FPTP စနစ်ချည်းသာလော … PR စနစ်ကိုလည်း ပါစေချင်ပါသည်

 

FPTP စနစ်ချည်းသာလော … PR စနစ်ကိုလည်း ပါစေချင်ပါသည်

 

    ဘဝသက်တမ်းတစ်ဝက်လောက်ကို  နိုင်ငံရေးနယ်ပယ်ထဲတွင် ကျင်လည်နေခဲ့သော ကျွန်တော်သည် မီးစာကုန်ဆီခန်းသည့်အချိန်  မရောက်သေးသရွေ့ နိုင်ငံ့အရေးအတွက် နိုင်ငံရေးတွင် ထဲထဲဝင်ဝင် ပါဝင် ပတ်သက်နေဦးမည်သာ…။  နိုင်ငံ့အရေးအတွက် နိုင်ငံရေးလုပ်ဖို့ဆိုလျှင်လည်း  မသေချာမရေရာသော မဲဆွယ်စကားများ၊ မဟုတ်မမှန်လုပ်ကြံရေးသားသော နိုင်ငံရေးဇာတ်လမ်းများကြား   တံလျှပ်ရေထင် ရွှေသမင်အလိုက် မမှားစေဖို့အတွက် သမိုင်းကျေကြဖို့တော့ လိုပါသည်။ ဖြစ်ချင်သောဆန္ဒများထက် အဖြစ်သင့်ဆုံးအရာများကို အကောင်အထည်ဖော်ရန်အတွက်  နိုင်ငံသားတိုင်း နိုင်ငံရေးရေချိန်ပြည့်ဝနေဖို့လည်း လိုအပ်လှပေသည်။ လက်ရှိတွင် နိုင်ငံတော်ကို အုပ်ချုပ်နေသော တည်ဆဲအစိုးရက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ် ဆောင်ရွက်နိုင်ရေးအတွက်   ဦးတည်ဆောင်ရွက်နေကြောင်း ကြားသိရပြီးနောက် ထိုရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကျွန်တော့်အမြင်ကို စာဖတ်သူတို့ သိရှိနိုင်ရန် ရေးသားလိုက်ရပေသည်။

လွတ်လပ်ရေးရပြီးချိန်ကစလို့ မြန်မာနိုင်ငံ၏ ပါတီနိုင်ငံရေးသမိုင်းကို   လေ့လာကြည့်မည်ဆိုပါက ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့သည့်အချိန်တွင် ဖဆပလပါတီကသာ အနိုင်ရခဲ့သည်။ အခြားသော ပါတီများက အိမ်ဖြည့် အဖြစ်မျှသာ ပါဝင်နိုင်သည်။ အတိုက်အခံအဆင့်အထိ ရပ်တည်နိုင်ခြင်းမျိုး မရှိခဲ့ပါ။

ဖဆပလတစ်ပါတီတည်းမှာပင် အာဏာကိုဆက်တိုက် ရလာသည့်အခါ ပါတီတွင်း အကွဲအပြဲမှာ ထိန်းသိမ်းမရအောင် ပေါ်လာခဲ့သည်။   ဦးဗိုလ်သခင်ဆိုသော စကားရပ်သည် ထိုစဉ်က ပေါ်လာသည့် စကားဖြစ်သည်။ ၁၉၅၈ ခုနှစ် ဖဆပလပါတီဝန်ကြီးချုပ်ဦးနု ကိုယ်တိုင်က သူတို့အစိုးရအဖွဲ့(ပါတီ) အကွဲအပြဲ ဆိုးရွားလာသည့်အတွက်   ထိုစဉ်ကတပ်မတော် ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ်ကြီးနေဝင်းကို အိမ်စောင့်အစိုးရအဖြစ် လွှဲပြောင်းပေးခဲ့သည်။

ထိုတုန်းကအိမ်စောင့်အစိုးရဆိုတာ တပ်ကလူတွေချည်း မဟုတ်ခဲ့ပါ။   အရပ်သားပညာရှင် တွေအများကြီးပါပါသည်။  ၁၉၆၀  ပြည့်နှစ်မှာ ရွေးကောက်ပွဲ ကျင်းပပေးခဲ့သည့်အခါ ဖဆပလမှ သန့်ရှင်းနှင့်တည်မြဲကွဲသွားကာ သန့်ရှင်းဖဆပလက အနိုင်ရ၍ အစိုးရဖွဲ့နိုင်ခဲ့သည်။ ပြည်ထောင်စုပါတီဟု အမည်ပြောင်းသည်။ ၁၉၆၂ ခုနှစ်တွင်ပြည်နယ်များ သီးခြားခွဲထွက်ခွင့် ဖက်ဒရယ်မူကို တောင်းဆိုလာကြသည်။ ဤပြဿနာမှာ တိကျသော အဖြေပေါ်ထွက်မလာဘဲ  ငြင်းခုံခြင်းဖြင့်  အချိန်များကုန်လွန်ခဲ့သည်။ ကြာလာလျှင်  တိုင်းပြည်ပြိုကွဲတော့မည့် အခြေအနေ ပေါ်လာသဖြင့်  တပ်မတော်က နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို ထိန်းသိမ်းလိုက်ရသည်။ ၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ် ပေါ်လာကာ အစိုးရတစ်ရပ်ပေါ်လာခဲ့သည်။ နိုင်ငံရေး သမားအချင်းချင်း စိတ်ဝမ်းကွဲပြားမှုမရှိစေရန် အတွက် ပါတီပေါင်းစုံမှ ခေါင်းဆောင်များကို တစ်ပါတီစနစ်တွင် ပါ၀င်စေခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီဆိုသည်မှာ   ပါတီပေါင်းစုံပါဝင် ဖွဲ့စည်းကာ ဆိုရှယ်လစ်စနစ်ဖြင့် နိုင်ငံကို တည်ဆောက်ခဲ့သည်။

