မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်တို့ရှိ ပျက်စီးနေသည့်လမ်းများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုအား သွားရောက်ကြည့်ရှု
နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာလ ၄ ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ရာဂိမုန်တိုင်း၏အရှိန်ကြောင့် မိုးသည်း ထန်စွာရွာသွန်းမှု ဖြစ်ပွားခဲ့ပြီး မိုင်းဆတ်မြို့နယ်အတွင်းရှိ ဝမ်ဟုန်-ဆီဟုတ်- မိုင်းယွန်း-ပိန်းခမ်းလမ်းနှင့် မိုင်းတုံမြို့နယ် အတွင်းရှိ မုံးထ-ဆန်ကန်-ခိုင်းလုံလမ်း၊ နားပါကော်-ဟိုပန်-ဟိုရွက်-ဝမ်ဟုန် လမ်းတို့တွင် တောင်များပြိုကျကာ လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ် ခဲ့သည်။
အဆိုပါ ပျက်စီးသွားခဲ့သည့် မိုင်းဆတ်မြို့နယ်အတွင်းရှိ ကျောက်ခင်းလမ်း အရှည် ၆၇ ကီလိုမီတာ၊ အကျယ် ၂၄ ပေရှိ ဝမ်ဟုန်-ဆီဟုတ်- မိုင်းယွန်း-ပိန်းခမ်း လမ်းအား ဒေသခံပြည်သူများ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရေးအတွက် ခရိုင်ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက လမ်းပိတ်ဆို့မှုများအား ဖယ်ရှား ရှင်းလင်းခြင်း တာဝန်ယူဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၃ ရက်နေ့တွင် မော်တော် ယာဉ်များ ပြန်လည်သွားလာနိုင်ပြီဖြစ်သည်။
အလားတူ မိုင်းတုံမြို့နယ်အတွင်းရှိ မြေသားလမ်းအရှည် ၄၀ ကီလို မီတာ၊ အကျယ် ၂၀ ပေရှိ မုံးထ-ဆန်ကန်-ခိုင်းလုံလမ်းနှင့် မြေသားလမ်းအရှည် ၅၆.၄ ကီလိုမီတာ၊ အကျယ် ၁၅ ပေရှိ နားပါ ကော်-ဟိုပန်-ဟိုရွက်-ဝမ်ဟုန် လမ်းတို့အား ဒေသခံပြည်သူများ အဆင်ပြေလွယ်ကူစွာသွားလာနိုင်ရေးအတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(မိုင်းတုံ)မှ တာဝန်ရှိသူများက လမ်းပိတ်ဆို့မှုများအား ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၃ ရက်နေ့တွင် မော်တော်ယာဉ်များ ပြန်လည်သွားလာနိုင်ပြီဖြစ်သည်။
အဆိုပါ ပျက်စီးသွားခဲ့သည့် လမ်းများပြင်ဆင်ဆောင်ရွက်ပြီးစီးမှုများကို အောက်တိုဘာ ၃ ရက်တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။