နေပြည်တော်၊ ဒီဇင်ဘာ - ၁၅
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၉ ရက်မှစ၍ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ခတ္တူကျေးရွာအုပ်စု၊ ငှက်ပျောတော ကျေးရွာတွင် တည်ထားကိုးကွယ်သော စတုမုခထူပါရုံစေတီ တော်မြတ်ကြီး၏ အရန်စေတီတော် တစ်ဆူဖြစ်သည့် အောင်သိဒ္ဓိစေတီတော်သည် အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့ပြီး ဒီဇင်ဘာ ၁၁ ရက်တွင် ပြိုကျ ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။
အဆိုပါနေရာသို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဟင်္သာတတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများက သွားရောက်၍ ပြိုကျပျက်စီးခဲ့သည့် အောင်သိဒ္ဓိစေတီတော်ရှိ ရှေးဟောင်းသမိုင်းဝင်ဌာပနာပစ္စည်းများ၊ ဗုဒ္ဓရုပ်ပွားတော်များနှင့် အုတ်ချပ်များအား သယ်ယူ ရွေ့ပြောင်းဆည်တင်ခြင်းလုပ်ငန်းများအား ဒေသခံပြည်သူများနှင့်အတူ ဒီဇင်ဘာ ၁၄ ရက်မှစ၍ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ဆောင်ရွက်နေမှုများကို ယနေ့တွင် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး အဆိုပါစေတီတော်မြတ်ကြီးအတွင်းရှိ ဦးဘစိုဓမ္မာရုံ၌ နန္ဒဝန်ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တဝိသုတ အား ဖူးမြော်ကာ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
စတုမုခထူပါရုံစေတီတော်မြတ်ကြီးကို မြန်မာသက္ကရာဇ် ၄၂၀ ပြည့်နှစ်တွင် ပုဂံပြည့်ရှင် အနော်ရထာမင်းကြီး တည်ထားခဲ့သော စေတီတော်မြတ်ကြီးဖြစ်ပြီး တည်ထား ကိုးကွယ်စဉ်က ဉာဏ်တော် ၄၅ တောင်သာရှိခဲ့ရာမှ မြန်မာသက္ကရာဇ် ၁၁၁၅ ခုနှစ်တွင် နန်းတက်တော်မူသော အလောင်းမင်းတရားကြီးက စေတီတော်မြတ်ကြီးအား ချုံနွယ်များကြားမှ ရှင်းလင်းခုတ်ထွင် ပြန်လည်ပြုပြင်၍ မုဒ်ပေါက်ပါ အရန်စေတီလေးဆူကို ထပ်မံတည်ထား ကိုးကွယ်ခဲ့ရာ မုဒ်ဝလေးမျက်နှာရှိသည့်အတွက် စတုမုခစေတီတော်ဘွဲ့အမည်ဖြင့် ခေါ်ဆို သမုတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် မြန်မာသက္ကရာဇ် ၁၉၂၀ ပြည့်နှစ်မှစ၍ ငဝန်မြစ်ရေ တိုက်စားမှုကြောင့် စေတီတော်မြတ်ကြီးမှာ ကမ်းပြို၊ ကမ်းစားခြင်းဒဏ်များကို ခံခဲ့ပြီး နှစ်စဉ် ကမ်းထိန်းခြင်းလုပ်ငန်းများကို တာဝန်ရှိသူများမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။