မြန်မာ့နိုင်ငံရေးတွင် တစ်ပါတီစနစ်ကို လေ့လာသည့်အခါ နိုင်ငံတိုးတက်စေရေး စီးပွားရေးမူဝါဒ ပြောင်းသင့်သည့်အချိန်တွင် မပြောင်းခဲ့သည့်အတွက် နိုင်ငံစီးပွားရေးများစွာ ကျဆင်းခဲ့သည်။ ထို့ကြောင့် ၁၉၈၈ ခုနှစ်တွင် အရေးအခင်းကြီး တစ်ရပ်ပေါ်ပေါက်လာကာ အုပ်ချုပ်မှုယန္တရားများ ရပ်ဆိုင်းသွားခဲ့သည်။ ဤနေရာတွင်စာရေးသူ အနေဖြင့် ယနေ့လူငယ်များ မသိသေးသည့်အချက်အချို့ကို ဖော်ပြချင်ပါသည်။  ထိုစဉ်က   နိုင်ငံတော်သမ္မတ ဒေါက်တာမောင်မောင်က    စစ်အုပ်ချုပ်ရေး   ရုပ်သိမ်းကာ ဒီမိုကရေစီပေးခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်ဖွဲ့ သည်။ ပါတီဖွဲ့ပြီး ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်စေသည်။ သို့သော်ပြည်ပက သွေးထိုးနှောင့်ယှက်မြှောက်ပင့်ပေးမှုကြောင့် ဒီမိုကရေစီမဟုတ်တော့ဘဲ  အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ကာ လူသတ်ခေါင်းဖြတ်သည့်အပြင် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ အုပ်ချုပ်ရေးယန္တရား ပျက်သွားသည့်အတွက် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းလိုက်ရသည်။

ဒီနေရာမှာ ကျွန်တော်သည် မျှတသောအမြင်ဖြင့် ရေးသားလိုပါသည်။  နဝတ/နယက လက်ထက်တွင် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းတွေ အများကြီး လုပ်ခဲ့သည်။ သူတို့ဆောက်ပေးထားသည့် လမ်းတံတားတွေ၊  အဆောက်အအုံတွေ၊  နောက်ဆုံး တက္ကသိုလ်တွေ   အများကြီးပြစရာ ကျန်ခဲ့သည်။ ပြည်သူများ တောင့်တနေသည့်  ဒီမိုကရေစီစနစ်ကို စနစ်တကျအကောင်အထည်ဖော်ပေးကာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို    တည်ငြိမ်အေးချမ်းစွာ တည်ဆောက်ပေးခဲ့သည်။ တက္ကသိုလ်ကဘွဲ့ရခဲ့သော ကျောင်းသား၊ ကျောင်းသူတို့သည် မိမိတို့တက်ခဲ့သော  တက္ကသိုလ်ကို မည်သည့်အစိုးရက တည်ဆောက်ပေးခဲ့သည်ကို သိသူနည်းပါးလှသည်။  စစ်အာဏာရှင်ဟူသော   စကားလုံးအောက်တွင်  သူတို့၏ အသိအမြင်များကို နိုင်ငံရေးသမားအမည်ခံ အစွန်းရောက်ဝါဒစွဲကိုင်သူအချို့က အရောင်ဆိုးပေးခဲ့သည်။

နယက  အစိုးရက   တစ်နိုင်ငံလုံးမှာရှိသော အသိပညာရှင်များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ရေးဆွဲပေးခဲ့ပြီး ထိုဥပဒေအရ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲဟူ၍ ရွေးကောက်ပွဲ သုံးကြိမ်ကျင်းပခဲ့သည်။ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အာဏာရပါတီအနေဖြင့် အာဏာကို အလွဲသုံးစားပြုကာ မဲမသမာမှု ကြီးကြီးမားမား ဖြစ်ခဲ့သည်။ ဘယ်လိုနည်းနဲ့နိုင်နိုင် နိုင်အောင်လုပ်ရမည်ဆိုသည့် ပါတီခေါင်းဆောင်၏ စကားကြောင့် မဲမသမာမှုမှာ ဖြေရှင်းမရနိုင်လောက်အောင်ဖြစ်ခဲ့သည်။ ထိုအချိန်ကသာ မဲမသမာမှုဖြစ်စဉ်ကို သက်ဆိုင်သူအားလုံးက ပူးပေါင်းဖြေရှင်းမည်ဆိုပါက မြန်မာနိုင်ငံ၏အနာဂတ်မှာ သာယာနေမည်ဖြစ်သည်။ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်း ဟူသော ဒီမိုကရေစီနည်းလမ်းကို သုံးသင့်ပါလျက်   မသုံးဘဲနေခဲ့သည်။ဤဖြစ်ရပ်မှန်ကို အနောက်နိုင်ငံနှင့် အပေါင်းပါတို့က ရေငုံနှုတ်ပိတ် နေခဲ့သည်။ ဒါကလည်း အကြောင်းရှိသည်။  မဲမသမာမှု ဖြစ်နေမှန်းသိသော်လည်း  နှုတ်ပိတ်မနေလျှင်  သူတို့အလိုကျကြိုးဆွဲရာကမည့်   ရုပ်သေးအစိုးရကို လက်လွှတ်လိုက်ရမည် ဖြစ်ကြောင်း သိနေသဖြင့် သူတို့အာဏာ စက်အတိအကျ သက်ရောက်မည့် အစိုးရမျိုးကို ဒီမိုကရေစီအကြောင်းပြကာ  အစိုးရ တင်မြှောက်လိုခြင်းကြောင့်ဖြစ်သည်။

