UFC302 ပြိုင်ပွဲတွင် တရုတ်ဖိုက်တာနှင့်ပွဲပျက်ခဲ့ပြီးနောက် ဂျပန်ဖိုက်တာနှင့် ဂျိုရှုအာဗန်ထိုးသတ်ရန်နီးစပ်နေ
ရန်ကုန် ဧပြီ ၂၇
UFC က ကြီးမှူးကျင်းပမည့့် UFC302 ပြိုင်ပွဲတွင် ချင်းဖိုက်တာဂျိုရှုအာဗန်သည် အစောပိုင်းက တရုတ်ဖိုက်တာ ဆူမူဒါအာဂျီနှင့် ထိုးသတ်ရန်ကြေညာထားသော်လည်း ၎င်းနှင့်ပွဲပျက်ခဲ့သည့်အတွက် ဂျပန်ဖိုက်တာ တက်ဆူရိုတာရီယာနှင့် ထိုးသတ်ရန်အတွက် နီးစပ်လျက်ရှိနေကြောင်း သိရသည်။
အစောပိုင်းတွင် UFC က UFC302 ပြိုင်ပွဲတွင် ဂျိုရှုအာဗန်နှင့် ဆူမူဒါအာဂျီတို့ကို ဖလိုင်းဝိတ်တန်းပွဲစဉ်၌ ထိုးသတ်ရန်အတွက် ပွဲတည်ထားသော်လည်း ယခုအခါ ဆူမူဒါအာဂျီနှင့် ပွဲစဉ်ပျက်ခဲ့ရသည့်အတွက် ဂျိုရှုအာဗန်အနေဖြင့် ပြိုင်ဘက်ပြောင်းလဲထိုးသတ်ရမည်ဖြစ်သည်။
ဂျိုရှုအာဗန်သည် UFC302 ပြိုင်ပွဲတွင် ဖလိုင်းဝိတ်တန်းပွဲစဉ်အဖြစ် ဂျပန်ဖိုက်တာ တက်ဆူရိုတာရီယာနှင့် ထိုးသတ်ရန် နီးစပ်လျက်ရှိနေပြီး UFC က တရားဝင်ထုတ်ပြန်ခြင်း မရှိသေးသော်လည်း တက်ဆူ ရိုတာရီယာနှင့် ဂျိုရှုအာဗန်တို့၏ စီမံခန့်ခွဲမှုအေဂျင်စီများဘက် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိနေသည်။
ဂျိုရှုအာဗန်နှင့် ထိုးသတ်ရန် နီးစပ်နေသည့် ဂျပန်ဖိုက်တာ တက်ဆူရိုတာရီယာသည် UFC ဖလိုင်းဝိတ်တန်းတွင် ရှုံးပွဲမရှိသေးသည့် ဖိုက်တာတစ်ဦးဖြစ်ပြီး ဖလိုင်းဝိတ်တန်းတွင် အဆင့်(၁၃)နေရာတွင် ရပ်တည်နေသူဖြစ်ကာ ၎င်း၏ UFC ကစားသမားဘဝတွင် ခုနစ်ပွဲတွင် ချုပ်ကွက်ဖြင့်လည်းကောင်း၊ လေးပွဲကို အလဲထိုးဖြင့် လည်းကောင်း၊ လေးပွဲကို ဒိုင်မှတ်ဖြင့်လည်းကောင်း အသီးသီးနိုင်ပွဲများ ရယူထားသူဖြစ်သည်။
အလားတူ ဂျိုရှုအာဗန်သည်လည်း ဖိုက်တာဘဝတစ်လျှောက်တွင် Fury အဖွဲ့အစည်းနှင့် စာချုပ်ချုပ် ဆိုရာတွင်လည်း ရှုံးပွဲမရှိဘဲ နိုင်ပွဲများရယူနိုင်ခဲ့သကဲ့သို့ UFC နှင့်စာချုပ်ချုပ်ကာ ထိုးသတ်ရာတွင်လည်း ရှုံးပွဲမရှိသေးသူဖြစ်သည်။
ဂျိုရှုအာဗန်ပါဝင်ထိုးသတ်မည့့် UFC302 ပြိုင်ပွဲကို လာမည့်ဇွန်လ ၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူအောင်