တရားမဝင်လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များဖမ်းဆီးရမိ

တရားမဝင်လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၃

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာအလုံး (၃၀) အတွင်းမှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၉)မျိုး၊ လူသုံးကုန်ပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၅၈၅၆၃၇၁)ကိုလည်းကောင်း၊ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၃၅)လုံးအတွင်းမှ   တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံး ပစ္စည်း (၇)မျိုး၊ လူသုံးကုန် (၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၁၃၇၉၁၂၈၆)ကိုလည်းကောင်း၊ သီလဝါဆိပ်ကမ်း၌ ကုန်သေတ္တာ (၁၅)လုံးအတွင်းမှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၆)မျိုးနှင့် လူသုံးကုန်ပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၉၈၆၀၅၆၄၀)ကိုလည်း‌ကောင်း၊ ရွာသာကြီး Dry Port ၌ တာချီလိတ်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့်    လူသုံးကုန်ပစ္စည်း(၂)မျိုး၊ လုပ်ငန်းသုံးပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၄၈၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀၀၀၀၀၀)ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့  မောင်းနှင်လာသော   မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်း(၁)မျိုး၊   လူသုံးကုန်ပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင် လာသည့် Asia Star Express Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၃၀၉၃၃၂၉၇)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးခရိုင်အတွင်း၌ လိုင်စင်မဲ့မော်တော် ဆိုင်ကယ်(၃)စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်)နှင့် တောင်ဥက္ကလာပ မြို့နယ်တို့၌ လိုင်စင်မဲ့ Toyota Ipsum မော်တော်ယာဉ်(၁)စီးနှင့် Toyota Lexus မော်တော်ယာဉ်(၁)စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ   တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့်   တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊ အဝေးပြေးကားဝင်း အတွင်း၌ စုပုံထားသော အကောက်ခွန်မဲ့ လုပ်ငန်းသုံးပစ္စည်း(၁)မျိုး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၅၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး    အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ   အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အောက်တိုဘာလ ၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ     ကလေးဝမြို့၊ ရွှေမုဋ္ဌောဘုရားအနီး၌ လိုင်စင်မဲ့ Dathatisu Hijet မော်တော်ယာဉ် (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ အောက်တိုဘာလ ၂ ရက်နှင့် ၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၄၆)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၅၉၅၈၃၂၉၇) ဖြစ်ကြောင်း   တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး    ဦးဆောင်ကော်မတီမှ သိရသည်။  

Dates: 
Friday, October 4, 2024 - 08:29