သားမြေးစဉ်ဆက် ဂုဏ်ဝင့်စေဖို့
“သစ်ငုတ်ကျားဆီး၊ မှုကြီးရေးခွင်၊ ရှေ့ဖျားတင်၍၊ ဆင်လျှင် ဆင်ချင်း၊ မြင်းလျှင် မြင်းတိုက်၊ တိုက် တိုက်သရွေ့၊ တွေ့တွေ့သမျှ၊ ကာလမရွေး၊ တို့တဝေးကား၊ အရေးမရှု၊ ဗိုလ်ထုပျက်ချည်း၊ ယှဉ်တိုင်းလည်း စိမ့်၊ မသရည်းချင်၊ ချဉ်သီးမြင်သော်၊ ပါးပြင်စက်စို၊ လျှာရည်ယိုသို့၊ တကိုယ်ရည်ဘက်၊ ရှင့်မှုထွက်က၊ သက်မမှတ်ချင်၊ ဝင်၍ ဖြုတ်ဖြုတ်၊ အူသည်းနုတ်အံ့၊ သုတ်သုတ်မြန်သက်၊ စိတ်ထက်ထက်နှင့်၊ ရှင့်လက်ရွေးဆန်၊ တို့ တသွန်ကား၊ တံခွန်စိုက်ချည်း၊ အသည်းထပ်မျှ၊ တူတန်ကြသည်၊ သူရရဲဘော် ရန်ခွင်းတည်း”
မဟာဇနကပျို့
ယနေ့ နည်းပညာခေတ်ကြီးတွင် ကမ္ဘာ့အင်အားကြီး နိုင်ငံများက နိုင်ငံရေးနှင့်စီးပွားရေး လွှမ်းမိုးချုပ်ကိုင်နိုင်ရန်အတွက် စစ်အင်အား(စစ်မှုထမ်း အင်အားနှင့် အစွမ်းထက်လက်နက်များ ပိုင်ဆိုင်မှု) အပြိုင်အဆိုင် တိုးချဲ့လာခြင်းဖြင့် တတိယကမ္ဘာစစ်ကြီးဆီသို့ တွန်းပို့နေကြောင်း လေ့လာတွေ့ရှိရသည်။ အင်အားငယ်သည့် နိုင်ငံများသည်လည်း မိတ်ဖက်နိုင်ငံများဖြင့်စုဖွဲ့၍ အင်အားချိန်ခွင်လျှာ ထိန်းညှိနေကြလျက် တိုင်းတစ်ပါး၏ လွှမ်းမိုးချုပ်ကိုင်မှု မခံရစေရေး တန်ပြန်ကြိုးပမ်းနေကြသည်။
ထိုသို့သော ပွတ်တိုက်မှုများကြောင့် စစ်အင်အားတိုးချဲ့ရာတွင် ရှေးယခင်ကဖြစ်ခဲ့ဖူးသည့် စစ်ပွဲများ၏ အားနည်းချက်များကို ပြန်လည်သုံးသပ်၍ ကြိုတင်ပြင်ဆင်လျက် ရှိကြသည်ကိုလည်း တွေ့ရှိရမည်သာဖြစ်သည်။
ဒုတိယကမ္ဘာစစ်ကြီးသည် ကမ္ဘာ့တိုက်ကြီး သုံးတိုက်၊ သမုဒ္ဒရာကြီး လေးခုတွင်ဖြစ်ပွားခဲ့ပြီး လူဦးရေ ၈၀ ရာခိုင်နှုန်းသည် စစ်၌ပါဝင် ပတ်သက်ခဲ့ရသည်။ ထိုစဉ်က စစ်ပွဲကြီးများဖြစ်သွားသည့်အခါ စစ်မှုထမ်းရန် အရေးပေါ်ဆင့်ခေါ်ခဲ့ပြီး စစ်မြေပြင်တွင် မိမိနိုင်ငံအတွက် အသက်စွန့် တိုက်ပွဲဝင်ခဲ့ကြသည်။ အရေးပေါ်သည့်အခါမှသာ စစ်မှုထမ်း ဆင့်ခေါ်ခဲ့ခြင်းကြောင့် စစ်ပွဲအောင်နိုင်သော်ငြားလည်း အခက်အခဲများနှင့် ဆုံးရှုံးမှုများစွာဖြင့် ရင်ဆိုင်ခဲ့ရသည်။
ကျွန်ုပ်တို့မြန်မာနိုင်ငံသည်လည်း ဒုတိယကမ္ဘာစစ်ကာလတွင် သူ့ကျွန်ဘဝဖြင့် ခါးကော့အောင် ခံစားခဲ့ရသည်။ စစ်ကြီးပြီးဆုံးပြီးနောက်ပိုင်း စစ်ပွဲတွင်ပါဝင် ပတ်သက်ခဲ့သော နိုင်ငံအသီးသီးတို့သည် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးကို အားသွန်ကြိုးပမ်းနေချိန် စစ်အေးကာလဖြစ်လာခဲ့သည်။ သို့သော်လည်း အတိတ်သင်ခန်းစာများကို ရယူ၍ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အတူ နိုင်ငံတော်ကာကွယ် စောင့်ရှောက်ရန်အတွက် “ခေတ်မီတပ်မတော်”တစ်ရပ်အဖြစ် သိုဝှက်စွာ ကြိုးပမ်းကြသည်။ ထို့နောက် နည်းပညာမြင့်မားသည့် အဖျက်စွမ်းအားမြင့် လက်နက်ပိုင်ဆိုင်မှုကို ထုတ်ဖော်ပြလာပြီး နိုင်ငံရေးနှင့် စီးပွားရေးချုပ်ကိုင်လွှမ်းမိုးနိုင်ရန် ခြိမ်းခြောက်လာတော့သည်။ နိုင်ငံအသီးသီးတို့တွင် ချမှတ်ပြီးဖြစ်သော ကာကွယ်ရေး မဟာဗျူဟာများကို လက်တွေ့အကောင်အထည် ဖော်ဆောင်လာတော့သည်။ နိုင်ငံတော်ကာကွယ်ရေး မဟာဗျူဟာချမှတ်ကြရာတွင် နိုင်ငံ၏ ပထဝီအနေအထား၊ ပြည်သူတို့၏ သဘောထား၊ မိမိတပ်မတော်၏ စွမ်းရည်စသည်ဖြင့် ထည့်သွင်းတွက်ချက်၍ နိုင်ငံတော်ကာကွယ်ရေး မဟာဗျူဟာ ချမှတ်ကြသည်။ ထိုသို့ ကာကွယ်ရေးမဟာဗျူဟာ ချမှတ်ရာတွင် စစ်အင်အားတောင့်တင်း ခိုင်မာလာစေရေး အတွက် စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းကြပြီးဖြစ်သည်။ ထိုစစ်မှုထမ်းဥပဒေကို လက်တွေ့ကျင့်သုံး အကောင်အထည်ဖော်ရာတွင် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အပေါ်မူတည်ပြီး ကွဲပြားသည်။ ဖွံ့ဖြိုးတိုးတက်မှု မရှိသေးသည့်နိုင်ငံများတွင်မူ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းထားသော်လည်း လက်တွေ့အကောင်အထည် မဖော်နိုင်သေးဘဲ နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဟူသည့် အသိစိတ်ဓာတ်ရှိစေရန် အသိပေးလှုံ့ဆော်ရုံမျှသာဖြစ်ပြီး အချို့သောနိုင်ငံများတွင် ကျွန်ုပ်တို့နိုင်ငံကဲ့သို့ လူဦးရေကန့်သတ်ချက်ဖြင့် စတင်အကောင်အထည်ဖော် ဆောင်လျက်ရှိကြသည်။ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများသည်ပင် ရင်ဆိုင်နေရသည့် စစ်ရေးတင်းမာမှု အခြေအနေအရ ယခင်ကထက် စစ်အင်အားတောင့်တင်း ခိုင်မာလာစေရေး ဆောင်ရွက်လျက်ရှိကြသည်။
ကျွန်ုပ်တို့ မြန်မာနိုင်ငံသည်လည်း ၂၀၁၅ ခုနှစ် တွင် “ကာကွယ်ရေးစက္ကူဖြူစာတမ်း(၂၀၁၅)” ကို အတိအလင်း ထုတ်ပြန်ထားပြီးဖြစ်သည်။ ထိုစာတမ်းတွင် “တပ်မတော်(ကြည်း၊ ရေ၊ လေ)ကို မဏ္ဍိုင်ပြု၍ ပြည်သူတစ်ရပ်လုံး ပါဝင်သော ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးလျက် နိုင်ငံတော်၏ မြေပြင်၊ ရေပြင်၊ ဝေဟင်ပိုင်နက်များ အတွင်း ကျူးကျော်ဝင်ရောက် တိုက်ခိုက်လာမည့် ပြည်ပရန်သူများအား ဟန့်တားထိန်းချုပ် တွန်းလှန်ချေမှုန်းရေးပင်ဖြစ်သည်“ဟု ဖော်ပြထားပါသည်။ စစ်ရေးစွမ်းအား တည်ဆောက်ခြင်းနှင့် ပတ်သက်၍ “နိုင်ငံတကာဖြစ်စဉ် ဖြစ်ရပ်များအရ တပ်မတော်ပြိုကွဲသည်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများပါ ယိမ်းယိုင်သွားကြပြီး ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်၊ နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ရေးတို့မှာလည်း လုံခြုံမှုမရှိတော့သည်ကို တွေ့ရှိရမည်။
ခေတ်သစ်စစ်ပွဲများ၏ ပုံသဏ္ဌာန်နှင့် ပြောင်းလဲတိုးတက်နေသော စစ်မဟာဗျူဟာ၊ စစ်နည်းဗျူဟာ၊ ခေတ်မီနည်းပညာများအရ နိုင်ငံများသည် မိမိတို့၏ အချုပ်အခြာနှင့်နယ်မြေ တည်တံ့ခိုင်မြဲရေး၊ ပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်နိုင်ရေးအတွက် မိမိတို့၏ တပ်မတော်များကို ခေတ်မီရန် ဦးတည်ကြိုးပမ်း ဆောင်ရွက်ရာတွင် လုံလောက်သော စစ်ရေးစွမ်းအားရှိသည့် ခေတ်မီတပ်မတော်ကြီး တစ်ရပ် တည်ဆောက်ရန် လိုအပ်လာသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည်လည်း အလားတူပင် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ် တပ်မတော် ဖြစ်လာစေရေး တည်ဆောက် သွားရမည်ဖြစ်ပါသည်”ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ကာကွယ်ရေးစက္ကူဖြူပါ “ပြည်သူ့စစ်မဟာဗျူဟာ” နှင့် “အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ် တပ်မတော် ဖြစ်လာရေး”သည် ယနေ့ခေတ်၏ တောင်းဆိုချက်အရ အလျင်အမြန် ဖော်ဆောင်ရမည်ဖြစ်သည်။
ပြည်သူ့စစ်မဟာဗျူဟာ ဖော်ဆောင်ရာတွင် အရွယ်ရောက်သူတိုင်း စစ်ပညာသင်ကြား တတ်မြောက်ထားရန် လိုအပ်ပေမည်။ သို့မှသာ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော် တည်ဆောက်နိုင် မည်ဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံသည် တိုင်းရင်းသား အလွှာရှစ်လွှာဖြင့် ပေါင်းစည်းတည်ဆောက်ထားသည့်“ပြည်ထောင်စု” ဖြစ်သည့်အားလျော်စွာ ရာသီဥတု၊ တောတောင်သဘာဝနှင့် ရိုးရာယဉ်ကျေးမှုတို့သည် မတူညီသော်လည်း တူညီသည့် “ပြည်ထောင်စုစိတ်ဓာတ်” ဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။ နိုင်ငံသားတစ်ယောက်၏ မွေးရာပါ အခွင့်အရေးများကိုသာ ရှေးရှုနေခြင်းထက် “နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ မဆုံးရှုံးစေရေး” သည်လည်း နိုင်ငံသားတစ်ယောက်၏ မွေးရာပါတာဝန်ဖြစ်ကြောင်း အစဉ်သတိရှိရမည်ဖြစ်သည်။
နိုင်ငံတော်လွတ်လပ်ရေး ရရှိခဲ့သည်မှာ ရာစုနှစ်တစ်စုဆီသို့ ချဉ်းကပ်လာပြီဖြစ်သည်။ နယ်ချဲ့တို့၏ အမွေဆိုးများကို အသိတရားဖြင့် ဖယ်ရှားရန် အချိန်များစွာ ကုန်လွန်စေခဲ့ပြီဖြစ်သလို လူမျိုးရေးအမြင် ကျဉ်းမြောင်းမှုသည် ပြည်ထောင်စုကြီးအတွက် အန္တရာယ်ဖြစ်စေပြီး ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးခဲ့ရကြောင်း