မိမိတို့နိုင်ငံ၏ (၇၀)ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများတွင် အပါအဝင်ဖြစ်သော တောင်သူ လယ်သမားများ၏ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်ပါက နိုင်ငံတစ်ဝန်းရှိ ပြည်သူများ စားဝတ်နေရေးနှင့်လူနေမှုဘဝတိုးတက်လာမည်ဖြစ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ တောင်သူ လယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ
( ၂၀၂၄ ခုနှစ်၊ မတ်လ ၂ ရက် )
ချစ်ခင်လေးစားရပါသော တောင်သူလယ်သမားကြီးများခင်ဗျား
ယနေ့အချိန်အခါသမယသည် နိုင်ငံတော်တစ်ဝန်းလုံးရှိ လယ်ယာ စိုက်ပျိုးမွေးမြူသူ တောင်သူ လယ်သမားကြီးများအား အလေးအနက် ဂုဏ်ပြုသတ်မှတ်ထားသည့် သမိုင်းဝင်နေ့ထူးနေ့မြတ် တောင်သူ လယ်သမားနေ့ဖြစ်ပါသည်။ တောင်သူလယ်သမားကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆတက်ထမ်းပိုးတိုးတက်အောင် စွမ်းဆောင်နိုင်ကြပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်း ဆက်သအပ်ပါ သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်အကောင်အထည် ဖော်ဆောင် ရွက်လျက်ရှိရာ တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ စီးပွားရေးကဏ္ဍများ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်မြှင့်တင်နိုင်ရေးတို့အတွက် စီးပွားရေး ဦးတည်ချက်(၃)ရပ် ချမှတ်၍ ရေတိုရေရှည်စီမံကိန်းများ ရေးဆွဲကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
တောင်သူလယ်သမားကြီးများ စိုက်ပျိုးထုတ်လုပ်လျက်ရှိသော သီးနှံများအနက် အဓိက သီးနှံများ ဖြစ်သော စပါး၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ စက်မှုကုန်ကြမ်းသီးနှံများဖြစ်သည့် ၀ါ၊ ကြံ၊ ကော်ဖီနှင့် ပဲမျိုးစုံ၊ ပြောင်း စသည့်သီးနှံများကို သတ်မှတ်စိုက်ဧကပြည့်မီအောင် စိုက်ပျိုးသွားကြရန် လိုပါသည်။ ထို့ပြင် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းတို့နှင့်ပတ်သက်၍ မျိုးကောင်းမျိုးသန့် သုံးစွဲရေး၊ မြေကိုစနစ်တကျ ပြုပြင်ဆောင်ရွက်ရေး၊ အောင်ရေရရှိရေး၊ စိုက်နည်းစနစ်များ မှန်ကန်ရေးနှင့် သီးထပ်စိုက်ပျိုးမှုတို့ဖြင့် စိုက်ပျိုးသီးနှံများအားလုံး ပန်းတိုင် အထွက်နှုန်းရရှိအောင် စွမ်းဆောင်နိုင်ရေးသည် လွန်စွာအရေးပါကြောင်း တိုက်တွန်းမှာကြားလိုပါသည်။
စားရေရိက္ခာဖူလုံရေးနှင့် ပို့ကုန်ကဏ္ဍမြှင့်တင်ရေးအတွက် သီးနှံအလိုက် နှစ်စဉ်စီမံကိန်းများ ချမှတ် ဆောင်ရွက်လျက်ရှိပြီး အဓိကကျသော သီးနှံအထွက်နှုန်း တိုးတက်ရေးကို တွန်းအားပေးဆောင်ရွက် လျက်ရှိပါသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ယနေ့ထိ စပါးဧက (၁၇)သန်း၊ ပဲမျိုးစုံဧက (၁၀.၅၇)သန်း၊ ဆီထွက်သီးနှံဧက(၈.၂၄)သန်း၊ အစေ့ထုတ်ပြောင်းဧက (၁.၆)သန်းနှင့် ၀ါသီးနှံဧက(၀.၅၂)သန်း စိုက်ပျိုး ပြီးစီးခဲ့ပြီဖြစ်၍ သက်ဆိုင်ရာဌာနများနှင့် တောင်သူလယ်သမားကြီးများအား ကျေးဇူးတင် ကြောင်း ဖော်ပြအပ်ပါသည်။
လက်ရှိအချိန်တွင် စားသုံးဆီကို လိုအပ်သည်ထက် ပိုမိုစားသုံးနေကြသဖြင့် ပြည်သူအချို့မှာ ကျန်းမာရေးအရ ထိခိုက်မှုများရှိနေသလို တစ်ဖက်မှာလည်း ပြည်တွင်းလိုအပ်ချက်ကို ပြည်ပမှ မှာယူတင်သွင်းရမှုများ မြင့်တက်လျက်ရှိပါသည်။ စားသုံးဆီကို လိုသလောက်သာ သုံးစွဲခြင်းဖြင့် ကျန်းမာရေး ကောင်းမွန်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်သည့်အပြင် ပြည်တွင်း ဆီထွက်သီးနှံများမှ ထုတ်လုပ်သော စားသုံးဆီဖြင့် လုံလောက်စေရန်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း လျှော့ချစေနိုင်မည်ဖြစ်သောကြောင့် ဆီထွက်သီးနှံ တိုးမြှင့်ထုတ်လုပ်ရေးကို ကြိုးစား ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ နိုင်ငံတော်အနေဖြင့် ပြည်တွင်းစားသုံးဆီဖူလုံစွာထုတ်လုပ်နိုင်ရန် ဆီထွက်သီးနှံများ ဧကပြည့်စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
၎င်းအပြင် ချည်နှင့် ချည်ထွက် ပစ္စည်းတင်သွင်းမှုလျှော့ချနိုင်ရန်နှင့် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ပြီး ပိုလျှံပါက ပြည်ပတင်ပို့နိုင်ရန်အတွက် ချည်မျှင်ရှည်ဝါသီးနှံ တစ်ဧကအထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ခြင်းနှင့် စိုက်ဧကတိုးချဲ့ပြီး (၅)နှစ်တာကာလအတွင်း မူလစိုက်ခဲ့ကြသည့် ဧက ၈ သိန်း ပြည့်မီအောင် စီမံဆောင်ရွက်လျက်ရှိရာ ၀ါတစ်ဧကအထွက်နှုန်း ပိဿာ(၇၀၀)ထွက်ရှိရေးနှင့် အရည် အသွေးကောင်း ၀ါနှင့်ဝါဂွမ်းများ ရရှိရေးတို့ကို အဓိကရည်မှန်း ဆောင်ရွက်လျက်ရှိရာ တောင်သူ လယ်သမားကြီးများကလည်း ကြိုးစားဆောင်ရွက်ပေးကြစေလိုပါသည်။ ကော်ဖီစိုက်ပျိုး ထုတ်လုပ်ခြင်း သည် ကမ္ဘာ့စျေးကွက်တွင် သေချာသည့် နှစ်ရှည်စိုက်ပျိုးရေး လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် စိတ်ပါ ဝင်စားသူများ၊ အရင်းအနှီးတတ်နိုင်သည့် တိုင်းရင်းသားများအနေဖြင့် ရင်းနှီးလုပ်ကိုင်နိုင်ရန် ဖိတ်ခေါ်ပါ သည်။ နိုင်ငံတော်အနေဖြင့် ကနဦး ဧက ၁ သိန်းစိုက်ပျိုးရန် လျာထားပါသည်။ ဆက်လက်၍ ဧက ၃ သိန်း အထိနှင့် နောင်တွင် ဧက ၁ သန်းအထိ စိုက်ပျိုးနိုင်ရေး မျှော်မှန်းဆောင်ရွက်နေပါသည်။
သီးနှံအလိုက် မျိုးကောင်းမျိုးသန့်များ အပြည့်အဝ သုံးစွဲစိုက်ပျိုးနိုင်ရေးအတွက် မိမိတို့နိုင်ငံအတွင်းတွင် မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကျယ်ကျယ်ပြန့်ပြန့်လေ့လာ သိရှိနိုင်ရန် အတွက် ၂၀၁၉ ခုနှစ်မှစ၍ မျိုးစေ့ပြပွဲများကိုလည်း နှစ်စဉ် ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထို့အတူ တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိက အရေးပါသော မြေယာပြုပြင်ခြင်း၊ ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ စက်ကိရိယာများ အသုံးပြုနိုင်ရန် စီမံဆောင်ရွက် ပေးခြင်း၊ လယ်ယာသုံးစက်ကိရိယာများ စွမ်းအားပြည့်အသုံးပြုနိုင်ရေးအတွက် စနစ်တကျ လယ်ယာ မြေများ ဖော်ထုတ်ခြင်း၊ တောင်သူများ လုပ်ငန်းခွင်အဆင့်တိုင်း စက်ကိရိယာအသုံးပြုနိုင်ရန် လယ်ယာ သုံး စက်ကိရိယာအမျိုးမျိုးကို ဖြန့်ဖြူးရောင်းချပေးခြင်း၊ အသုံးပြုနိုင်ရန် စီမံပေးခြင်းတို့ဖြင့် ခေတ်မီ နည်းစနစ်များသုံးပြီး စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။
