ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာကြည့်မည်ဆိုပါက ထိုနိုင်ငံ၏ လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များ ဆန်းစစ်ခြင်းဖြင့် သိရှိနိုင်သည့်အတွက် စာရင်းအင်းဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ တိကျမှန်ကန်စွာရရှိရေးသည် အလွန်အရေးကြီးသည်။
နိုင်ငံတိုင်း၌ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များကို ကဏ္ဍအလိုက် အချိုးညီဖွံ့ဖြိုးတိုးတက်ရန် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းများ သတ်မှတ်ရေးဆွဲခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များကို အခြေခံအဖြစ်အသုံးပြုရသည်။ ထိုသို့အခြေခံအသုံးပြုရသည့် အချက်အလက်များကို သန်းခေါင်စာရင်း ကောက်ယူခြင်းဖြင့်သာ ရရှိနိုင်သည့် အတွက် ကမ္ဘာ့နိုင်ငံများအလိုက် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်း ကို မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ရှေးမြန်မာမင်းများ လက်ထက် သာလွန်မင်းတရားနှင့် ဘိုးတော်ဘုရားတို့က စစ်တမ်းများ ကောက်ယူစေခဲ့ကြောင်း တွေ့ရသည်။
ထိုစစ်တမ်းများသည် ယနေ့ခေတ် သန်းခေါင်စာရင်းနှင့် အလားသဏ္ဌာန်တူသည်။ ပထမဆုံး သန်းခေါင်စာရင်း ကောက်ယူခြင်းကို နယ်ချဲ့လက်အောက် ၁၈၇၂ ခုနှစ်တွင်ပြုလုပ်ခဲ့သည်။ ထို့နောက် ၁၈၈၁ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ ၁၀ နှစ်လျှင် တစ်ကြိမ်စုစုပေါင်း ခုနစ်ကြိမ် သန်းခေါင်စာရင်း ကောက်ယူသည်။ လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ အစိုးရသည် ၁၉၅၃ ခုနှစ်မှ ၁၉၅၅ ခုနှစ်အထိ အဆင့်များ သတ်မှတ်၍ သန်းခေါင်စာရင်းကောက်ယူရန် စီမံကိန်း ချမှတ်ကောက်ယူခဲ့သည်။
ထိုသန်းခေါင်စာရင်းသည် မြန်မာနိုင်ငံ အကျယ်အဝန်း၏ ရာခိုင်နှုန်း ၃၀ မျှသာ ကိုယ်စားပြုသဖြင့် ၁၉၆၁ ခုနှစ်တွင် ထပ်မံကောက်ယူရန် စီစဉ်ခဲ့သော်လည်း မကောက်ယူနိုင်ခဲ့ပေ။
ထို့နောက် ၁၉၇၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၅ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူခဲ့သလို ၁၀ နှစ်အကြာ ၁၉၈၃ ခုနှစ်တွင်လည်း ထပ်မံကောက်ယူနိုင်ခဲ့သည်။ နောက်ပိုင်းတွင် အကြောင်း အမျိုးမျိုးကြောင့် သန်းခေါင်စာရင်း မကောက်ယူနိုင်ဘဲ နှစ်ပေါင်း ၃၀ အကြာ ၂၀၁၄ ခုနှစ်သို့ရောက်မှသာ
သန်းခေါင်စာရင်း ပြန်လည်ကောက်ယူနိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောင်မြင်စွာ ကောက်ယူနိုင်သည့်အတွက် နိုင်ငံတော်က လိုအပ်နေသော စာရင်းအင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံစွာရရှိခဲ့သည်။ ထို့အတူ ကြားဖြတ်သန်းခေါင် စာရင်းကိုလည်း ၂၀၁၉ ခုနှစ်တွင် အောင်မြင်စွာ ကောက်ယူနိုင်ခဲ့သဖြင့် စာရင်းအင်းအချက်အလက် အသုံးပြုနိုင်မှု ပိုမိုအားကောင်း လာခဲ့သည်။
နိုင်ငံတကာတွင် သန်းခေါင်စာရင်းကို ၁၀ နှစ်တစ်ကြိမ် ကောက်ယူသည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူအပြီး ၁၀ နှစ်အကြာ ယခု ၂၀၂၄ ခုနှစ်တွင် ထပ်မံ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၁၀ ရက် (ယနေ့)ဆိုလျှင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း (၁၀) ရက် မြောက်နေ့ကိုပင် ကောက်ယူနေပြီဖြစ်သည်။ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် ၂၀၁၃ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေအရ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ၂၀၂၂ ခုနှစ်ဇွန်လ ၂၇ ရက်စွဲပါ အမိန့် ကြော်ငြာစာ အမှတ် (၁၁၅/၂၀၂၂) ဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ထားပြီးဖြစ်သည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရသည့် ရည်ရွယ်ချက်များမှာ မြန်မာနိုင်ငံ၏ တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိစေရန်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြား မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ ပြောင်းလဲမှုများကို နှိုင်းယှဉ်လေ့လာ သုတေသနပြုပြီး လူမှုရေး၊ စီးပွားရေး၊စီမံခန့်ခွဲရေး ကိစ္စရပ်များအတွက် မူဝါဒများ ချမှတ်နိုင်ရန်၊ စီမံကိန်းများ၊ မဟာဗျူဟာ၊ နည်းဗျူဟာများရေးဆွဲ ဆောင်ရွက်နိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(Myanmar Sustainable Deve-lopment Plan-MSDP) ကို အကောင်အထည်ဖော်ရာ၌ လိုအပ်သည့် အညွှန်းကိန်းများ ပံ့ပိုးပေးနိုင်ရန်၊ မြန်မာနိုင်ငံအမျိုးသား စာရင်းအင်းစနစ် (National Stati-stical System) ၏ စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ ( National Strategy for Deve-lopment of Statistics-NSDS) ကို အထောက်အပံ့ပြုနိုင်ရန်နှင့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်း မှန်ကန်စေရေး အထောက်အကူဖြစ်စေရန်တို့ အတွက်ဖြစ်သည်။
သန်းခေါင်စာရင်း ကောက်ယူရာတွင် သန်းခေါင်စာရင်းမေးခွန်း ၆၈ ခုပါဝင်သည့် အိမ်ထောင်စုမေးခွန်းပုံစံနှင့် မေးခွန်း၁၈ ခုပါဝင်သည့် အဖွဲ့အစည်း မေးခွန်းပုံစံများကို အသုံးပြုမေးမြန်းကောက်ယူလျက်ရှိသည်။ ပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ယူခြင်း လုပ်ငန်းကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း၊ စာရင်းကောက်ယူခြင်း လုပ်ငန်း ၊ စာရင်းဇယားပြုစုခြင်း လုပ်ငန်း၊ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်း လုပ်ငန်းဟူ၍ လုပ်ငန်းအဆင့်(၄)ဆင့်ဖြင့် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရန် အတွက် သန်းခေါင်စာရင်း ရည်ညွှန်းချိန်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်အား သတ်မှတ်ထားရာ သန်းခေါင်စာရင်း ရည်ညွှန်းချိန်၏ နောက်တစ်ရက် ဖြစ်သော အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်နေ့အထိ ရက်ပေါင်း ၁၅ ရက်ကြာ တစ်နိုင်ငံလုံး တစ်ပြိုင်တည်း ကောက်ယူမည်ဖြစ်သည်။ ယင်းသို့ဆောင်ရွက်မှုသည် လူဦးရေစုစုပေါင်း ၅၆ သန်းကျော်ရှိ အိမ်ထောင်စုပေါင်း ၁၃ သန်းခန့်ကို စာရင်းကွက်ပေါင်း ၁၁၀၀၀၀ ခန့်ခွဲကာ လျာထား သတ်မှတ်ဆောင်ရွက်ခြင်းဖြစ်သည်။
သန်းခေါင်စာရင်း ကောက်ယူရာတွင် အိမ်တိုင်ရာရောက်လာရောက်ပြီး အိမ်ထောင်စုအလိုက် လူဦးရေနှင့်အိမ်အကြောင်းအရာ အချက်အလက်များကို လည်းကောင်း၊ အဖွဲ့အစည်းများထံ သွားရောက်၍ အဖွဲ့အစည်းအလိုက် စာရင်းအင်း အချက်အလက်များကို လည်းကောင်း မေးခွန်းများ မေးမြန်းကောက်ယူသွားမည် ဖြစ်သည်။ အိမ်ထောင်စုများတွင်ရှိသော အိမ်ထောင်ဦးစီး သို့မဟုတ် အိမ်ထောင်စုကို ကိုယ်စားပြုသည့် အရွယ်ရောက်ပြီးသူ တစ်ဦးက ဖြေကြားရန်ဖြစ်သည်။ ထိုသို့ဖြေကြားရာတွင် မေးခွန်းပါ အချက်အလက်များအပေါ် တိတိကျကျ မှန်မှန်ကန်ကန် ဖြေဆိုကြရေး အလွန်အရေးကြီးသည်။
မေးခွန်းများကို မှန်ကန်စွာဖြေကြားပေးမှသာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်း၏ ရည်ရွယ်ချက်များ ပြည့်မီမည်ဖြစ်သည့်အတွက် အိမ်ထောင်စုများအလိုက်၊ အဖွဲ့အစည်းများအလိုက် အားတက်သရော ပါဝင်ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သည်။
