မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

နေပြည်တော်   အောက်တိုဘာ   ၄ 

    မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် အောက်တိုဘာလ ၃ ရက် နံနက် ၈ နာရီခွဲတွင်  စစ်ကိုင်းမြို့၊  တစ်ကောင်းရပ်ကွက်၊    ရတနာပုံတံတား အနီးတွင် မန္တလေးမှ မိုးကောင်းသို့ မောင်းနှင်လာသည့် AD Van အမျိုးအစားခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၈ ကီလိုကို လည်းကောင်း၊ အလားတူ ညနေ  ၄ နာရီတွင် သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာအုပ်စု၊ ပြည်ညောင် ကျေးရွာအနီးတွင်  နေဇော်ရဲနှင့်  အောင်မြင့်မြတ်တို့အား ဆိုင်ကယ်တစ်စီးနှင့် အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့်    စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀ ကိုလည်းကောင်း။

    ထို့အတူ ပူးပေါင်းအဖွဲ့သည် ညနေ ၅ နာရီခွဲတွင် တာချီလိတ်မြို့၊ ရန်အောင်မြေ ရပ်ကွက်တွင်  တရုတ်နိုင်ငံသား  အားဖူမောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး ကက်တမင်း သုည ဒသမ ၈၇၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀ ကိုလည်းကောင်း၊ ထို့ပြင် ညနေ ၅ နာရီတွင် မင်္ဂလာဒုံမြို့နယ်၊ ရွှေနှင်းဆီရပ်ကွက်နေ မျိုးမြင့်အောင်(ခ) မျိုးမြင့်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ည ၇ နာရီခွဲတွင် အောင်ကိုကို(ခ)အောင်ဖိုးအား မင်္ဂလာဒုံမြို့နယ်၊ ရွှေနှင်းဆီရပ်ကွက်၊ သီရိရတနာလမ်းတွင်  စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား   မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

Dates: 
Saturday, October 5, 2024 - 14:43