အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက

အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက

အစ်ကိုကြီးရေ    ကျွန်မတော့ဖြင့် သိပ်ကိုအားရှိသွားတာပါပဲ၊ အခုလည်းရေပြန်ကျ၊   မူလအတိုင်းပြန်ဖြစ်ပြီမို့

ကလေးကို  ရွာပြန်ခေါ်သွားတော့မယ်နော်  ဟု  အထက်ပါစကားကို ဆိုလာသူကား  ကျွန်တော့် ညီမအရင်းမစန္ဒာ ဖြစ်သည်။   ဆိုရသည့်အကြောင်းရင်းမှာ  ဆင်သေချောင်းဘေးရှိ သူတို့ ရွာလေးရေဘေးသင့်မှု ကစ၏။ အားလုံးသိပြီးသည့်အတိုင်း ယခုနှစ် စက်တင်ဘာလ လဆန်းပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့်   ထင်မှတ်မထားသည့်ရေဘေးဒုက္ခကို ရှမ်းပြည်နယ်ဘက်မှာရော နေပြည်တော် တပ်ကုန်းတစ်ဝိုက်က ဒေသခံပြည်သူများပါ တနင့်တပိုး ခံစားခဲ့ရသည်။   ကျွန်တော့်ညီမမိသားစုနှင့် သူတို့ရွာလေးလည်းမလွတ်ခဲ့ပေ။

ရေတက်တဲ့ညမှာပင်    မိသားစုလိုက် ကျွန်တော်နေထိုင်ရာရပ်ကွက်ကို ရောက်လာကြပါသည်။   ကျွန်တော်တို့ရပ်ကွက်က  ချောင်းနှင့်ဝေးသည့်အပြင် အမြင့်ပိုင်းကျနေသောကြောင့်   ရေဘေးလွတ်ခဲ့ပါသည်။  နိုင်ငံတော်အကြီးအကဲက ရေဘေးသင့်ပြည်သူတွေကို  ကိုယ်တိုင်လာရောက်တွေ့ဆုံပြီး     အားပေးစကား ပြောတယ်၊ အခုလိုရေဘေးသင့်တာဟာ ချောင်းအနီးအနားမှာရှိတဲ့   ရွာတွေ၊ မြို့ပေါ်ရပ်ကွက်က ပြည်သူတွေ   ထိခိုက်နစ်နာရသလို   လမ်းတံတား၊ လျှပ်စစ်မီးတိုင်တွေ၊ အခြေခံအဆောက်အဦတွေကို ထိခိုက်တဲ့ အတွက်လည်း    နိုင်ငံတော်အတွက်ပါ ထိခိုက်ရတယ်ဆိုတဲ့အကြောင်း၊ ဒါတွေအားလုံးအတွက် မူလအခြေအနေ အတိုင်းပြန်ဖြစ်အောင်    ကူညီပေးမယ့်အကြောင်းနဲ့ နောက်ပြီး ကလေးတွေကို ကျောင်းစာသင်ခန်းထဲ အမြန်ပြန်သွားနိုင်ဖို့ စီစဉ်နေတဲ့အကြောင်း၊ ကလေးတွေကို  ကျောင်းပြန်တက်နိုင်အောင် မိဘတွေက စေလွှတ်ပေးဖို့နဲ့ ပညာတတ်မှ သူတို့ဘဝရှေ့ရေးကို    အထောက်အကူပြုနိုင်ပြီး နောင်အနာဂတ်မှာ  ညီမလေးတို့ထက် သာတဲ့အခြေအနေကိုရောက်မယ်၊  သားသမီးတွေကို ပညာအမွေပေးပြီး အခုထက်သာအောင် လုပ်ပေးတာဟာ မိဘကောင်းပီသပါတယ်လို့ နိုင်ငံတော်အကြီးအကဲကပြောသွားတယ်ဟု သူတို့ ရွာလေးရေကျပြီဖြစ်၍   အိမ်မပြန်ခင်  ကျွန်တော့်ကို အားရရွှင်လန်းစွာ    ပြောသွားသည့် ညီမငယ်၏ စကားသံများကြောင့် ပညာရေးလောကမှာ  နှစ်ပေါင်း  ၄၀ နီးပါးတာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစား ဝန်ထမ်းဖြစ်သည့်  ကျွန်တော့်အတွက် အတွေးများပွားမိခဲ့ရပါတော့သည်။

