျက်ထုတ်ပုံကြမ်းတမ်းသည့် အတွက် ကွင်းလယ်ဒိုင်လူကြီး ခရစ်ကာဗာနက်စ်က တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။
ဘရူနိုဖာနန်ဒက်စ်၏ စပါးအသင်းနှင့်ပွဲစဉ်တွင် ပြသခံရသည့် အနီကတ်ပြစ်ဒဏ်မှာ ၎င်း၏ မန်ယူ အသင်းကစားသမား သက်တမ်းတစ်လျှောက် ပထမ ဆုံးအကြိမ်အဖြစ် အနီကတ်ပြခံရခြင်း ဖြစ်သည်။
အဆိုပါဖြစ်ရပ်မှာ ဘရူနိုဖာနန်ဒက်စ်သည် ဂျိမ်းစ်မက်ဒီဆင် ဘောလုံးဆွဲပြေးသည်ကို လျှောထိုးဟန့်တားခဲ့ရာ အရှိန်လွန်ပြီး ဖျက်ထုတ်ပုံကြမ်းတမ်းသည့်အတွက် ကွင်းလယ်ဒိုင်လူကြီးက တိုက်ရိုက် အနီကတ်ပြခြင်းဖြစ်သည်။
ဘရူနိုဖာနန်ဒက်စ်၏ဖျက်ထုတ်ပုံမှာ အဝါကတ်သာပြသပြီး သတိပေးမှု ပြုလုပ်နိုင်မည်ဖြစ်သော်လည်း ကွင်းလယ်ဒိုင်လူကြီးက ဗီဒီယိုအကူစနစ်(VAR)ပင် ပြန်လည်မကြည့်ရှုဘဲ တိုက်ရိုက်အနီကတ်ပြရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါပွဲစဉ်အပြီးတွင် မန်ယူအသင်းက ဘရူနိုဖာနန်ဒက်စ်၏ အနီကတ်ပြစ်ဒဏ်အတွက် အယူခံတင်သွင်းရာ အောင်မြင်ခဲ့ခြင်းဖြစ်သည်။
ဘရူနိုဖာနန်ဒက်စ်သည် အစောပိုင်းက အနီကတ် ပြစ်ဒဏ်ကြောင့် အောက်တိုဘာလ ၆ ရက်တွင်ကစားမည့် အက်စ်တွန်ဗီလာအသင်းနှင့် ပွဲစဉ်၊ အောက်တိုဘာလ ၁၉ ရက်တွင်ကစားမည့် ဘရန့်ဖို့ဒ်အသင်းနှင့် ပွဲစဉ်၊ အောက်တိုဘာလ ၂၇ ရက်တွင် ကစားမည့် ဝက်စ်ဟမ်းအသင်းနှင့် ပွဲစဉ်သုံးပွဲကို လွဲချော်ရမည်ဖြစ်သော်လည်း ယခုအခါ ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်က ဘရူနိုဖာနန်ဒက်စ်၏ အနီကတ်ပြစ်ဒဏ်ကို ပြန်လည်ပယ်ဖျက်ပေးခဲ့သည့် အတွက် အက်စ်တွန်ဗီလာ အသင်းနှင့်ပွဲစဉ်တွင်လည်း ပြန်လည်ပါဝင်နိုင်မည်ဖြစ်ကြောင်း သိရသည်။