တပ်မတော်က ဒီမိုကရေစီစနစ်ကို  ခိုင်မာစွာ တည်ဆောက်ပေးခဲ့သည့်အတွက် ဒီလိုမျိုး ဒီမိုကရေစီစနစ် ပျက်ယွင်းသွားမည်ကို လိုလားမည်မဟုတ်ကြောင်း ကျွန်တော်ပြေးကြည့်စရာမလို  တွေးကြည့်ရုံနှင့် တင်သိပါသည်။ သို့သော်   ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင်  တပ်မတော်အား ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ပေးထားသည်။ ထို့ကြောင့်အရေးပေါ် ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ   တပ်မတော်ကနိုင်ငံတော်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသည်။ ထိုနေ့ကမှတ်မှတ်ရရ မဲမသမာမှု အငြင်းပွားနေသည့် လွှတ်တော်ခေါ်ယူမည့်နေ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဦးဆောင်ပြီး  အစိုးရတစ်ရပ် ဖွဲ့စည်းပါသည်။ သေချာ လေ့လာကြည့်လျှင် ထိုအစိုးရတွင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် တပ်တို့ အချိုးအစားတူညီစွာ ဖွဲ့ထားခြင်းဖြစ်သည်။ အဓိကအချက်ပြောရရင် တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးမည်။   အနိုင်ရပါတီအဖွဲ့အစည်းကို အာဏာလွှဲအပ်မည်။ မဲမသမာမှု အမှန်တကယ်ရှိကြောင်းကိုလည်း မြေပြင်ကွင်းဆင်းပြီး တိတိကျကျဖော်ထုတ်မည်။ တကယ်လည်း ဖော်ထုတ်ပေးခဲ့သည်။ မဲ ၁၁ သန်းကျော် မသမာမှုပြုခဲ့သည်။ နစကအစိုးရသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံ ကိုယ်စားလှယ်များကိုပင် လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုထားခဲ့သည်။  ထိုသို့လွတ်လပ်ခွင့်ပေးလိုက်ခြင်းကပင် ရွေးကောက်ခံ ကိုယ်စားလှယ်အချို့ ပြည်ပထွက်ပြေးခွင့်ရကာ ယခုပေါ်ပေါက်နေသည့် CRPH, NUG စသဖြင့်စင်ပြိုင်အစိုးရ တည်ထောင်နိုင်ခဲ့ခြင်းဖြစ်သည်။

အမှန်တကယ်လက်တွေ့ကျကျပြောရလျှင် နစကအစိုးရသည်   နိုင်ငံရေးပြဿနာကို  နိုင်ငံရေးနည်းဖြင့်  ဖြေရှင်းရန် လမ်းဖွင့်ပေးထားခြင်း ဖြစ်သည်။ ထိုသူများသာ နိုင်ငံချစ်စိတ်၊ သဘောထားရိုးဖြောင့်သည့် စိတ်ရှိပါက   ပါတီကို ဆက်လက် တည်ထောင်ကာ ရွေးကောက်ပွဲဝင်ကြရန်ဖြစ်သည်။ သို့သော်သူတို့သည် မသိနားမလည်သော လူငယ် များကို   မမှန်မကန်ဝါဒဖြန့်ကာ  စစ်အာဏာရှင် တိုက်ဖျက်ရေးဟူသော စကားလုံးဖြင့်   လမ်းမှားသို့ ပို့ကာ လူသတ်၊ မိုင်းထောင်၊ အကြမ်းဖက်လုပ်ရပ်များ လုပ်စေခဲ့သည်။ နိုင်ငံကိုပျက်စီးအောင် လုပ်ဆောင်လျက်ရှိသည်။ အမှန်တကယ်တော့ စစ်အာဏာရှင်ဟု သူတို့စွပ်စွဲနေသော  နစကအစိုးရသည် အာဏာရှင်မဆန်စွာ အလွန့်အလွန်သဘောထား ပျော့ပျောင်းသည့် အစိုးရတစ်ရပ်ဖြစ်ကြောင်း သူတို့လုပ်ရပ်ကြည့်ကာ ကျွန်တော်မှတ်ချက်ပြုချင်သည်။  CRPH, NUG နှင့်PDFဟူသော အကြမ်းဖက်အဖွဲ့များသာ မပေါ်ပေါက်လာပါက ယခုအချိန်တွင် မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းတွင် ပြန်လည်လျှောက်လှမ်း နေနိုင်ပြီဖြစ်သည်။ ဒီမိုကရေစီတွင်  ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုသည့် မဏ္ဍိုင်ကြီး ၃ ရပ်ရှိသည်ကို အားလုံးသိကြမည် ထင်ပါသည်။ ထိုထဲကမှ ဥပဒေပြုရေးအတွက် အဓိကတာဝန်ရှိသည့် အဖွဲ့အစည်းမှာ လွှတ်တော်ဖြစ်ပါသည်။   လိုရင်းပြောရလျှင်  ရွေးကောက်ခံကိုယ်စားလှယ်များသည် ဥပဒေပြုရမည့်သူများ ဖြစ်ပါလျက် ဥပဒေကို မျက်ကွယ်ပြုကာ အကြမ်းဖက်လမ်းစဉ်ကိုရွေးခဲ့ကြသည်။ မိုက်မဲလိုက်ကြသည်ဖြစ်ခြင်း …။