တစ်ဆက်တည်းမှာပဲ နိုင်ငံတော်အကြီးအကဲ၏ ပြည်သူများအပေါ် စာနာငဲ့ညှာတဲ့စိတ်နှင့်  တိုင်းပြည်အနာဂတ်အတွက် ကြိုတင်မြော်တွေးမှုကိုပါ ညီမလေး၏စကားများကတစ်ဆင့် သိလိုက်ရပါသည်။ လွန်ခဲ့သည့်  ဆယ်စုနှစ်တွေကတည်းက ကမ္ဘာ့နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ဖို့အတွက်     လူသားအရင်းအမြစ် (Human  Resources)၏  အရေးပါမှုကို သတိထားမိ ခဲ့ကြပါသည်။  တကယ်တော့ လူသားအရင်းအမြစ်ဆိုသည်မှာ “ပညာ အပေါ်မှာ အခြေခံ တည်ဆောက်ထားသည်ဟူသည့်အချက်ကို ပညာရေးဝန်ထမ်းဖြစ်သည့် ကျွန်တော်အသိဆုံးပင်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများသည်    မိမိတို့နိုင်ငံ၏ အနာဂတ်အတွက် ပညာရေးရင်းနှီးမြှုပ်နှံမှုများကို အဓိကအလေးထား လုပ်ဆောင်နေကြခြင်းဖြစ်ပါသည်။ ပညာရည်မြင့်မားမှုဆိုတာ နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးနှင့်   ပြည်သူပြည်သား တစ်ဦးချင်းစီရဲ့ ကြီးပွားချမ်းသာရေးအတွက် အဓိကသော့ချက်လို့   ဆိုနိုင်တယ်မဟုတ်လား။  ကျွန်တော်တို့ငယ်စဉ်ကတည်းက “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဆိုသည့်ဆောင်ပုဒ်နှင့်ပင်  ကျောင်းသားဘဝရက်စွဲများကို ကျော်ဖြတ်ခဲ့ရသည်။ ကျောင်းသားဘဝကုန်လွန်ပြီး လုပ်ငန်းခွင်ဝင်၊ အဲဒီနောက် အသက်အရွယ်ကြီးရင့် ပင်စင်ယူတဲ့အထိ  ဥပဒေနှင့်စည်းမျဉ်းစည်းကမ်းများကို   လိုက်နာတတ်သည့် နိုင်ငံ့သားကောင်း    တစ်ဦးဖြစ်ခဲ့ရပါသည်။         

ကျွန်တော်တို့ မြန်မာမှုနယ်ပယ်တွင် “လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ ဆိုတဲ့အတိုင်း  ကလေးတိုင်း၏ လက်ဦးဆရာများသည် မိဘများပင်ဖြစ်သည်။   ကျောင်းကိုရောက်လာသည့် ကလေးများ၏ စရိုက်များကိုကြည့်လိုက်သည်နှင့်ထိုကလေးမိဘများ၏ စိတ်နေစိတ်ထား၊ စရိုက်လက္ခဏာများကို ဆရာတိုင်းက ပုံဖော်တတ်ကြပါသည်။ မိဘများက သားသမီးများကို ဦးဆုံးသင်ကြားပေးတဲ့သူများပင်။ ဖေဖေ၊ မေမေဆိုတဲ့နာမ်

စားကိုပထမဆုံးစသင်ပါသည်။   ပြီးမှသာ ကိုယ်ဆန္ဒရှိရာကို  ဆက်သင်ကြပါသည်။

အဲဒီမှာ    စတင်စကားပြောပါသည်။ ကောင်းတာသင်မှာလား၊ ဆိုးတာသင်မှာလားဟူ၍။ တကယ်ဆို သားသမီး များကို ငယ်စဉ်ကတည်းက  စည်းကမ်းရှိအောင်ဦးစွာ သွန်သင်ဆုံးမပေးရမယ့် တာဝန်က လက်ဦးဆရာဖြစ်သော မိဘများပင်ဖြစ်သည်။ ထိုသို့ပြောခြင်းသည် ကျောင်းဆရာများတွင်   တာဝန်မရှိဟု ဆိုလိုချင်တာမဟုတ်ပေ။ မိဘများက   မွေးဖွားပြီးလို့ စကားပြောတတ်အောင်သင်ပြီးမှ ကလေးများက ကျောင်းကိုရောက်လာကြရသည်။ ကျောင်းကို ရောက်လာပြီးနောက်ပိုင်း စာတတ်အောင်၊  စဉ်းစားချင့်ချိန်တတ်အောင် သင်ကြားပြုစုပေးရသည်က ဆရာများရဲ့တာဝန်ပင်။ ထို့ကြောင့် ဆရာများသည် ကျောင်းသား၊ ကျောင်းသူများအတွက် ဒုတိယမိဘများပင်ဖြစ်သည်ဟု  ဆိုချင်ပါသည်။ သို့သော် ယနေ့အချိန်အခါတွင် မိဘများက မိသားစုစားဝတ်နေရေး ဆိုသည့် ခေါင်းစဉ်အောက် စီးပွားဥစ္စာများကို ကြိုးပမ်းရှာဖွေနေချိန်တွင် သားသမီးများအပေါ် ဆုံးမသွန်သင်မှုများ လျော့ပါးလာသည်ကို တွေ့ရပါသည်။  မယုံမရှိပါနဲ့။ စာရေးသူကိုယ်တွေ့ပါ။ မြင်ခဲ့တွေ့ခဲ့ဖူးပါသည်။  ကျောင်းသားများကို ပညာတတ်ဖြစ်စေရုံမက   စည်းကမ်းရှိပြီး လိမ္မာရေးခြားရှိသူများဖြစ်လာအောင်သင်ကြားပေးကြရပါသည်။   စည်းကမ်းရှိသည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်စေရန် ပုံသွင်းပေးရန်မှာ  ဆရာများ၏တာဝန်ဆိုလည်းမမှားပေ။ လက်ဦးဆရာဖြစ်သော မိဘများကိုယ်တိုင်က  အသိတရားရှိပြီး ခံယူချက်ကောင်းကြရန် လိုတယ်ဆိုတာကို ကျွန်တော့်လုပ်သက်ကနေ အတွေ့အကြုံရရှိခဲ့ပါသည်။ စည်းကမ်းဆိုသည်မှာ   လေးနက်နက်ရှိုင်းလွန်းပါသည်။  စည်းကမ်းရှိပြီး  စည်းကမ်းတန်ဖိုးကို နားလည်ဖို့၊ စည်းကမ်းတကျ လုပ်ဆောင်တတ်ရန်၊ စည်းစနစ်တကျ လေ့လာ၊ သင်ယူ၊ ဆုံးမနာယူ တတ်ရန်ဆိုသည်လည်း အင်မတန်ခက်ခဲပါသည်။ “အကွပ်မဲ့ကြမ်း ပရမ်းပတာဖြစ် ဆိုသည့်အတိုင်း စည်းကမ်းမရှိသည့် ကျောင်းသား၊   ကျောင်းသများ၏ဘဝရေစုန်မျောသွားနိုင်ပါသည်။ အစကောင်းမှ အနှောင်းသေချာမည်ဖြစ်သောကြောင့် အခြေခံပညာကျောင်းများကနေ စတင်ပြီး စည်းကမ်းနှင့်အညီ ပြုမူပြောဆိုနေထိုင်တတ်အောင် သင်ကြားပြုစုပေးဖို့ လိုအပ်