အသိတရားနိုးထရန် အချိန်တန်ပြီဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံ၏ ပထဝီအနေအထားသည် အင်အားကြီးနိုင်ငံတို့၏ အားပြိုင်မှုတွင် အချက်အချာရှိနေသဖြင့် မြေစာပင်မဖြစ်စေရေး အတွက် ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်သည့် ပြည်သူတစ်ရပ်လုံးပါဝင်သော ကာကွယ်ရေးအင်အားစုကြီး အဖြစ် တည်ဆောက်ရန် လိုအပ်သည်။ ဤသို့တည်ဆောက်ရန် အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ခြင်းဟူသည့် “အား”ရှိရန် လိုအပ်ပေသည်။ ထို“အား”ကို စုစည်းစိုက်ထုတ်လိုက်မည် ဆိုလျှင် “စွမ်းရည်”ဖြစ်လာမည်ဖြစ်သည်။ အားမရှိလျှင် စွမ်းရည် သည်လည်း ဖြစ်တည်လာမည်မဟုတ်ချေ။ နိုင်ငံ့သမိုင်းကြောင်းကိုပြန်ကြည့်လျှင် အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းဘုရားတို့သည် နိုင်ငံတော်ကို ထူထောင်ရာတွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုဟူသည့် “အား”ကို တည်ဆောက်ပြီးနောက် လက်ရုံးရည်၊ နှလုံးရည်ဟူသည့် “စွမ်းရည်”ဖြင့် လွှမ်းခြုံထားသဖြင့် ကမ္ဘာ့အလယ် ခံ့ညားခဲ့သည်။
ယနေ့ တစ်ဟုန်ထိုး တိုးတက်နေသည့် နည်းပညာခေတ်ကြီးတွင် ဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံများ သည်ပင် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ပညာရေး စသည့်နယ်ပယ်အသီးသီး၏ စိန်ခေါ်မှုကို ရင်ဆိုင်နေကြရသည်။ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မပျက်စေရန်အတွက် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် အတူ မိမိနိုင်ငံကို စွမ်းအားပြည့် ကာကွယ်စောင့်ရှောက်ရန် ခေတ်မီတပ်မတော်အဖြစ် အပြိုင်အဆိုင် တည်ဆောက်လျက် ရှိသည်ကိုတွေ့ရှိရမည်သာဖြစ်သည်။ ထိုပြိုင်ဆိုင်မှုသည် နည်းပညာမြင့်မားလာသည်နှင့်အမျှ အတိုင်းအဆမရှိ မြင့်မားလာမည်သာဖြစ်သည်။ ထို့ကြောင့် သုတေသီများက တတိယ ကမ္ဘာစစ်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေပြီဟုသုံးသပ်ပြောဆိုလျက် ရှိကြသည်။ စိန်ခေါ်နေသည့် နယ်ပယ်အသီးသီးအတွက် ကြိုတင်ပြင်ဆင်နေကြသည့်အချိန်တွင် ကျွန်ုပ်တို့နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ပြည်သူလူထုလိုလား တောင့်တသည့် နိုင်ငံတည်ငြိမ် အေးချမ်းရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။ အမှန်စင်စစ် နိုင်ငံတော်အတွက် ကျွန်ုပ်တို့တိုင်းရင်းသား အားလုံး စုပေါင်းအားဖြင့် စိန်ခေါ်နေသည့် နယ်ပယ်အသီးသီးကို ရင်ဆိုင်ကျော်လွှားရန် ညီညွတ်မှုဟူသည့် “အား”ဖြင့် “စွမ်းရည်”မြင့်မားစေရေး