လက်ရှိတည်ဆဲအစိုးရ၏ ပန်းတိုင်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ပင်ဖြစ်ပါသည်။   အလွယ်ဆုံးနှင့်   အရိုးရှင်းဆုံး ပြောရလျှင် မဲခိုး၊ မဲလိမ်မှုမရှိသော၊ ပွင့်လင်းမြင်သာသော၊ တရားမျှတသော၊ ရွေးကောက်ပွဲ ကျင်းပနေစဉ်အတွင်း မကျေနပ်မှု တစ်စုံတစ်ရာရှိပါက   မှတ်ကျောက်တင် စစ်ဆေးမှုကိုခံနိုင်သော  ရွေးကောက်ပွဲမျိုးကို ကျင်းပပေးလိုခြင်းဖြစ်သည်။  အချို့သောနိုင်ငံရေး မှတ်ချက်တချို့က တပ်မတော်မှဖြစ်ပေါ်လာသော ယခုအစိုးရသည် ရွေးကောက်ပွဲဖြစ်မြောက်ရန် အားထည့်ဆောင်ရွက်နေခြင်းမှာ ထိုရွေးကောက်ပွဲကသာလျှင်  တပ်မတော်အတွက် ထွက်ပေါက်ဖြစ်သောကြောင့်ဟူ၍ ကြားသိနေရသည်။ ထိုမှတ်ချက်နှင့် ပတ်သက်၍ ကျွန်တော့်အမြင်ကိုပြောပါဟု ဆိုလာပါက  အဖြေသည်  ခပ်ရှင်းရှင်းသာရှိလေသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဆိုသည်မှာ ဒုတိယဒီမိုကရေစီ အစိုးရအနေဖြင့် မဲလိမ်မဲခိုးမှုများ၊ မဲမသမာမှုပြဿနာများကို ပြည်သူလူထုအား ဖြေရှင်းရန်ပျက်ကွက်ခဲ့မှုကြောင့် ထိုပြဿနာများကို ဖြေရှင်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည့်အတွက် ထိုပြဿနာများကို ပြေလည်အောင်ဖြေရှင်းပြီး လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ဖို့ကို ရည်မှန်းချက် ၂ ရပ်၊ ရှေ့လုပ်ငန်းစဉ်များ ၅ ရပ်နှင့် ဦးတည်ချက်များ ၉ ရပ်တို့ချမှတ်ကာ လက်ရှိတည်ဆဲအစိုးရက ဆောင်ရွက်နေခြင်းသာ ဖြစ်သည်ဟု မြင်ပါသည်။ 

နစကအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးဖို့ လုပ်ဆောင်လျက်ရှိရာ မိမိဖြတ်သန်းလာသော သမိုင်းအတွေ့အကြုံများအရ ရွေးကောက်ပွဲတွင် အဖြစ်သင့်ဆုံးသော ရွေးကောက်ပွဲစနစ်များကိုလည်း အကြံပြုလိုပါသည်။ ယခင်ရွေးကောက်ပွဲ  ၃ ခုတွင်    အသုံးပြုခဲ့သော အနိုင်ရသူ အကုန်ယူစနစ် (First past the post) နှင့်အတူ အချိုးကျကိုယ်စားပြုခြင်းစနစ် (Proportional  Representation) ကိုပါ ပူးတွဲကျင့်သုံးမှသာ မိမိနိုင်ငံ၏ လက်ရှိအခြေအနေနှင့်  ပို၍သင့်တော်မည်ဖြစ်ပါသည်။                                    

    အနိုင်ရသူအကုန်ယူစနစ် (First past the post) မဲဆန္ဒနယ်တစ်နယ်တွင်  ပါဝင်ယှဉ်ပြိုင်သူများ အနက် မဲအများဆုံးရရှိသူကို ရွေးကောက်တင်မြှောက်သော စနစ်ဖြစ်ပါသည်။  မဲဆန္ဒနယ်တစ်နယ်တွင် တစ်ယောက်သာ ရွေးကောက်တင်မြှောက်သည့် ပုံသဏ္ဌာန်မှာ ယှဉ်ပြိုင်သူများအနက်မှ အနိုင်ရသူ အကုန်ယူစနစ်   (First past the post)  ဖြင့် ရွေးကောက်တင်မြှောက်ခြင်းဖြစ်ရာ  ယင်းစနစ်ဖြင့် ရွေးကောက်တင်မြှောက်ခြင်းသည် ဆန္ဒမဲပေးသူများအတွက်  အချိုးကျနှင့် သင့်တင့်လျောက်ပတ်သည့် ကိုယ်စားပြုခြင်း မရရှိနိုင်ပါ။  ဥပမာအနေဖြင့် အရိုးရှင်းဆုံးဖြစ်စဉ်တစ်ခုဖြင့် လူအများနားလည်လွယ်အောင် တင်ပြလိုပါသည်။ လူအယောက် ၁၀၀၀ ခန့်ရှိသော မဲဆန္ဒနယ်တစ်ခုတွင်   A,B,C  ဟူ၍  ယှဉ်ပြိုင် ရွေးကောက်ပွဲဝင်သူ ၃ ဦးရှိသည်ဆိုကြပါစို့။ A သည် ၄၀၀ မဲ၊ B သည် ၂၅၀ မဲ၊ C သည် ၃၅၀ မဲရလျှင်    A သည် မဲအများဆုံးရသဖြင့် ထိုမဲဆန္ဒနယ်အတွက် ရွေးကောက် တင်မြှောက်ခံရသူအဖြစ် သတ်မှတ်ခံရလေသည်။ ထိုဖြစ်စဉ်ကို သုံးသပ်လျှင် လူ ၁၀၀၀ တွင် A ကို ကြိုက်သူ ၄၀၀၊ မကြိုက်သူ ၆၀၀ ခန့်ရှိသော်လည်း A သည် ထိုမဲဆန္ဒနယ်ရှိ လူ ၁၀၀၀ လုံးကို ကိုယ်စားပြုသော ကိုယ်စားလှယ်ဖြစ်သွားခြင်းပင်ဖြစ်သည်။