ပါသည်။ ထို့ကြောင့်   ကလေးများ၏ ပညာရေးမှာ  ဆရာများ၏အခန်းကဏ္ဍက အခရာကျကြောင်း  ဆိုရခြင်းဖြစ်သည်။ ကျောင်းနေအရွယ်ကလေးများကို နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်လာစေရန်  ပြုစုပျိုးထောင်ပေးရမည်မှာ ဆရာများ၏ တာဝန်သာဖြစ်သည်ဟု ကျွန်တော်ခံယူပါသည်။ နိုင်ငံအတွက် အရေးကြီးလှသော အမျိုးသားရေးစိတ်ဓာတ်ကောင်းများကို   ကျောင်းနေအရွယ်ကတည်းက ကိန်းအောင်းနေအောင်   ပြုစုလေ့ကျင့်ပျိုးထောင်ပေးမှသာ ကလေးများကြီးပြင်း

လာသည့်အခါ    နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်သည့် နိုင်ငံ့သားကောင်းများ    ဖြစ်လာကြမှာမလွဲပင်။ ကျောင်းဆရာဖြစ်ခဲ့သည့် ကျွန်တော်က ဒီလိုဖြစ်စဉ်တွေကို  အများဆုံးမြင်တွေ့ ခဲ့ရပါသည်။ ထို့ကြောင့် မိဘတိုင်းသည် မိမိတို့သားသမီးရှေ့ရေးအတွက် ကျောင်းကိုရောက်အောင်ပို့ရပါမည်။ ကျောင်းကိုရောက်လာသည့်    ကလေးငယ်တိုင်း ကျောင်းပျော်ပြီး ပညာသင်ယူလိုစိတ်ဖြစ်

အောင် ကြိုးစားရမှာက    ဆရာများ၏ အရည်အချင်းပေါ်မူတည်ပါသည်။ “မိဘ-ဆရာပေါင်း ကလေးပညာရေးကောင်း ဆိုတဲ့ ဆောင်ပုဒ်ရှိပါသည်။

တကယ်တော့ အသက်လေးနှစ်ကျော် ငါးနှစ်အရွယ်လေးများကို ပန်းပုဆရာဖြစ်သည့်ဆရာများက လိုသလိုပုံစံသွင်းထုဆစ်နိုင်ပါသည်။ ဆရာကောင်းရင်ကောင်းသလို  ဆရာအရည်အချင်း ပြည့်ဝမှုပေါ်မူတည်ပြီး ကလေးအနာဂတ်လည်း တောက်ပနိုင်ပါသည်။ အသက်အရွယ်ကြီးလာသည်နှင့်အမျှ   ကျောင်းမနေဖူးသူထက် ကျောင်းတက်ခဲ့ဖူးသူက စည်းကမ်းလိုက်နာမှုနှင့်   စိတ်ဓာတ်ကောင်းမွန်မှုတို့မှာ    ပိုပြီးမြင့်မားကောင်းမွန်တာကို လေ့လာတွေ့ရှိရပါသည်။ ကျောင်းမနေဘဲ ရပ်ထဲရွာထဲမှာပဲနေသည့်အခါ ၎င်းပတ်ဝန်းကျင်ကျဉ်းကျဉ်းနှင့်သာ တွေ့ထိရပါသည်။ ထိုကလေးငယ်၏စိတ်ကလည်း အနီးနားက မြင်နေကျကလေးများနှင့်သာ ရင်းနှီးနေမှာအမှန်ပင်ဖြစ်သည်။ အကယ်၍ ကျောင်းနေမည်ဆိုရင် ကလေးပေါင်းစုံ နှင့်ရင်းနှီးမည်။  လူပေါင်းစုံသည့်အတွက် ကလေး၏စိတ်ကလည်း   အများကြီးဖွံ့ဖြိုးနိုင်ပါသည်။ အသင်အပြကောင်းသည့်  ဆရာ၊ ဆရာမများနှင့်တွေ့မည်၊ ကလေးပေါင်းစုံနှင့်လည်း တွေ့သွားမည်ဆိုရင် စိတ်ကပိုမိုဖွံ့ဖြိုးလာပါလိမ့်မည်။