မိမိတို့နိုင်ငံအတွင်း စွမ်းအင်ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ညှိနှိုင်းပြီး ယူရီးယားဓာတ်မြေသြဇာများကို တောင်သူများအား စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး ရောင်းချ ပေးလျက်ရှိပါသည်။ ၎င်းအပြင် သီးနှံအထွက်နှုန်းတိုးတက်ရေးအတွက် ဓာတ်မြေသြဇာနှင့် သဘာဝ မြေသြဇာ ပေါင်းစပ်သုံးစွဲရေးပညာပေးခြင်း၊ သဘာဝမြေသြဇာများ ဒေသအလိုက်ထုတ်လုပ်သုံးစွဲနိုင်ရေး နည်းပညာဖြန့်ဝေပေးခြင်း၊ သွင်းအားစုစျေးနှုန်းများ သက်သာစွာ ဝယ်ယူရရှိနိုင်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခြင်းတို့အပြင် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။
လက်ရှိအချိန်၌ ကမ္ဘာတစ်ဝန်း ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များအရ စိုက်ပျိုးထားသော သီးနှံများ ရိတ်သိမ်းချိန်မတိုင်မီ ထိခိုက်ပျက်စီးမှုများရှိနေပြီး အဆိုပါဖြစ်စဉ်များကြောင့် စားရေရိက္ခာ မလုံလောက် မှုအန္တရာယ်မှ ကျော်လွှားနိုင်ရေးနှင့် ရင်ဆိုင်တုံ့ပြန် နိုင်စွမ်းအားကောင်းရေးတို့ကို ကြိုတင် စဉ်းစား လုပ်ဆောင်ကြရန်လိုပါသည်။ နိုင်ငံတော်ကလည်း အရန်မျိုးစေ့များ စုဆောင်းထားရှိခြင်း၊ ကြိုတင် ပြင်ဆင်မှုများပြုလုပ်ခြင်း၊ သီးနှံပျက်စီးဧရိယာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ခြင်းတို့ကို တောင်သူလယ်သမားများ၏ အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းထားပြီး အထူးအလေးထား အားပေးကူညီ ဆောင်ရွက်လျက်ရှိပါသည်။
တစ်ဖက်မှာလည်း ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ ရေကို အကျိုးရှိရှိ ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ရေလိုအပ်ချက်နည်းသော သက်တမ်းတိုသီးနှံများ ပြောင်းလဲစိုက်ပျိုးခြင်း၊ ဒေသအခြေအနေပေါ်မူတည်၍ ဒေသနှင့်ကိုက်ညီသော သီးနှံနှင့်သီးနှံပုံစံများ ပြောင်းလဲ စိုက်ပျိုး ကြရမည် ဖြစ်ပါသည်။ ရေကိုချွေတာ သုံးစွဲနိုင်သည့် ခေတ်မီရေသွင်းကိရိယာများ အသုံးပြု စိုက်ပျိုးခြင်း၊ ရေလိုအပ်မှုနည်းသည့် သီးနှံများ ပြောင်းလဲစိုက်ပျိုးခြင်းစသည့် ပညာပေးလုပ်ငန်းများ၊ သရုပ်ပြပွဲများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
နိုင်ငံတော်အနေဖြင့် ရေရှားပါးမှုအခက်အခဲအား ဖြေရှင်းနိုင်ရန် ရေလှောင်တမံပေါင်း(၂၄၆)ခု၊ ရေလွှဲ ဆည် (၁၄၄)ခု၊ ရေကန် (၇၂)ခု၊ ရေတံခါး( ၁၉၉ )ခု၊ ရေတင်လုပ်ငန်း ( ၂၁၉ )ခု၊ စုစုပေါင်း( ၈၈၀ )ခု ဆောင်ရွက်ပေးထားပြီး စိုက်ဧက (၃၁)သိန်းကျော်အား အကျိုးပြုလျက်ရှိပါသည်။ မြေအောက်ရေ အရင်းအမြစ်များမှ စက်ရေတွင်း (၂၅၅၁၃)ခု တူးဖော်ခြင်း၊ ယာယီချောင်းပိတ် တမံများပြုလုပ်ပြီး ဆိုလာရေတင် စနစ်ဖြင့် ရေရရှိရေးဆောင်ရွက်ခြင်း၊ ပင်လယ်နှင့် ထိစပ်လျက်ရှိသော ဒေသများ၊ မြစ်ဝ ကျွန်းပေါ်ဒေသများနှင့် မြစ်ရေကြီးမှုဖြစ်ပေါ်လေ့ရှိသော ဒေသများတွင် ရေကြီးနစ်မြုပ်မှု၊ ပင်လယ် ရေငန်ဝင်ရောက်မှုမှ ကာကွယ်ရန် ရေငန်တားတာများ တည်ဆောက်ခြင်း၊ ရေဘေးကာကွယ် ရေးတာများ တည်ဆောက်ခြင်းတို့ဖြင့် စိုက်ပျိုးရေ လုံလောက်စွာရရှိရေးနှင့် ရေကြီးနစ်မြုပ်မှုမှ ကာကွယ် ရေးလုပ်ငန်းများကို နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိပါသည်။ ရေကိုထိရောက်စွာ အသုံးပြုရေးနှင့် အလေအလွင့် မရှိစေရေးအတွက် သတိပြုဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါသည်။
တောင်သူလယ်သမားကြီးများအနေဖြင့် သီးနှံများစိုက်ပျိုးထုတ်လုပ်မှု မြင့်မားလာစေရေးအတွက် အထွက်နှုန်းတိုးရေး နည်းလမ်းများဖြင့် ဆောင်ရွက်သည့်အပြင် စိုက်ဧကတိုးတက်စေရန် သီးထပ်၊ သီးညှပ် စိုက်ပျိုးခြင်းကိုပါ ဆောင်ရွက်ကြရပါမည်။ ထို့အတူ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများနှင့် အော်ဂဲနစ်စိုက်ပျိုးရေးကိုလည်း အရှိန် အဟုန်မြှင့် ဆောင်ရွက်ရန်လိုအပ်ပါသည်။
သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် ခေတ်မီစိုက်ပျိုးနည်းပညာများ၊ ရာသီဥတု၊ စျေးကွက်နှင့် လယ်ယာကဏ္ဍဆိုင်ရာ သတင်းအချက်အလက်များကို “တောင်သူလယ်သမား ကဏ္ဍရုပ်သံလိုင်း”၊ မြန်မာ့အသံရေဒီယိုမှ “သုတပဒေသာ စိုက်ပျိုးနည်းပညာအစီအစဉ်” ဖြင့် ထုတ်လွှင့်ပေးခြင်း၊ သတင်းစာ များ၊ ဂျာနယ်များ၊ ပညာပေးစာစောင်များ၊ လယ်ယာစီးပွားသတင်းစာစောင်များ ထုတ်ဝေပေးခြင်း၊ မိုဘိုင်းဖုန်းများ မှတဆင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို ဖြန့်ဝေပေးခြင်း စသည်တို့ဖြင့် တောင်သူ လယ်သမားများအားလုံး လေ့လာသိရှိနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။
နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ငွေဖြင့် ယခင်နှစ်က ပဲတီစိမ်းနှင့် နွေစပါး စီမံကိန်းကိုလည်းကောင်း၊ ယခုနှစ်တွင် မိုးစပါးစီမံကိန်းနှင့် ဆီထွက်သီးနှံစီမံကိန်းကိုလည်းကောင်း ပံ့ပိုးဆောင်ရွက် ပေးလျက်ရှိပါသည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ်(၈)ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/တိုင်း(၆)ခုကိုလည်းကောင်း၊ တိုင်းဒေသကြီး(၆)ခုကို လည်း ကောင်း အရင်းအနှီးများ မတည်ထောက်ပံ့ပေးပြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။
မွေးမြူရေးနှင့်ပတ်သက်၍ နွားမျိုးကောင်းမျိုးသန့်များ ပြန့်ပွားစေရန် မေထုန်မဲ့သားစပ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ မျိုးထိန်း၊ မျိုးပွားသုတေသနခြံများ တည်ထောင်ပြီး မျိုးဖြန့်ဖြူးပေးခြင်း၊ ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ပညာပေးခြင်း၊ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ရောဂါဖြစ်ပွားမှုများအား ထိန်းချုပ်ခြင်း၊ ကုသခြင်း၊ မွေးမြူရေးဇုန်များ ဖော်ဆောင်ရန် စီမံခြင်းနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နို့စား နွားမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