FPTP စနစ်၏ အားသာချက်နှင့် အားနည်းချက်များ FPTP စနစ်၏    အားသာချက်များကို   အကြမ်းဖျင်း ဖော်ပြရလျှင်     တိကျပြတ်သားသည့်       ရွေးချယ်မှုကို ဖြစ်ပေါ်စေနိုင်ခြင်း၊ ပါတီစုံညွန့်ပေါင်းအုပ်ချုပ်ရာမှ  ဖြစ်ပေါ်လာနိုင်သော  ဆိုးကျိုးများကို  ရှောင်လွှဲနိုင်ခြင်း၊ လွှတ်တော်တွင်း အတိုက်အခံ အင်အားစုကိုလည်း ပေါ်ပေါက်စေသဖြင့် တစ်ပါတီအစိုးရ၏ ဆန့်ကျင်ဘက်တွင် အတိုက်အခံအင်အားစုဖြင့် အပြန်အလှန်ထိန်းကျောင်း ပေးနိုင်သည့်   လုံလောက်သော    လွှတ်တော် ကိုယ်စားလှယ်နေရာများကို ပေးထားနိုင်ခြင်း၊ မိမိတို့၏ ပါတီအမည်ထက် သတ်မှတ်ထားသည့် မြို့ သို့မဟုတ် ဒေသမဲဆန္ဒနယ်များကို  ကိုယ်စားပြုကြရခြင်း၊ မဲဆန္ဒရှင်များအတွက် ပါတီကို ရွေးချယ်မှုပြုခြင်းထက် ကိုယ်စားလှယ်လောင်းများအား ရွေးချယ်မှုကိုဖြစ်ပေါ်စေနိုင်ပါသည်။ 

FPTP စနစ်၏ အားနည်းချက်များမှာ အကြမ်းဖျင်းအားဖြင့် လူနည်းစုပါတီများကို ဘေးဖယ်ထားခြင်း၊ လူနည်းစုများကို ဖယ်ထုတ်ထားခြင်း၊ အမျိုးသမီးများကို ချန်လှပ်ထားခြင်း၊ မဲအလေအလွင့်ဖြစ်မှု များပြားခြင်း၊ မကြာခဏကြားဖြတ ်ရွေးကောက်ပွဲများ ကျင်းပရန် လိုခြင်း၊ ဆန္ဒမဲနယ်နိမိတ် ကန့်သတ်ရန် လိုအပ်ခြင်း၊ နိုင်ငံရေးအကျိုးအမြတ်အတွက်   ရည်ရွယ်သည့် လက်ဝါးကြီးအုပ်မှု  ဖြစ်ပေါ်စေနိုင်ခြင်းနှင့် အဝေးရောက်မဲပေးစနစ်ကို စီစဉ်ရခက်ခဲခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။

အချိုးကျကိုယ်စားပြုခြင်းစနစ် (Proportional  Representation) 

