တိုက်စစ်ကစားသမား ဗင်နီစီးယက်စ် ပခုံးဒဏ်ရာကြောင့် နိုင်ငံတကာပွဲစဉ်များ ကစားမည့် ဘရာဇီး လက်ရွေးစင်အသင်း ကစားသမား စာရင်းမှနုတ်ထွက်
ရီယိုဒီဂျနေးရိုး အောက်တိုဘာ ၇
ဘရာဇီးလက်ရွေးစင်အသင်းနှင့် ရီးယဲလ်မက်ဒရစ် အသင်း အဓိကတိုက်စစ် ကစားသမား ဗင်နီစီးယက်စ် သည် ဗီလာရီးယဲလ်အသင်းနှင့် ကစားသည့်ပွဲစဉ်တွင် ရရှိသော ပခုံးဒဏ်ရာကြောင့် ရက်သတ္တအနည်းငယ် အနားယူရမည် ဖြစ်သည့်အတွက် နိုင်ငံတကာပွဲစဉ်များ ကစားမည့် ဘရာဇီးလက်ရွေးစင် အသင်းကစားသမား စာရင်းမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။
စပိန်လာလီဂါပွဲစဉ်အဖြစ်ကစားသည့် ရီးယဲလ် မက်ဒရစ်အသင်းက ဗီလာရီးယဲလ် အသင်းကို ၂ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ပွဲစဉ်၌ ဗင်နီစီးယက်စ် သည် ပွဲချိန် ၇၃ မိနစ်တွင် အသင်းအတွက် သွင်းဂိုး တစ်ဂိုး သွင်းယူနိုင် ခဲ့သော်လည်း ပွဲချိန် ၇၉ မိနစ်တွင် ပခုံးဒဏ်ရာရရှိခဲ့ပြီး ဆက်လက် ကစားနိုင်ခြင်းမရှိ သည့်အတွက် လူစားလဲ ထွက်ခွာခဲ့ရသည်။
ဗင်နီစီးယက်စ်အနေဖြင့် ပခုံးဒဏ်ရာနှင့် ပတ်သက်ပြီး အသေးစိတ်ဆေးစစ်မှုများ ပြုလုပ်ခဲ့ရာ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝရန် အနည်းဆုံး ရက်သတ္တသုံးပတ်မှ လေးပတ်ခန့် အနားယူရမည်ဖြစ်သောကြောင့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် နိုင်ငံတကာ ပွဲစဉ်များကစားမည့် ဘရာဇီး လက်ရွေးစင်အသင်း ကစားသမားစာရင်းမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
ဗင်နီစီးယက်စ်သည် ဒဏ်ရာကြောင့် ရီးယဲလ်မက်ဒရစ် အသင်းနှင့်အတူ ဆယ်တာဗီဂိုအသင်း၊ ဒေါ့မွန်အသင်း၊ ဘာစီလိုနာအသင်း၊ ဗလင်စီယာ အသင်းတို့နှင့်ပွဲစဉ်ကို လွဲချော်မည်ဖြစ်သည့်အပြင် နိုဝင်ဘာလ ၆ ရက်တွင် ကစား မည့် အေစီမီလန် အသင်းနှင့်ပွဲစဉ်မှသာ ပြန်လည်ပါဝင်နိုင်ဖွယ် ရှိကြောင်း သိရသည်။