အထူးကြိုးပမ်းရမည့် အချိန်ဖြစ်သည်။ အမေကျော် ထွေးတော်လွမ်းရန် အချိန်မဟုတ်။ ဤသို့သော ကမ္ဘာ့အခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ကောင်းစွာရှုမြင် သုံးသပ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း သတ်မှတ်လိုက်သည်။ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်းပြုလုပ်နိုင်ရေး အတွက် မြန်မာ့ရုပ်မြင်သံကြားနှင့် မြဝတီရုပ်မြင်သံကြားတို့တွင် လည်းကောင်း၊ နိုင်ငံပိုင် သတင်းစာများနှင့် မြဝတီသတင်းစာများတွင် လည်းကောင်း ထုတ်လွှင့်ကြေညာ လျက်ရှိသည်။ လူမှုကွန်ရက်တွင် ပြည်ဖျက်မီဒီယာ များက သတင်းမှားများ ရေးသား၍ဝါဒဖြန့်ချိလျက်ရှိ သည်ကို သတိချပ်ရှောင်ကြဉ်ရန် လိုအပ်သည်။ ထို့အတူ အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများ၏ လူမျိုးရေးအမြင် ကျဉ်းမြောင်းမှုနှင့် နယ်ချဲ့အမွေဆိုးများကြောင့် လည်းကောင်း၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရန်အလို့ငှာ အဓမ္မလူသစ်စုဆောင်းခြင်း၊ “လူမျိုးကောင်းစားရေး”နှင့် “ဒေသဖွံ့ဖြိုး တိုးတက်ရေး”ဟူသည့် အသံကောင်းဟစ်ကာ ဆက်ကြေးကောက်ခံယူခြင်း ပြောဆိုနေကြသော်လည်း ပြည်နယ်/တိုင်းဒေသကြီးများ ဆက်သွယ်ထားသည့် လမ်းတံတားများကို ဖျက်ဆီးခြင်း၊ ဆက်သွယ်ရေး တာဝါတိုင်များအား မိုင်းခွဲခြင်းဖြင့် လည်းကောင်း စသည့် အကြမ်းဖက် လုပ်ရပ်များ လုပ်နေကြသည်မှာ စက်ဆုပ်ဖွယ်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် အထက်ဖော်ပြပါ “မဟာဇနကပျို့”လာ ကျွန်ုပ်တို့ မြန်မာလူမျိုးတို့သည် စစ်သွေးစစ်မာန် သန္ဓေတည်ရှိပြီးဖြစ်သည့် အားလျော်စွာ မျိုးချစ်စိတ်ဓာတ်တည်း ဟူသည့် နှလုံးရည်ဖြင့် ပေါင်းစည်း၍ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုဟူသည့် “အား”ဖြင့် အနာဂတ်နိုင်ငံတော် အရေး ချမှတ်ထားသည့် နိုင်ငံတော်ကာကွယ်ရေး မဟာဗျူဟာဖြစ်သည့် ပြည်သူ့စစ် မဟာဗျူဟာအတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ပါဝင်သည့် နိုင်ငံတော်ကာကွယ်ရေး အင်အားစုကြီးအဖြစ် လျင်မြန်စွာ တည်ဆောက်ကြရမည့် အချိန်အခါဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး အင်အားစုကြီးဖြစ်ပေါ်လာစေရေး အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို လိုက်နာကြရမည်သာဖြစ်သည်။ ပါးစပ်ကသာ တိုင်းပြည်ကိုချစ်နေသည်ထက် သွေးချွေးများဖြင့် သက်သေပြရန် လိုအပ်သည်။ သို့မှသာ သားမြေးစဉ်ဆက် ဂုဏ်ဝင့်စေမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။