    မဲဆန္ဒနယ်တစ်ခုကို   ဧရိယာကျယ်ပြန့်စွာသတ်မှတ်၍ ယင်းမဲဆန္ဒနယ်မှ ရွေးကောက်တင် မြှောက်ရမည့် ကိုယ်စားလှယ်ဦးရေကိုပါ သတ်မှတ်ပေးပြီး ပါတီအဖွဲ့အစည်းအလိုက် ယှဉ်ပြိုင်စေခြင်း ဖြစ်ပါသည်။ ရွေးကောက်ပွဲတွင် ပါတီအလိုက်ရရှိမည့် ထောက်ခံဆန္ဒမဲအပေါ် မူတည်ပြီး  ရွေးကောက်ခံရသည့်  ကိုယ်စားလှယ်ဦးရေ   သတ်မှတ်ပေးသည့်စနစ်ဖြစ်ပါသည်။   ယင်းစနစ်အရ တစ်သီးပုဂ္ဂလများလည်း ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ယင်းတို့ရရှိသော ထောက်ခံဆန္ဒမဲအပေါ် မူတည်ပြီး ရွေးကောက်တင်မြှောက် ခံနိုင်ပါသည်။    ဥပမာအနေဖြင့် အရိုးရှင်းဆုံးဖြစ်စဉ်တစ်ခုဖြင့် လူအများနားလည် လွယ်အောင် တင်ပြလိုပါသည်။  လူဦးရေ ၁၆ သိန်းခန့်ရှိသော မဲဆန္ဒနယ် ၁ ခုတွင်   ကိုယ်စားလှယ် ၈ ဦးသတ်မှတ်ထားသည် ဆိုပါစို့။ အကြမ်းဖျင်းအရ ကိုယ်စားလှယ်တစ်ဦးလျှင်  လူ ၂ သိန်းခန့် အချိုးကျကိုယ်စားပြုသည့် သဘောပင်ဖြစ်ပါသည်။  ထိုမဲဆန္ဒနယ်တွင်  ပါတီ ၄ ခုက ဝင်ရောက်ယှဉ်ပြိုင်လျှင် မဲဆန္ဒပေါင်း ၈ သိန်းရရှိသည့် ပါတီက ကိုယ်စားလှယ်  ၄ နေရာ၊ မဲဆန္ဒ ၄ သိန်း ရရှိသော ပါတီက ၂ နေရာ၊ မဲဆန္ဒပေါင်း ၂ သိန်းစီရရှိသော ပါတီ ၂ ခုက  ကိုယ်စားလှယ်နေရာ ၁ နေရာစီဟူ၍ စုစုပေါင်း ၈ နေရာ ရွေးကောက်တင်မြှောက်ခံရမည်ဖြစ်ပါသည်။

PR စနစ်၏ အားသာချက်နှင့် အားနည်းချက်များ

    PR စနစ်၏ အားသာချက်များကိုဖော်ပြရလျှင် အချိုးညီမျှမှုရှိခြင်း၊     အားလုံးပါဝင်နိုင်ခြင်း၊ လူနည်းစုကိုယ်စားပြုမှုရှိခြင်း၊ မဲအလေအလွင့်ဖြစ်မှု နည်းပါးခြင်း၊    အမျိုးသမီးကိုယ်စားလှယ်များ ရွေးကောက်ခံရရန် ပိုမိုလွယ်ကူခြင်း၊ မဲဆန္ဒနယ်နိမိတ်များ ရေးဆွဲသတ်မှတ်ရန်မလိုခြင်း(သို့မဟုတ်) နည်းပါးခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပရန်မလိုခြင်း၊ အဝေးရောက်မဲစနစ်ဖြင့် ဆန္ဒမဲပေးရန် ပိုမိုလွယ်ကူခြင်း၊ တစ်ပါတီကြီးစိုးသည့်  ဒေသများဖြစ်ပေါ်မှုကို ကန့်သတ်ထားခြင်းနှင့် လာရောက်မဲပေးသူများ အရေအတွက် များပြားနိုင်ဖွယ်ရှိခြင်းတို့ပင် ဖြစ်ပါသည်။ 

PR စနစ်၏အားနည်းချက်များကိုဖော်ပြရလျှင်  ညွန့်ပေါင်းအစိုးရများ ဖြစ်ပေါ်စေပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲပြားနေသော ပါတီစုံစနစ်ကိုဖြစ်ပေါ်စေခြင်းဟူသော  ဝေဖန်မှုများရှိခြင်းနှင့် ညွန့်ပေါင်း အစိုးရအဖွဲ့များကို ဖြစ်ပေါ်စေသဖြင့် အကျိုးဆက်အဖြစ်  ဥပဒေပြုရေးကိစ္စတွင်  လျော်ကန်သော မူဝါဒများချမှတ်ရန် အကျပ်အတည်း ဖြစ်စေတတ်ခြင်းတို့ ဖြစ်ပေါ်တတ်ပါသည်။ 

FPTP စနစ်နှင့် PR  စနစ်ကို  ပေါင်းစပ်ကျင့်သုံးနိုင်ရေး

    တိုင်းရင်းသားလူမျိုးစုများတွင် လူဦးရေများသော အုပ်စုများလည်းရှိသကဲ့သို့   လူဦးရေနည်းသော အုပ်စုများလည်းရှိပါသည်။  တိုင်းရင်းသားလူမျိုးစုများသော နေရာဒေသများတွင်  FPTP စနစ်နှင့်သာ ရွေးကောက်ပွဲ ကျင်းပမည်ဆိုလျှင် တိုင်းရင်းသားမျိုးနွယ် လူနည်းစု အတော်များများသည် နိုင်ငံရေး လမ်းကြောင်းပေါ်သို့ ရောက်လာနိုင်ရန် ရာခိုင်နှုန်း အလွန်နည်းပါးသည်။ ကျွန်တော် ကျင်လည်ခဲ့သော နိုင်ငံရေးသမားဘဝ အတွေ့အကြုံများအရ ပြောရမည်ဆိုလျှင်  ဥပမာအနေနှင့် ကချင်ပြည်နယ်တွင် ဂျိမ်းဖောလူမျိုးကများပြီး   လီဆူးလူမျိုးနှင့် ရဝမ်လူမျိုးတို့မှာ လူဦးရေ နည်းပါးသည်။ ထို့အတူပင် ရှမ်းပြည်နယ်တွင် ရှမ်းလူမျိုးနှင့် ပအို့ဝ်လူမျိုးမှာ လူဦးရေများပြားသော်လည်း   ဓနုလူမျိုးနှင့် အာခါလူမျိုးမှာ လူဦးရေနည်းပါးပါသည်။

