ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့်ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ ဒီဇင်ဘာ - ၁၅    
ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝစေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစု များမှ လှူဒါန်းသည့် အာဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော်သား များက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိသည်။    
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့ ပြည်သူ့ဆေးရုံ၊ ကရင်ပြည်နယ်၊ ဘားအံမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အထွေထွေရောဂါကုဆေးရုံကြီး၊ ဖြူးမြို့နယ် ပြည်သူ့ဆေးရုံ၊ ပဲခူးမြို့နယ်၊ ဘုရားကြီး တိုက်နယ်ဆေးရုံနှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြည်သူ့ဆေးရုံများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်၍ တပ်မတော်စက်ရုံအသီးသီးမှ ထုတ်လုပ်သော အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှထွက်ရှိသော စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။    
၎င်းအပြင် ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် တပ်မတော်က လှူဒါန်းသည့်  Personal Protective Equipment (PPE) ဝတ်စုံ ၃၀ စုံ ကို ကရင်ပြည်နယ်၊ အိန္ဒုတိုက်နယ်ဆေးရုံသို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ဘားအံတပ်နယ်မှ တာဝန်ရှိသူများက ယနေ့တွင် သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။