နွားမွေးမြူရေးနှင့် ကျွဲမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်၍ နို့ထွက်ပစ္စည်းများကို ပြည်တွင်း၌ ဖူလုံအောင်ထုတ်လုပ်သွားရန်လိုအပ်ပါသည်။ မွေးမြူရေးကဏ္ဍကို မြှင့်တင်နိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များမွေးထုတ်နိုင်ရန် တိရစ္ဆာန်ဆေးကုသိပ္ပံသင်တန်းကျောင်းကို အင်းစိန်တွင် ၂၀၂၄ ခုနှစ်၊ မေလတွင် စတင်ဖွင့်လှစ်ရန် စီစဉ်ထားပါသည်။
အသားကဏ္ဍအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးမွေးမြူရေး မြစိမ်းရောင် စီမံကိန်းကိုလည်းကောင်း၊ အရင်းမပျောက်မတည်ထောက်ပံ့ငွေဖြင့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ စီမံကိန်းကိုလည်းကောင်း ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်။
ကျေးလက်ဒေသ ငါးကဏ္ဍဖွံ့ဖြိုးရေး မြစိမ်းရောင်ကျေးရွာ(ငါးကဏ္ဍ) စီမံကိန်းအစီအစဉ်ဖြင့် အရင်း မပျောက်မတည်ရင်းနှီးငွေ ထောက်ပံ့ ဆောင်ရွက်ပေးလျက်ရှိရာ ထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းခန့်ကို ပြည်တွင်း ငါးရိက္ခာလိုအပ်ချက်အတွက် ဖြည့်ဆည်းလျက်ရှိပြီး ကျန် ၁၀ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့နိုင်ခဲ့သဖြင့် နိုင်ငံခြားဝင်ငွေရရှိခဲ့ပါသည်။
ဒေသ၊ ရာသီဥတု၊ စျေးကွက်လိုအပ်ချက်နှင့် ကိုက်ညီဖြစ်ထွန်းသည့် ငါးမျိုးများရရှိရေး၊ သဘာဝငါးမျိုး မသုဉ်းစေရေး၊ ငါးထွက်နှုန်း တိုးတက်စေရေး၊ မျိုးကောင်းမျိုးသန့် ငါးမျိုးများ ရေရှည်တည်တံ့ စေရေးအတွက် ငါးသားပေါက်များကို စဉ်ဆက်မပြတ်ထုတ်လုပ်၍ မျိုးစိုက်ထည့်ခြင်းနှင့် ဖြန့်ဖြူး ပေးခြင်း၊ ငါးမွေးကန်များ၏ ရေ၊ မြေ အရည်အသွေးစစ်ဆေးပေးခြင်း၊ ကျန်းမာရေးနှင့် ရောဂါ ထိန်းချုပ်ရေး ဆောင်ရွက်ပေးခြင်း၊ ငါးသားပေါက်များကျန်းမာရေး စစ်ဆေးထောက်ခံချက် ထုတ်ပေး ခြင်းစသည်တို့ဖြင့် နိုင်ငံတော်က ကူညီပံ့ပိုးပေးခဲ့ပါသည်။ မွေးမြူသူများအနေဖြင့် ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ်နှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ပါသည်။
နိဂုံးချုပ်အားဖြင့် မိမိတို့နိုင်ငံ၏ (၇၀)ရာခိုင်နှုန်းသော ကျေးလက်နေ ပြည်သူများတွင် အပါအဝင်ဖြစ် သော တောင်သူလယ်သမားများ၏ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်ပါက နိုင်ငံ တစ်ဝန်းရှိ ပြည်သူများ စားဝတ်နေရေးနှင့် လူနေမှုဘဝ တိုးတက်လာမည်ဖြစ် ပါသည်။ ပြည်တွင်း စားသုံးမှု ဖူလုံရုံသာမက အခြားသော ကမ္ဘာ့နိုင်ငံ အသီးသီးသို့ တင်ပို့နိုင်ခြင်းကြောင့် ဝင်ငွေများ တိုးတက်ရရှိလာပြီး နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နေကြသူများအားလုံးက ကောင်းမွန်သော အခြေခံစိတ်ဓာတ်ဖြင့် လုံ့လ၊ ဝီရိယ ပေါင်းစပ်၍ အဘက်ဘက်က အကျိုးရှိအောင် ၀ိုင်းဝန်းလုပ်ဆောင်ပေးကြရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်
နိုင်ငံတော်ဝန်ကြီးချုပ်
ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