မဲဝိုင်အနီးတွင် အုပ်ချုပ်မှုကိစ္စ ဆောင်ရွက်လျက်ရှိသည့် တပ်မတော်သား များအား KNLA တပ်မဟာ(၅)အဖွဲ့က မိုင်းဆွဲတိုက်ခိုက်

နေပြည်တော်၊  ဒီဇင်ဘာ - ၁၅

ကရင်ပြည်နယ်၊ မဲဝိုင်အနီးတွင် အုပ်ချုပ်မှုကိစ္စ ဆောင်ရွက်လျက်ရှိသည့် တပ်မတော်သားများအား ယနေ့ နံနက်ပိုင်းတွင် KNLA တပ်မဟာ(၅)မှ မိုင်းဆွဲ တိုက်ခိုက်သဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ KNLA အဖွဲ့များ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်တွင် တပ်မတော်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

KNLA တပ်မဟာ(၅)အဖွဲ့အနေဖြင့် ဒီဇင်ဘာလအတွင်း မဲဝိုင်အနီး သတ်မှတ် နယ်မြေ ကျော်လွန်၍ မိုင်းဆွဲတိုက်ခိုက်မှု ၅ ကြိမ်နှင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ပြီး NCA စာချုပ်ပါ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊ Code of Conduct အခန်း(၃)ပါ ပြဌာန်းချက်များကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိရသည်။

တပ်မတော်အနေဖြင့် စစ်မှန်သောထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် NCA စာချုပ်ပါ သဘောတူညီချက်များကို လေးစားစောင့်ထိန်းလျက်ရှိပြီး KNLA တပ်မဟာ(၅)၏ NCA သဘောတူစာချုပ် ချိုးဖောက်မှုများနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်ကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(ပြည်နယ်အဆင့်) Joint Ceasefire Monitoring Committee – State Level သို့  ၃၉ ကြိမ် ကန့်ကွက်ခဲ့ကြောင်းနှင့် နယ်မြေတည်ငြိမ်ရေးနှင့် လုံခြုံရေး အတွက် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။