ယခင် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲက ဥပမာတစ်ခု၊ နှစ်ခုကိုချပြရမည်ဆိုလျှင် ပထမဥပမာအနေဖြင့်် ရှမ်းပြည်နယ်တောင်ကြီးမြို့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ NLD ပါတီက အနိုင်ရရှိခဲ့ပါသည်။ FPTP စနစ်အရ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) ပါတီသည် အနိုင်ရပါတီနှင့် ဆန္ဒမဲ ၆၃၀ မဲသာ ကွာသော်လည်း ၎င်းတို့တိုင်းရင်းသား နယ်မြေတွင် အနိုင်ရရှိခဲ့ခြင်း မရှိခဲ့ပါ။ 

ဒုတိယဥပမာအနေဖြင့် ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌  ပြည်ခိုင်ဖြိုး ပါတီက အနိုင်ရရှိခဲ့ပါသည်။ FPTP စနစ်အရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီသည် အနိုင်ရပါတီနှင့် ဆန္ဒမဲ ၁,၈၂၃ မဲသာ ကွာသော်လည်း ၎င်းတို့တိုင်းရင်းသား နယ်မြေတွင် အနိုင်ရရှိခဲ့ခြင်း မရှိခဲ့ပါ။       

မြန်မာနိုင်ငံသည်  အခြားနိုင်ငံများနှင့်မတူဘဲ တိုင်းရင်းသား မျိုးနွယ်   ၁၀၀   ကျော်မှီတင်း နေထိုင်နေကြသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။

၎င်းတိုင်းရင်းသားအများစုသည်လည်း ပြည်နယ် များတွင် နေထိုင်ကြသည်ကသာ များလေသည်။ အထက်ပါ ဥပမာနှစ်ခုမှာ FPTP စနစ်ကြောင့် တိုင်းရင်းသား နယ်မြေများတွင် တိုင်းရင်းသား ကိုယ်စားပြုပါတီများ ကိုယ်စားလှယ်အဖြစ် ပါဝင်ခွင့် မရခဲ့သည့် အခြေအနေများထဲမှ အချို့ကို သိသာနိုင်စေရန် တင်ပြခြင်းဖြစ်ပါသည်။ တိုင်းရင်းသား နယ်မြေတွင် တိုင်းရင်းသား ကိုယ်စားပြုပါတီများမှ ကိုယ်စားလှယ်များလည်း ပါဝင်သင့်သည် မဟုတ်ပါလား။

အထက်ပါဖော်ပြခဲ့သောဖြစ်စဉ်ဖြစ်ရပ်များမှ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်ကာ  တိုင်းရင်းသားမျိုးနွယ်စု များပြားသော ပြည်နယ်များတွင် လူဦးရေနည်းပါးသော တိုင်းရင်းသား မျိုးနွယ်စုများ အခွင့်အရေး မဆုံးရှုံးစေရန်အတွက် ပြည်နယ်များတွင် PR စနစ်ကို ကျင့်သုံးခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။ သို့မှသာ လူဦးရေနည်းသော တိုင်းရင်းသား လူနည်းစုများအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှသည် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၊ ပြည်ထောင်စုလွှတ်တော်များ အစရှိသည့်  

နိုင်ငံရေးစင်မြင့်ထက်တွင်   ပါဝင်လာနိုင်ခြင်းဖြင့် လက်နက်ကိုင်လမ်းစဉ်ကို မလိုက်ဘဲ နိုင်ငံရေးနည်းဖြင့် ၎င်းတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆွေးနွေးမှုများ၊ တရားသဖြင့် တောင်းဆိုမှုများကို ဆောင်ရွက် လာနိုင်မည်ဖြစ်သည်။

ပြည်နယ်များတွင် တိုင်းရင်းသားမျိုးနွယ်စုများစွာ အခြေချနေထိုင်ကြပါသည်။ သို့သော် ပြည်မတွင်မူ တိုင်းရင်းသားလူမျိုးများစွာ နေထိုင်သည်ကို မတွေ့ရဘဲ လူမျိုးတူများက ပါတီများစွာဖွဲ့စည်းထားကြသည်။ ထိုပါတီများထဲမှ စုစုစည်းစည်း ကျစ်ကျစ်လျစ်လျစ်ဖြင့်  နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်စေရန် အတွက်လည်းကောင်း၊ အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးရန်  တစ်နည်းအားဖြင့်  ပါတီအမည်ခံသော်လည်း ပါတီဝင်အင်အား ဖြစ်ဖြစ်မြောက်မြောက် မရှိသော ပါတီများစွာ အစိုးရအဖွဲ့ထဲသို့ရောက်ရှိလာမည့်အစား  ပါတီဝင်အင်အား တောင့်တင်းခိုင်မာပြီး  နိုင်ငံ့အကျိုးကို   ထိထိရောက်ရောက် သယ်ပိုးဆောင်ရွက်နိုင်မည့်   အရည်အချင်းနှင့် အတွေ့အကြုံများသည့် ပါတီမျိုးပေါ်ထွန်းလာစေရေးအတွက် လည်းကောင်း   ပြည်မတွင်မူ  FPTP စနစ်ကိုကျင့်သုံးခြင်းက  ပို၍သင့်တော်ကြောင်း တွေ့ရှိရပါသည်။

