မဟာအောင်မြေမြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်တို့တွင် ငွေကျပ် ၂၂၄၂ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
နေပြည်တော် အောက်တိုဘာ ၆
မဟာအောင်မြေမြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်တို့တွင် ငွေကျပ် ၂၂၄၂ သိန်း တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၂ ရက် ည ၈ နာရီတွင် မဟာ အောင်မြေမြို့နယ် စင်္ကြာနွယ်စဉ်ရပ်ကွက်၊ ၃၈ လမ်း ၇၄ x ၇၅ လမ်းတွင် ကောင်းထက်စံ မောင်းနှင်ပြီး ရဲရင့် လိုက်ပါလာသည့် ဆိုင်ကယ် ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်း ဆေးဝါး Happy Water သုည ဒသမ ၀၂၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ည ၈ နာရီတွင် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်၊ ၆၆ x ၄၁ လမ်းတွင် စိုင်းနော်ခမ်း(ခ)နော်ခမ်းအား စိတ်ပြောင်းဆေးဝါး Happy Water သုည ဒသမ ၀၃၅ ကီလိုနှင့်လည်းကောင်း၊ အောက်တိုဘာလ ၃ ရက် ည ၈ နာရီတွင် မဟာအောင်မြေ မြို့နယ် ရဲမွန်တောင်ရပ်ကွက် ၆၂ လမ်း၊ ၄၃ လမ်းထောင့်ရှိ ရဲရင့်၏အခန်းအား ဝင်ရောက်ရှာဖွေရာ စိတ်ပြောင်းဆေးဝါး Happy Water သုည ဒသမ ၀၂၈ ကီလိုအား လည်းကောင်း၊ ည ၈ နာရီတွင် ချမ်းအေး သာစံမြို့နယ် ပြည်ကြီးပျော်ဘွယ် အရှေ့ရပ်ကွက် ၆၆ လမ်း ၃၀ x ၃၁ ကြားတွင် သက်ပိုင်ဇော်အား စိတ်ပြောင်းဆေးဝါး များဖြစ်သည့် အက်တက်စီဆေးပြား ၅၀ ၊ ကက်တမင်း သုည ဒသမ ၀၄၅ ကီလိုနှင့် လည်းကောင်း၊ အောက်တိုဘာလ ၅ ရက် နံနက် ၂ နာရီခွဲတွင် ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဘွယ် အရှေ့ရပ်ကွက် ၆၆ လမ်း ၃၀ x ၃၁ ကြားရှိ သက်ပိုင်ဇော်၏နေအိမ်မှ စိတ်ပြောင်းဆေးဝါး ကက်တမင်း ၅ ဒသမ ၂ ကီလိုအား လည်းကောင်း၊ နံနက် ၂ နာရီခွဲတွင် ချမ်းအေးသာစံမြို့နယ် ပြည်ကြီး ပျော်ဖွယ်အရှေ့ရပ်ကွက် ၆၆ လမ်း ၃၀ x ၃၁ ကြားရှိ ရဲရင့်ဝင်း၏ နေအိမ်ကိုဝင်ရောက် ရှာဖွေရာ စိတ်ပြောင်းဆေးဝါး အက်တက်စီ ဆေးပြားခြောက်ပြားကို လည်းကောင်း၊ အလားတူ ပူးပေါင်းအဖွဲ့သည် နံနက် ၁၁ နာရီတွင် ရပ်စောက်မြို့ ဗထူးရပ်ကွက်တွင် ခင်မောင်ထွန်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၈၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။