ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ
နေပြည်တော် အောက်တိုဘာ ၈
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၆ ရက် ညနေ ၅ နာရီတွင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ လောက်တန်(ခ) လောက်စန်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၇ ရက် နံနက် ၉ နာရီခွဲတွင် ရပ်စောက်မြို့ ဗထူးရပ်ကွက် ကျောက်ဂူ-ရပ်စောက်သွား ကားလမ်းတွင် နိုင်ကိုထက် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀၀၀၀ ကို လည်းကောင်း၊ အလားတူ နံနက် ၅ နာရီတွင် မိုင်းဆတ်မြို့နယ် မယ်နင်ကျေးရွာအုပ်စု မယ်နင်ကျေးရွာ အနီးတွင် ခါးကျင်မောင်းနှင်ပြီး ရှာမွေ လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။