ထိုအရာများသည် ကျောင်းဆရာဟောင်းတစ်ယောက်၏ ကိုယ်တွေ့အတွေ့အကြုံများပင်ဖြစ်သည်။   ထိုကဲ့သို့    သင်ယူခြင်းအားဖြင့် ကလေးများအတွက် လောကကြီးသည် ကျယ်ပြောသထက် ကျယ်ပြောလာမည်မှာအသေအချာပင်။ စိတ်ဓာတ်နှင့်အတွေးအခေါ်များအားလုံး  သိသိသာသာ ကွဲပြားလာမည် ဖြစ်သောကြောင့်   အိမ်မှာနေသည့်ကလေးနှင့်  ကျောင်းနေသည့်ကလေးတို့၏   ကွာဟချက်ကို အချိန်ကြာလာတာနဲ့အမျှ တွေ့ရမည်ဖြစ်ပါသည်။

ကျောင်းတက်ပြီဆိုသည်နှင့် သတ်မှတ်ထားသည့် ကျောင်းဝတ်စုံကိုဝတ်ရပါမည်။

အခြား ကျောင်းသား၊ ကျောင်းသူအတန်းဖော်များနည်းတူ ဘုရားရှိခိုးခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းကအစ   ကျောင်းသန့်ရှင်းရေး၊  အားကစားပြိုင်ပွဲများမှာ ပူးပေါင်းပါဝင်ရပါမည်။ ကျောင်းစည်းကမ်း၊ စာသင်ခန်းစည်းကမ်းများအတိုင်း ဆရာများ၏ သွန်သင်ဆုံးမမှု၊ သင်ကြားမှုများအတိုင်းနေရပါမည်။ အကျိုးဆက်ရလဒ်မှာ ကျောင်းနေသည့်ကလေးသည် အများနှင့်နေထိုင်တတ်သွားမည်၊    စုပေါင်း လုပ်ကိုင်သွားတတ်မည်။ ခေါင်းဆောင်တစ်ဦး၏စိတ်ဓာတ်နှင့် ဦးဆောင်နိုင်၊ တာဝန်ယူလိုသည့် စိတ်ဓာတ်များလည်းရရှိသွားမှာအမှန်ပင်။ ထို့ကြောင့် အိမ်မှာသာနေသည့်ကလေးများသည်   ထိုသို့အလေ့အကျင့်ကောင်းများမရနိုင်သလို   စုပေါင်းစိတ်ဓာတ်၊ စည်းကမ်းတကျနေထိုင်လုပ်ကိုင်တတ်မှု  စသည့်အခြေခံကောင်းများနှင့် ဝေးကွာနေကြခြင်းဖြစ်ပါသည်။     

ကျောင်းမနေဖူးသူထက်   မူလတန်းအဆင့်အထိ တက်ရောက်ဖူးသူ၊ မူလတန်းအဆင့်တက်ဖူးသူထက်   အလယ်တန်းအဆင့်အထိ တက်ရောက်ဖူးသူများက စည်းကမ်းပိုင်းနှင့်စိတ်ဓာတ်ပိုင်း ပိုကောင်းကြပါမည်။   အထက်တန်းအဆင့်ပြီးသူ၊ တက္ကသိုလ်အဆင့်ပြီးမြောက်သူများက ပို၍ပို၍   ရင့်ကျက်ကောင်းမွန်တတ်ကြပါည်။ စာသင်ကြားမှုအပိုင်းမှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းဆိုပြီး သတ်မှတ်ထားခြင်းဟာ      ကလေးများ၏

အသက်အရွယ်၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ အရွယ် ရောက်လာမှုစသည့်   အခြေအနေများအပေါ်မူတည်ကာ ခွဲထားခြင်းဖြစ်ပါသည်။ မူလတန်းတွင် “ဝ လုံးကလေးကို ဝိုင်းဝိုင်းေးနိုင်အောင်၊ A, B, C, D ရေးနိုင်အောင် သင်ပြကြပါသည်။ ကဗျာတွေ ရွတ်ဆိုခိုင်းကြပါသည်။ အလယ်တန်းရောက်လာသည့်အခါ အဆင့်မြင့်လာပါမည်။ ကလေး၏ စိတ်ပိုင်းနှင့်ဉာဏ်ရည်ဖွံ့ဖြိုးမှုကလည်းမြင့်လာသလို သင်ကြားရသည့်စာများနှင့် ဘာသာရပ်များကလည်း  အဆင့်မြင့်လာပါသည်။ အထက်တန်းတွင် ပိုပြီးမြင့်လာပါတော့သည်။   တက္ကသိုလ်ရောက်သည့်အခါတွင်  နယ်ပယ်ကပို၍ကျယ်လာပြီး လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အနယ်နယ် အရပ်ရပ်ကရောက်လာကြပြီး ဘာသာရပ်အလိုက်  တက်ရောက်သင်ကြားကြပါသည်။ တက္ကသိုလ်ဆိုသည့်  အရှိန်အဝါနှင့်အတူ ကျောင်းသား၊   ကျောင်းသူတွေလည်း  စည်းကမ်းတကျနေထိုင်ကြရပြီး အတွေးအခေါ်များလည်းစုံလာကြပါသည်။ ကလေးများ   ကျောင်းနေပညာသင်ရန်အတွက် နံပါတ်တစ် မိဘက အရေးကြီးပြီး နံပါတ်နှစ် ဆရာ၊ ဆရာမများကအရေးကြီးကြောင်း   ပညာရေးဝန်ထမ်းတစ်ဦး၏ အတွေ့အကြုံအရ သိခဲ့ရပါသည်။

သားသမီးများသည်   ငယ်ရွယ်စဉ်ကာလမှာ မိဘခိုင်းသည့်အတိုင်း အများအားဖြင့်  လုပ်ကြသူများပင်ဖြစ်သည်။

လမ်းဘေးလေလွင့်နေထိုင်သူ၊ ကော်ရှူသူ၊ တောင်းရမ်းစားသောက်နေသူများမှအစ ခိုးဆိုးလုယက်၊ မူးယစ်ဆေးဝါးသုံးစွဲနေကြသည့်   ကလေးများကိုကြည့်ပါက စာသင်ခန်းနှင့် ဝေးနေကြသူများဖြစ်နေသည်ကို တွေ့ရပါလိမ့်မည်။ ၎င်းတို့သည် အများအားဖြင့် ဖြစ်သလိုနေကြပြီး လူရမ်းကားစရိုက်ဆန်ကြပါသည်။ ထို့ကြောင့် စာသင်ခန်းထဲက ကလေးနှင့် စာသင်ခန်းပြင်ပက    ကလေးများ၏သဘာဝဟာ လွန်စွာ    ကွာခြားတတ်ကြပါသည်။ ကျောင်းနေသည့်   ကလေးတစ်ဦး၏ စိတ်ဓာတ်နှင့်နှလုံးသားက  ပိုဖွံ့ဖြိုးလာကာ မိုက်မိုက်ရိုင်းရိုင်းမဖြစ်တော့ဘဲ နူးညံ့သိမ်မွေ့ကြခြင်းကြောင့်   ကလေးများကျောင်းနေရေးအတွက် မိဘနှင့် ဆရာများက အရေးကြီးရခြင်းပင်ဖြစ်ပါသည်။ မိဘများကိုယ်တိုင်က  ကိုယ့်သားသမီးပညာရေးနှင့် ပတ်သက်ပြီး “စာသင်တာ အလကားပဲ ဆိုသည့် အတွေးအခေါ် အယူအဆရှိနေမည်ဆိုပါက ထိုကလေးသည်     ကျောင်းစာနှင့်ဝေးနေမည်မှာ သေချာပါသည်။ ပညာတတ်ကြီးဖြစ်ရန် ပို၍ ဝေးသွားပေမည်။    ကလေးများ ကျောင်းကိုရောက်လာမည်၊ သင်ကြားပေးမည့်ဆရာ၊ ဆရာမများ၏ သင်ကြားမှုစွမ်းရည်ကလည်း ကောင်းမွန်မည်ဆိုပါက ထိုကလေးများ၏   အနာဂတ်ပညာရေးသည် သေချာပေါက် ကောင်းမွန် တိုးတက်စေပါမည်။ ဘယ်ဗေဒင်မှမေးစရာမလိုဘဲ ကျွန်တော့်အတွေ့အကြုံအရ သိခဲ့ရသည့် အရာပင်ဖြစ်သည်။

မြန်မာနိုင်ငံရဲ့ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ ငါးနှစ်အထက် လူဦးရေ ၄၆ ဒသမ ၄၆၃ သန်းရှိပြီး နိုင်ငံတစ်ဝန်းလုံးကျောင်းလုံးဝမနေဖူးသူ ၈  ဒသမ  ၁ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ အလယ်တန်းအဆင့်ထိ ပညာသင်ယူခဲ့ဖူးသူ ၁၈ ဒသမ ၂ သန်းခန့်၊ အထက်တန်းပညာသင်ယူခဲ့သူ ခုနစ်သန်းကျော်ခန့်ရှိပြီး လူဦးရေ  သုံးသန်းနီးပါးခန့်သာ ဘွဲ့ရရှိခဲ့သည်ကိုတွေ့ရပါသည်။ နိုင်ငံ့ လူဦးရေနှင့်  ယှဉ်လိုက်မယ်ဆိုပါက ကျောင်းနေသူရာခိုင်နှုန်းနှင့် စာတတ်မြောက်သူရာခိုင်နှုန်းက  အခုထက်ပိုမိုများပြားရန် လိုနေသေးသည်ကိုတွေ့ရပါသည်။ နိုင်ငံတော်အတွင်း   ဒေသများအလိုက်  ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်လူမှုရေးကဏ္ဍများတွင် ကွာဟချက်မကြီးမားစေရန်  အသိပညာနှင့်အတတ်ပညာ ပြည့်စုံသော   ပညာတတ်ဦးရေများပြားရန် လိုအပ်သည်မှာအမှန်ပင်ဖြစ်သည်။ အတန်းပညာရှိမှသာ အသိပညာနှင့် အတတ်ပညာရပ်များကို   သင်ယူဖို့ လွယ်ကူစေမည်။ ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်သောကြောင့်  ပြည်သူများ၏ ပညာရေးအဆင့်မြင့်မားမှုသည် ပို၍ပင်အရေးကြီးပါသည်။ မြန်မာနိုင်ငံရှိ တချို့ပြည်နယ်များ၏ ကျေးလက်ဒေသများတွင် ဘာသာစကားအခက်အခဲ၊   ပညာရေးအားပေးမှု အားနည်းချက်နှင့် အခြားလူမှုစီးပွားဘဝ အခက်အခဲအမျိုးမျိုးများကြောင့် ပညာရေးအားနည်းလျက်ရှိနေဆဲဖြစ်သည်ကို တွေ့ရပါသည်။ ဒီမိုကရေစီစနစ်ကို   အကောင်အထည်ဖော်ဆောင်ရွက်မည့်သူများ၊ လိုက်နာကျင့်သုံးရမည့်သူများ

