နေပြည်တော် သြဂုတ် ၁၃
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုကော်မတီဝင် နိုင်အောင်မငေးတို့သည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁(MICC-I)ရှိ သန္တာခန်းမ၌ သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ (၉)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) နှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
တွေ့ဆုံပွဲတွင် ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ယနေ့ (၉)ကြိမ်မြောက် JICM အစည်းအဝေးတွင် သဘောတူညီချက်
ခုနစ်ချက်ရရှိခဲ့ကြောင်း၊ ယခင်ကျင်းပခဲ့သည့် (၈)ကြိမ်မြောက် JICM ဆုံးဖြတ်ချက်များကို မိမိတို့ရှစ်လတာအတွင်း ညှိနှိုင်းဆွေးနွေးမှု ဆောင်ရွက်ခဲ့သည့်အတွက် ယခုကဲ့သို့ သဘောတူညီချက်များ ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသဘော တူညီချက်များကိုUPDJC အစည်းအဝေးသို့ ဆက်လက်တင်ပြသွားမည် ဖြစ်ပြီး ညီလာခံတွင် လက်မှတ်ရေးထိုးချုပ်ဆိုမည် ဖြစ်ကြောင်း၊ ညီလာခံတွင် လက်မှတ်ရေးထိုးမည့် ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၃)သည် မိမိတို့ ယခင်က လက်မှတ်ရေးထိုးခဲ့သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)၊ အစိတ်အပိုင်း (၂)တို့နှင့်မတူကြောင်း၊ လက်တွေ့အဆင့်လိုက်သွားမည့် အကောင်အထည်ဖော်မှုများကိုပါ မိမိတို့သဘောတူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီကူးပြောင်းရေး အဆင့်သုံးဆင့်နှင့် ဖက်ဒရယ်ကူးပြောင်းရေးအဆင့်သုံးဆင့်ကို ခြုံငုံစဉ်းစားပြီး အားလုံးကရေးဆွဲထားခြင်း ဖြစ်ကြောင်း။
ဆွေးနွေးညှိနှိုင်းမှုနှင့် အကောင်အထည်ဖော်မှုတွင်လည်း အဆင့်သုံးဆင့်ဖြင့်သွားကြောင်း၊ ပထမအဆင့်အနေဖြင့် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းသည့်အဆင့်၊ ဒုတိယအဆင့်အနေဖြင့် နည်းပညာအရ ဆွေးနွေးညှိနှိုင်းသည့်အဆင့်၊ တတိယအဆင့်အနေဖြင့် အကောင်အထည်ဖော်သည့် အဆင့်တို့ဖြစ်ကြောင်း။
ယနေ့တွင်၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိကာလတွင် JICM အစည်းအဝေးတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် နှစ်ဖက်သော ခေါင်းဆောင်များကို ငြိမ်းချမ်းရေး ဦးဆောင်သူများဆု ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခဲ့ကြောင်း၊ အလားတူ လာမည့့် UPDJC အစည်းအဝေးတွင်လည်း၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်ကာလအတွင်း UPDJC တွင် ပါဝင်ဆောင်ရွက်ခဲ့သူ အားလုံး ၄၈ ဦး ရှိကြောင်း၊ ယင်း ၄၈ ဦးကို ငြိမ်းချမ်းရေး ဖော်ဆောင်သူများ ဆုတံဆိပ်ကို အပ်နှင်းမည်ဖြစ်ကြောင်း၊ ထို့ပြင် Ceasefire အပိုင်းတွင် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် ကာလအတွင်း JMC-U တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် EAO နှင့် အစိုးရ ခေါင်းဆောင်များကိုလည်း ဆုချီးမြှင့်သွားမည် ဖြစ်ကြောင်း၊ ယင်းဆုတံဆိပ်ကို ငြိမ်းချမ်းရေးထိန်းသိမ်းသူများ ဆုတံဆိပ်ဟု အမည်ပေးထားကြောင်း ပြောကြားသည်။