ရွေးကောက်ပွဲကို အောင်မြင်ရေး ဆောင်ရွက်နေတဲ့ နစကအစိုးရဟာ  ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ကမ်းလှမ်းဖိတ်ခေါ်မှု ထုတ်ပြန်ချက်တစ်ခု ထုတ်ခဲ့ပါသေးတယ်။

ဒါကတော့ နိုင်ငံရေးပြဿနာကို လက်နက်ကိုင် နည်းလမ်းနဲ့ ဖြေရှင်းနေတဲ့ EAO တွေ၊ အကြမ်းဖက် သောင်းကျန်းသူတွေနဲ့ PDF တွေကိုပါ  လက်နက်ကိုင် လမ်းစဉ်စွန့်ပြီး ပါတီနိုင်ငံရေး လမ်းကြောင်း ဒါမှမဟုတ် ရွေးကောက်ပွဲ လမ်းကြောင်းစတဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ ကမ်းလှမ်း ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

ဪ...  အလွန်စိတ်ရှည်သည်းခံနိုင်သော အစိုးရပါလားလို့တောင် စိတ်ထဲတွေးမိလိုက်သေးသည်။

UEC အနေဖြင့်လည်း ယခုကဲ့သို့ ရွေးကောက်ပွဲ စနစ် ၂ မျိုးကို ယှဉ်တွဲအသုံးပြုရာတွင် နည်းစနစ်ပိုင်းဆိုင်ရာ၊ နယ်မြေသတ်မှတ်ခြင်းဆိုင်ရာ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ၊  မဲရေတွက်ခြင်းဆိုင်ရာများတွင်  များစွာသော အခက်အခဲများ  ကြုံတွေ့နိုင်လေသည်။ သို့သော် တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော်တို့ အခွင့်အရေးများ ရရှိရေးအတွက် ရည်မျှော်၍ FPTP စနစ်နှင့်အတူ PR စနစ်ကိုပါ ယှဉ်တွဲကျင့်သုံးပေးနိုင်ပါရန် ဤဆောင်းပါးမှ တစ်ဆင့် တိုက်တွန်းပါသည်။

ဒီစနစ် ၂ ခုကို ယှဉ်တွဲအသုံးပြုခြင်းဖြင့် မြန်မာ့ဒီမိုကရေစီလမ်းကြောင်းတွင် တိုင်းရင်းသားများ၏ အခွင့်အရေးများကို ပိုမိုဖော်ဆောင်ပေးနိုင်မည်ဖြစ်ပြီး ဖက်ဒရယ်စနစ်ကို  အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို အကောင်အထည်ဖော်နိုင်မည် ဖြစ်ကြောင်း စာရေးသူအနေဖြင့် သုံးသပ်ရပါသည်။ ရွေးကောက်ပွဲဝင်ရောက်  ယှဉ်ပြိုင်မည့်ပါတီများ အနေဖြင့်  UEC ၏ထုတ်ပြန်ချက်များအရ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၅၂ ပါတီဖြစ်ပါသည်။ ယင်းပါတီများအနက်မှ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီနှင့် မြိုတိုင်းရင်းသားပါတီတို့အား မှတ်ပုံတင်ခွင့် ပယ်ဖျက်ခဲ့သဖြင့်  လက်ရှိတည်ဆဲနိုင်ငံရေး ပါတီ ၅၀ ပါတီဖြစ်ပါသည်။

FPTP စနစ်နှင့်အတူ PR စနစ်ကိုပါ ယှဉ်တွဲကျင့်သုံးကြပါစို့

    တပ်မတော်က အပြစ်အနာ အဆာတစ်စက်မှ မရှိဘဲ မွေးဖွားသန့်စင်ပေးလိုက်သော ဒီမိုကရေစီ ခရီးသည် ၁၀ နှစ်သားအရွယ်တွင်  နိုင်ငံ့အာဏာ ဆက်လက်ရယူရေးအတွက် မဲမသမာမှုကို ပြုလုပ် သောအစိုးရကြောင့်   ဆက်လက်ကြီးထွားဖွံ့ဖြိုး တိုးတက်မှုမရှိတော့ဘဲ ရပ်တန့်ခဲ့လေသည်။ ထို ၁၀ နှစ်သားကို အမည်းစက်ကင်းစင်စွာ ဆက်လက်ရှင်သန် ဖွံ့ဖြိုးတိုးတက်စေရေး တပ်မတော်က ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)အရ ပေါ်ပေါက်ခဲ့သော နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရကို အကူအညီပေးရင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော်ဖြင့် အမိမြန်မာနိုင်ငံတော်ကြီးသည် တည်ငြိမ်အေးချမ်း တိုးတက်ချမ်းသာပြီး နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသော   ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ် ရောက်ရှိနိုင်ရေး လက်တစ်ကမ်းသာ လိုပါတော့သည်။ ထိုသို့သော လက်တစ်ကမ်းအလိုက ပန်းတိုင်သို့ရောက်ရှိရန် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် သင့်တော်သော FPTP စနစ်နှင့် PR စနစ်ကို ပေါင်းစပ်ကျင့်သုံးနိုင်မည်ဆိုလျှင်ဖြင့် အတိုင်းထက်အလွန်  တံခွန်နှင့်ကုက္ကား ပမာကဲ့သို့ လိုက်ဖက်တင့်တယ် လှမည်ဖြစ်ပါကြောင်း အကြံပြု တိုက်တွန်း ရေးသားလိုက်ရပါသည်ခင်ဗျား။   ။