အဖွဲ့အစည်းဟုဆိုရာတွင် ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ဘိုးဘွားရိပ်သာများ၊ ပြုစုစောင့်ရှောက်ရေး ဂေဟာများ၊ ဆေးရုံများ၊ အကျဉ်းထောင်များ၊ စစ်တန်းလျားများ၊ အိုးမဲ့အိမ်မဲ့ဖြစ်နေသူများ၊ မသန်စွမ်းကျောင်းများ၊ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်နေသူများ စသည်ဖြင့် အစုအဖွဲ့လိုက် နေထိုင်ကြသူများကို ဆိုလိုပြီး အဖွဲ့အစည်း၏ တာဝန်ခံကိုမေးမြန်း ကောက်ယူသွားမည်ဖြစ်သည်။ သန်းခေါင်စာရင်းမှ ရရှိသော အချက်အလက်များသည် လူတစ်ဦးချင်းစီမှ အဖွဲ့အစည်းလိုက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကာကွယ်ရေးနှင့်ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးကိစ္စရပ်များအပါအဝင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ သဘာဝဘေးအန္တရာယ် ကျရောက်ခံစားရသူများ ကယ်ဆယ်ရေး စသည့် ဘက်စုံ၊ ကဏ္ဍစုံအတွက်မဖြစ်မနေ အခြေခံအသုံးပြုရမည့် အချက်အလက်များပင်ဖြစ်သည်။ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းသည်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် လူတိုင်းပါဝင်ခွင့်ရသည့် တစ်ခုတည်းသော လုပ်ငန်းစဉ်ဖြစ်သည့်အတွက် ပြည်သူတစ်ဦးချင်းစီက ဝိုင်းဝန်းပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်မှသာ အောင်မြင်ပြီးမြောက်မည်ဖြစ်သည်။
သန်းခေါင်စာရင်းကောက်ယူရာမှ ရရှိသည့် အချက်အလက်များအရ ဒေသအလိုက် ဆရာအချိုးနှင့်ကျောင်းသားအချိုး ချင့်ချိန်နိုင်ခြင်း၊ လိုအပ်သော ကျောင်းအဆောက်အအုံ၊ သင်ထောက်ကူပစ္စည်းများ ဖြည့်တင်းခြင်း၊ ကျန်းမာရေးအတွက် လိုအပ်သော ဆေးပေးခန်း၊ ကျန်းမာရေး ဝန်ထမ်း ဆေးဝါးများဖြည့်တင်းခြင်း၊ အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးခြင်း၊ မသန်စွမ်းသူများအတွက် မှတ်ပုံတင်ခြင်း၊ သက်သေခံကတ်ပြား ထုတ်ပေးခြင်းနှင့် ထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အိမ်သာစနစ်ထွန်းကားစေခြင်း၊ ရေအရင်းအမြစ်များ ဖြည့်တင်းပေးခြင်း၊ ပြန်ပြည့်မြဲစွမ်းအင်နှင့် ဆိုလာစွမ်းအင် တိုးချဲ့ခြင်း၊ ပြည်ပရောက်လုပ်သားများအတွက် အခွင့်အရေးများကို ထိုနိုင်ငံများရှိ သံရုံးများ၊ သံအရာရှိများက ထိရောက်စွာ ကာကွယ်ပေးနိုင်ခြင်း စသည်တို့ကို လိုအပ်သလို စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် စာရင်းကောက်များ မေးမြန်းကောက်ယူမည့် လူတစ်ဦးချင်းစီ၏ အချက်အလက်အကြောင်းအရာများ၊ အိမ်ထောင်စုနှင့် ပတ်သက်သော အကြောင်းအရာများအား တည်ဆဲဥပဒေဖြစ်သည့် ၂၀၁၃ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေက လုံခြုံစိတ်ချစွာ အကာအကွယ်ပေးထားပြီးဖြစ်သည်။
မေးခွန်းမေးမြန်းခြင်းခံရသူသည် မှန်ကန်စွာဖြေဆိုရန် တာဝန်ရှိသလို စာရင်းကောက်များကလည်း ဖြေကြားချက်များကို စာရင်းပုံစံများတွင် မှန်ကန်စွာ ဖြည့်သွင်းကြမည်ဖြစ်သည်။ သန်းခေါင်စာရင်း ကောက်ယူသည့် အချက်အလက်များကို သန်းခေါင်စာရင်းဆိုင်ရာ ကိစ္စမှတစ်ပါး အခြားမည်သည့်ကိစ္စတွင်မျှ အသုံးပြုခြင်း သို့မဟုတ် စစ်ဆေးခြင်း မပြုဟု ဥပဒေတွင် ပါရှိပြီးဖြစ်သည့်အတွက် နိုင်ငံသားတိုင်းသည် သံသယရှင်းစွာ မေးမြန်းသမျှကို တိကျမှန်ကန်စွာဖြေကြားပေးရန် အထူးလိုအပ်သည်။
အချုပ်အားဖြင့်ဆိုရသော် မိမိတို့၏အကျိုး၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏အကျိုး၊ နိုင်ငံတော်အကျိုးကို ရေရှည်မြော်မြင်လျက် အနာဂတ်ဘဝများ သာယာလှပရေးအတွက် အဓိကကျသည့် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို မိဘပြည်သူတစ်ရပ်လုံးက “အမျိုးသားရေးတာဝန်” အဖြစ်ခံယူကာ လက်တွဲညီညီ အားတက်သရော ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါသဖြင့် “ ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့” ဟု တိုက်တွန်းရေးသား တင်ပြလိုက်ရပါသည်။ ။