အားလုံးသည် အသိပညာအတတ်ပညာများနှင့် မှန်ကန်သည့် စဉ်းစားတွေးခေါ်နိုင်စွမ်းများရှိရန်    အထူးလိုအပ်ပါသည်။

ထို့ကြောင့် နိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသားပြည်သူအားလုံး၏ ပညာရေးအဆင့်အတန်း တိုးတက်မြင့်မားနေမှသာ အခွင့်အရေး၊ လိုက်နာထိန်းသိမ်းရမည့် စည်းကမ်းနှင့်တာဝန်များကို  ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။  

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့်ကာလတွင်   နိုင်ငံတော်အကြီးအကဲအနေဖြင့် ပညာရေး၏အရေးကြီးပုံကို သတိပြုမိသောကြောင့် နိုင်ငံသားအားလုံး   ပညာရည်မြင့်မားလာစေရေးအတွက် ပညာရေးဆိုင်ရာမူဝါဒများပြုပြင်ပြောင်းလဲခဲ့သည်ကို    တွေ့ရပါသည်။

ကျောင်းနေအရွယ်အားလုံး၊ ပညာသင်ယူရမည့်အရွယ်ကလေးအားလုံး   ပညာသင်ယူခွင့်ရှိစေရေးနှင့်   KG+9  အထိ မသင်မနေရပညာရေးစနစ်များကို ချမှတ်ပေးခဲ့ခြင်းသည်   နိုင်ငံ့အနာဂတ်အတွက် အခြေခံအုတ်မြစ်ကောင်းများ ချမှတ်ပေးခြင်းပင်ဖြစ်သည်။ ထို့ပြင်  နိုင်ငံတော်၏ အခြေခံစီးပွားရေးဖြစ်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများမှထုတ်ကုန်များ တိုးတက်မြင့်မားစေရန်အတွက် လိုအပ်သည့်    ကျွမ်းကျင်လူသားအရင်းအမြစ်ကောင်းများ    ပေါ်ထွက်လာစေရေးရည်ရွယ်ပြီး ယခုအချိန်တွင် ခရိုင် ၈၄ ခုမှာ  အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း    ၈၅ ကျောင်းဖွင့်လှစ်ပေးလျက် ရှိတာကိုလည်း တွေ့ရှိရပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အတန်းပညာကို အဆင်ပြေစွာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်း၊ စာသင်ဆောင်၊ စာသင်ခန်းများသာမက ကျောင်းစာကြည့်တိုက်၊ သန့်စင်ခန်း၊ ကျောင်းအားကစားရုံ၊ အားကစားကွင်းများ   သန့်ရှင်းသပ်ရပ်ကောင်းမွန်ပြီး သင်ထောက်ကူပစ္စည်းများ ပြည့်စုံစေရေးကိုပါ အလေးအနက်ထား ဆောင်ရွက်ပေးနေမှုများသည် နိုင်ငံတော်အစိုးရရဲ့ပညာရေးကို    အားပေးအားမြှောက်ပြုနေတဲ့ လုပ်ဆောင်ချက်များအဖြစ် ပေါ်လွင်ထင်ရှားနေသည်ကို  သတိထားမိပါသည်။

ပညာရေးကို  အားလုံးကအားပေးရမည်ဖြစ်သလို အကြောင်းအမျိုးမျိုးကြောင့် ပညာရေးရပ်တန့်သူများကလည်း စာဖတ်ကြရန် အလွန်အရေးကြီးပါသည်။ စာဖတ်သည့်အခါတွင်  မိမိနှစ်သက်ရာ၊ ဝါသနာပါရာ  မိမိဘဝတက်လမ်းအတွက် အကျိုးရှိစေမည့်   မိမိတို့ကျင်လည်ရာ ကဏ္ဍ နယ်ပယ်အလိုက်  သက်ဆိုင်သည့်စာပေ

