မြိတ်မြို့၊ မော်တောင်ပရိယတ္တိစာသင်တိုက်မှ သံဃာတော်များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာ -၁၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မော်တောင်ပရိယတ္တိစာသင်တိုက်မှ သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါစာသင်တိုက်၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၆၄ ပါးတို့ကို အရိုးအကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အရေပြားရောဂါ၊ ကလေးရောဂါ၊ နှလုံးရောဂါ၊ သွေးတိုး ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် ရောဂါရှာဖွေ စမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့် သံဃာတော်များအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးကာ မော်တောင်ပရိယတ္တိစာသင်တိုက် ဆရာတော်ထံ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။