ထို့နောက် မွန်ပြည်သစ်ပါတီ(NMSP) ဗဟိုကော်မတီဝင် နိုင်အောင်မငေးက (၉) ကြိမ်မြောက် JICM အစည်းအဝေးတွင် သဘောတူညီချက် ခုနစ်ချက် ရရှိခဲ့ကြောင်း၊ ယင်းသဘောတူညီချက်များသည် ပြီးခဲ့သည့် (၈)ကြိမ်မြောက် JICM အစည်းအဝေး၏ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန်အတွက် ကြိုးစားခဲ့သည့် သဘောတူညီချက်များ ဖြစ်ကြောင်း။
သဘောတူညီချက် (၁)သည် ၂၀၂၀ ပြည့်နှစ် ဇွန် ၂၂ ရက်တွင် ကျင်းပသည့် အစိုးရနှင့် NCA-S EAO ၏ ညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် အကြောင်းအရာနှင့် ဆွေးနွေးမှုပုံစံ သဘောတူညီချက်များ ဖြစ်ကြောင်း၊ အဓိကအားဖြင့် NCA အခန်း(၃)နှင့် အခန်း(၄)တွင် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ လုပ်ငန်းစဉ်စိစစ်ပြီး တစ်ဖွဲ့ချင်း မည်သို့ဆွေးနွေးရမည်၊ စုပေါင်းပြီး မည်သို့ ဆွေးနွေးရမည် ဆိုသည့်အပိုင်းကို သဘော တူညီသည့် အပိုင်းဖြစ်ကြောင်း။
သဘောတူညီချက် (၂)သည် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းတွင် အပိုင်းသုံးခုခွဲပြီး သဘောတူ ထားကြောင်း၊ အပိုင်း (၁)သည် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ၁၅ ချက် ရရှိခဲ့ကြောင်း၊ အပိုင်း(၂)တွင် ၂၀၂၀ အလွန် အစုလိုက်လုပ်ငန်းစဉ်နှင့် အဆင့်အလိုက် အကောင်အထည်ဖော်မှုတွင် ဇယား (၁)ခေါင်းစဉ်ကြီး ရှစ်ခုကို သဘောတူညီချက် ရရှိခဲ့ကြောင်း။
အပိုင်း (၃)တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည် ဆောက်ရေးဆိုင်ရာ လမ်းညွှန် အခြေခံမူ ငါးချက်ရရှိခဲ့ကြောင်း၊ ယင်းမှာ ရရှိခဲ့သည့် သဘောတူညီချက်ဖြစ်ကြောင်း၊ အပိုင်းသုံးပိုင်းစလုံးကို ယနေ့အစည်းအဝေးတွင် Union Accord တစ်ခု လက်မှတ်ရေးထိုးရန် သဘောတူခဲ့ကြောင်း။
သဘောတူညီချက် (၄)မှာ မိမိတို့ဆက် လက်ဆွေးနွေးချက် ထားရှိခဲ့သည့် ၂၀၂၀ အဆင့်လိုက်လုပ်ငန်းစဉ်များ ဆက်လက် အကောင်အထည်ဖော်မှုမှာ ဇယား(၂)ရှိကြောင်း၊ ယင်းဇယား(၂)တစ်ခုလုံးကို မူအား ဖြင့် ဆက်လက်ဆွေးနွေးသွားရန် သဘောတူထားခဲ့ကြောင်း၊ အသေးစိတ်ခေါင်းစဉ်ခွဲများကို ဆက်လက်ဆွေးနွေးရန်အဖြစ် ထားရှိခဲ့ကြောင်း၊ ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်ချက်အပေါ်မှာ သဘော မတူရသေးသည့် အချက်သုံးချက်ရှိကြောင်း၊ ယင်းအချက်သုံးချက်ကိုလည်း ဆက်လက် ဆွေးနွေးရန်အတွက် ထားခဲ့ကြောင်း၊ သဘော တူညီချက်တစ်ခုမှာ နှစ်ဖက်မိတ်ဖက်များက ဆွေးနွေးညှိနှိုင်းခဲ့သည့် သဘောတူညီ ချက်အားလုံးကို JICM ဆွေးနွေးပွဲကနေ မိမိတို့သဘောတူညီချက် အားလုံးကို မှတ်တမ်းတင် သဘောတူထားကြောင်း၊ နောက် ထပ်ဆုံးဖြတ်ချက်တစ်ခုမှာ မိမိတို့ညီလာခံ ကို လာမည့်သြဂုတ်လ ၁၉ ရက်၊ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် နေပြည်တော်၌ ကိုယ်စားလှယ် ၂၃၀ တက်ရောက်ပြီး ကျင်းပရန် သဘောတူထားကြောင်း။
ဆုံးဖြတ်ချက်နောက်တစ်ခုမှာ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး NCA တွင် လက်မှတ်ထိုးရန် ဝိုင်းဝန်းတိုက်တွန်းပေးရန်၊ ပါဝင်လာအောင် စည်းရုံးပေးရန် ယင်းသဘောတူညီချက်လည်း ပါကြောင်း၊ အားလုံးခုနစ်ချက် ရရှိခဲ့ကြောင်း ပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုကော်မတီဝင် နိုင်အောင်မငေးတို့သည် သတင်းမီဒီယာများ၏ မေးမြန်းမှုများနှင့် စပ်လျဉ်း၍ ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
မျိုးနိုင်ဟိန်း