များကို ဖတ်ကြရမည်ဖြစ်ပါသည်။ သုတ၊ ရသ မည်သည့်စာပေပဲဖြစ်ဖြစ်ဖတ်သင့်ပါသည်။  ဗဟုသုတ၊ အကြားအမြင်အတွက် သုတစာပေဖတ်ရမှာဖြစ်သလို စိတ်နှလုံးသား နူးညံ့သိမ်မွေ့ရန် ရသစာပေလည်း ဖတ်ကြရပါမည်။ ရာသီဥတုနှင့်မိုးလေဝသအခြေအနေ၊ သဘာဝဘေး၊ ရေကြီးမှု၊ မီးလောင်မှု၊ ဒေါ်လာဈေး၊ ရွှေဈေး၊ အခြေခံစားသောက်ကုန်နှင့်ကုန်ဈေးနှုန်း၊ နယ်မြေဒေသအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေး စသည့်အခြေအနေများနှင့်ပတ်သက်ပြီး   နေ့စဉ်ဖြစ်ပျက်ပြောင်းလဲနေသည့်အကြောင်းအရာများ၊ နေ့စဉ်သတင်းများသည် သုတစာပေများဖြစ်ပါသည်။ သုတစာပေကို   ဖတ်ရှုလေ့လာခြင်းအားဖြင့် အခြေအနေအရပ်ရပ်နှင့် သတင်းအချက်အလက်၊ အကြောင်းအရာ အဖြစ်အပျက်များကို သိလာပါမည်။  သိထားသည့်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ ရွေးချယ်ရာ နည်းလမ်းတွေကိုလည်း သိလာကြပါမည်။ ဥပမာ-“မီးရထားလမ်း ရေကျော် နေ၍ ရထားခရီးစဉ်တချို့ ယာယီရပ်ဆိုင်းထား ဆိုသည့် သတင်းကိုကြိုတင်သိထား

မယ်ဆိုပါက  မိမိသွားမည့်ခရီးစဉ်တစ်ခုကို   ကားလမ်းကြောင်းမှသွားတာမျိုး သို့မဟုတ် ရထားနှင့်သွားမည့်ခရီးစဉ်ကို ဖျက်လိုက်ခြင်းမျိုး စဉ်းစားဆုံးဖြတ်နိုင်ပေမည်။ ရသစာပေသည်    လူတစ်ဦး၏ စိတ်ဓာတ်၊ အယူအဆ၊ အတွေးအခေါ်များကို ပြောင်းလဲသွားစေပြီး နှလုံးသားကို နူးညံ့စေတတ်ပါသည်။  ပြဿနာတစ်ရပ်ရပ်ဖြစ်လာသည့်အခါ သို့မဟုတ် အခက်အခဲတစ်ခုကြုံလာတဲ့အခါမျိုးတွင်  ဝုန်းကနဲ ဒိုင်းကနဲ   ဖြေရှင်းမှုမျိုးမလုပ်ဖြစ်တော့ဘဲ အရာရာကို  တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးဖြေရှင်းတတ်လာပါသည်။

စာအုပ်စာပေကောင်းများဖတ်ရှုရေးနှင့်ပတ်သက်၍လည်း   ပြန်ကြားရေးဝန်ကြီးဌာနအပြင်  ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးအောက်ရှိ   စာပေတိုက်မှ အများသူငါ ဗဟုသုတရရှိစေရေးအတွက် အသိပညာ၊ အတတ်ပညာဆိုင်ရာ စာအုပ်စာပေကောင်းများ စဉ်ဆက်မပြတ်ထုတ်ဝေပေးလျက်ရှိနေတာကို   တွေ့မြင်ရပါသည်။

အစိုးရနှင့် တပ်မတော်မှသာမဟုတ်ဘဲနိုင်ငံသားအားလုံးအတွက် အကျိုးရှိ၊ အဖိုးတန်သော စာအုပ်စာပေကောင်းများကို အရပ်ဘက် ပုဂ္ဂလိကပိုင်စာအုပ်တိုက်များကလည်း  ယခုထက်မက ပိုမိုထုတ်ဝေ

နိုင်ရေး ကြိုးပမ်းစေလိုပါသည်။ ထိုသို့ထုတ်ဝေကြမှသာ စာဖတ်ကြသူများအနေဖြင့်   စာအုပ်စာပေကောင်းများ ဖတ်ရှုနိုင်ပြီး  ပတ်ဝန်းကျင်တွင်ဖြစ်ပျက်နေသော အကြောင်းအရာများကို မှန်မှန်ကန်ကန် လေ့လာသုံးသပ်နိုင်ပေလိမ့်မည်။  ထိုမှဆောင်ရွက်တတ်သော နိုင်ငံ့သားကောင်းများ ဖြစ်လာကြပေမည်။

၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်မှာပြုလုပ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၃/၂၀၂၂) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ အနာဂတ်နိုင်ငံတော်ဟာ ကျွန်တော်တို့သွားချင်တဲ့ ဒီမိုကရေစီဟာ ပညာတတ်တွေပေါကြွယ်ဝမှသာ ဒီမိုကရေစီဆိုတာလည်းအဓိပ္ပာယ်ရှိမှာ။ တိုင်းပြည်တိုးတက်ဖို့ ဆိုတာကလည်း ပညာတတ်တွေရှိမှပဲ စိတ်ချရလိမ့်မယ်။ ဒါကြောင့် ပညာရေးဟာ တိုင်းပြည်တိုးတက်ရေးအတွက်ရော၊ ဒီမိုကရေစီအရေးအတွက်ရော၊ တိုင်းပြည်အတွက် အဓိကကျတာကိုတွေ့ရပါတယ်။ ပညာရေးမူဝါဒဟာ   မဖြစ်မနေချမှတ်ပြီး ဆောင်ရွက်ဖို့လိုတယ်ဆိုတာကို သွားတွေ့ပါတယ်ဆိုပြီးပြောကြားခဲ့သည်ကို မှတ်သားခဲ့ရပါသည်။ နိုင်ငံတော်

ဝန်ကြီးချုပ်အနေနဲ့   ပညာရေးဆိုင်ရာ မှန်ကန်သောမူဝါဒများကို  ချမှတ်ပေးခဲ့သည့်အပြင် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်  ပညာရေးညီလာခံကျင်းပပေးခြင်း စသည့်နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းဆောင်ရွက် ပေးနေတာကို ဝမ်းမြောက်ဖွယ်တွေ့မြင်ရပါသည်။ လူငယ်များ   ဗလငါးတန်ဖွံ့ဖြိုးစေရေး   အားကစား၊ ယဉ်ကျေးမှု စသည့်ကဏ္ဍအသီးသီးကိုလည်း ပုံဖော်ပေးနေသကဲ့သို့   စာအုပ်စာပေကောင်း များကိုလည်း ကျောင်း၊ အရပ်ဘက် စာကြည့်တိုက်များသို့   အင်တိုက်အားတိုက်  လှူဒါန်းပေးလျက်ရှိနေသည်ကို တွေ့ရပါသည်။ ထိုအရာများအားလုံးသည် ပညာရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရ၏ အားပေး အားမြှောက်ခြင်းများ ဖြစ်သောကြောင့်    ကျွန်တော်ကဲ့သို့ အငြိမ်းစားပညာရေး ဝန်ထမ်းတစ်ယောက်တွက်တော့  ပညာရေးကဏ္ဍအတွက် အားရကျေနပ်မုဒိတာပွားမိသည်မှာ အမှန်ပင်ဖြစ်ပါသည်။

နိုင်ငံတစ်နိုင်ငံကို ဖန်တီးပုံဖော်ကြသူများသည် ထိုနိုင်ငံ၏ နိုင်ငံသားများသာဖြစ်ပါသည်။ ကောင်းမွန်သည့် နိုင်ငံသားများကသာ နိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်ကြပါမည်။ စည်းကမ်းလိုက်နာမှု ကောင်းမွန်သည့် လူမျိုးဖြစ်လာစေရန်အတွက်   အစပြုလေ့ကျင့်သင်ကြားပေးသည့်နေရာသည်  စာသင်ကျောင်းကလွဲပြီး   တခြားမရှိနိုင်ပေ။ စာသင်သားကလေးငယ်များကို စာပေပညာ တတ်မြောက်ရုံမျှသာမက နိုင်ငံ့သားကောင်း၊ သမီးကောင်းများဖြစ်လာစေရေး   သွန်သင်ဆုံးမ နည်းလမ်းပြကြရမည်မှာ ဆရာ၊ ဆရာမများ၏ တာဝန်ပင်ဖြစ်ပါသည်။ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကဆိုသည့် ဆောင်ပုဒ်သည် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများကို  အစဉ်စည်းကမ်းရှိနေစေရေး မပြတ်သတိပေးဆော်ဩနေသော လမ်းညွှန်ဆောင်ပုဒ်သာဖြစ်ပါသည်။  စည်းကမ်းကောင်းမွန်သည့်  ကျောင်းက ဂုဏ်ဒြပ်ကြီးသလို ထိုကျောင်းမှ ကျောင်းဆရာ၊ ဆရာမတွေကိုလည်း အများကလေးစားကြပါသည်။ ထိုကဲ့သို့ ကျောင်းများတွင် တက်ရောက်ကြရသည့်   ကျောင်းသား၊ကျောင်းသူများနှင့် မိဘများကလည်း ဂုဏ်ယူကြရပါသည်။ ထို့ကြောင့် ယနေ့အချိန်အခါမှာ နိုင်ငံတော်အစိုးရအနေမြင့်မားရေးကို   အားပေးဆောင်ရွက်နေ တာဝန်ရှိသူများအနေဖြင့်လည်း   စည်းကမ်း၊ ကျင့်ဝတ်၊ ဥပဒေများကို လေးစားလိုက်နာတတ်သော   နိုင်ငံကြီးသားများ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေး တာဝန်ကို အလေးအနက်ထားပြီး  ဆက်လက်ထမ်းဆောင်ကြဖို့ လိုအပ်တဲ့အကြောင်း လတ်တလော ကြုံတွေ့သိမြင်ခဲ့ရသည်များကတစ်ဆင့် မျှဝေခံစားတင်ပြလိုက်ရပါသည်ခင်ဗျာ။     ။

အငြိမ်းစားပညာရေးဝန်ထမ်းတစ်ဉီး