မြစ်ကိုအလျားစုန်ကူးခဲ့သည်
ယမန်နေ့မှအဆက်
မြန်မာစာ၊ သမိုင်း၊ ပထဝီဝင်နှင့် ဘောဂ ဗေဒဘာသာရပ် ကျက်မှတ်စာများကို လေ့လာထားပြီး၍ အဆင်ပြေနေပြီဟု ကျွန်တော်မှတ်ယူလိုက်သည်။ ဘောဂဗေဒ ဘာသာရပ်ထဲက စာရင်းကိုင်နှင့် ပထဝီဝင် ဘာသာရပ်ထဲက လက်တွေ့ပထဝီတို့ကိုလည်း ကိုစံရွှေ(ကောင်စီစာရေး)နှင့် ဆွေး နွေးတိုင်ပင်ပြီး လေ့ကျင့်မှုပြုလုပ်ထားသည်။ သို့သော် အင်္ဂလိပ်စာဘာသာရပ်တွင် ပြဋ္ဌာန်းစာအုပ်ကို ခုထိ ကျွန်တော် မရရှိသေးပေ။ ကျောင်းဖွင့်ချိန်များတွင် အစိုးရဆိုင် (ပြည်သူ့ပစ္စည်းကော်ပိုရေးရှင်း-၉) ၌ ကျောင်းအလိုက် ရောင်းချပေးသည်ဟု သိရသည်။ ကျောက်ဖြူခရိုင် အတွင်း ပါဝင်ကြသော ကျောက်ဖြူ၊ မြေပုံ၊ မာန်အောင်၊ ရမ်းဗြဲနှင့် အမ်းမြို့နယ်များ အားလုံးသည် မိုးဦးကျောင်းဖွင့်ရာသီများ တွင် ခရိုင်မြို့ဖြစ်သော ကျောက်ဖြူမြို့၌ စုပြုံတိုးဝှေ့ကြရသည်။ ကျွန်တော့်လို မြို့နှင့်ဝေးလံသည့် ဒီရေရောက်တောကြီး အလယ်ရောက်နေသူ တစ်ယောက်အနေဖြင့် စာအုပ်တစ်အုပ်ရရေးမှာကား မလွယ်ပါ။ သို့ဖြစ်၍ နဝမတန်းတုန်းကလိုပဲ ဗလာစာအုပ်မှာ ရေးမှတ်ထားသော လေ့ကျင့်ခန်းအဟောင်းများကိုပဲ ဟိုကဒီကရှာဖွေပြီး လေ့ကျင့် ရသည်။ သူများတွေလေ့ကျင့်ထားသော သင်ခန်းစာများကို ပြန်လည်လေ့ကျင့်ခြင်း၊ ကိုယ်တိုင်ကြိုးစား အားထုတ်ခြင်းတို့ဖြင့် ကြိုးစားရသည်။ မြတ်ဗုဒ္ဓဟောကြားခဲ့သည့် "အတ္တဟိအတ္တနောနာထော" တရားတော် သည် ကျွန်တော့်ဘဝပြေးလမ်းတွင် အင်အားများစွာဖြစ်စေခဲ့လေပြီ။
၁၉၇၅-၁၉၇၆ ခုနှစ် ပညာသင်နှစ်မှာပဲ သရက်တောင်ရွာတွင် တွဲဖက်အလယ်တန်းကျောင်း ဖွင့်လှစ်နိုင်ရေးအတွက် အစည်းအဝေး ပြုလုပ်ကြသည်။ မာန်အောင်ကျွန်းသား ကိုဘဆွေ (မူလတန်းပြဆရာ)ကပဲ သရက်တောင်ရွာတွင် မူလတန်းအဆင့် ကျောင်းသား ၄၀၀ ကျော်ရှိပြီး နှစ်စဉ် စတုတ္ထတန်းအောင် ကျောင်းသား၊ ကျောင်းသူ ၅ဝ ပတ်ဝန်းကျင် ပုံမှန်ရှိ ကြောင်း၊ မြို့နှင့်အလှမ်းဝေးပြီး ဆက်စပ်မှုလည်း အားနည်းနေသဖြင့် အလယ်တန်းပညာကို သင်ကြားဖို့ဆိုသည်မှာ ဒီ ရွာအနေဖြင့် မလွယ်ကြောင်း၊ သို့ဖြစ်၍ လယ်ထဲယာထဲသို့သာ ရောက်သွားကြပြီး ပညာရေးအဟောသိကံ ဖြစ်သွားကြ ကြောင်း၊ သို့ဖြစ်ပါ၍ ဤသရက်တောင်ရွာအနေဖြင့် တွဲဖက်အလယ်တန်းကျောင်း ဖွင့်လှစ်ရန် လိုအပ်ကြောင်း အစည်းအဝေးတွင် တင်ပြသည်။
ရွာသားများကလည်း တွဲဖက်အလယ် တန်းကျောင်းဖွင့်ရေးကို အတည်ပြုကြသည်။ တွဲဖက်အလယ်တန်း ကျောင်းတို့၏ ဖွဲ့စည်းပုံအရ ဘွဲ့ရဆရာတစ်ဦး လိုအပ်ကြောင်း သိရသည်။ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ကျွန်တော့်အား ဘွဲ့ရဆရာရရှိရေးအတွက် တာဝန်ပေးကြသည်။ အဘယ်ကြောင့် နည်းဟူမူ ကျွန်တော်သည် ကျောက်ဖြူမြို့တွင် ခုနစ်နှစ်တိုင်တိုင် စာသင်ခဲ့ဖူးသူဖြစ်၍ မြို့သို့သွားပြီး ဆရာ ရရှိရေးဆောင်ရွက်ရာတွင် အဆင်အပြေ ဆုံးဖြစ်လိမ့်မည်ဟု ဆုံးဖြတ်ကြသောကြောင့်ပင် ဖြစ်ပေသည်။ ကျွန်တော့်မှာ ကျေးလက်ရင်ခွင်ကြားက လူသားမျိုးနွယ် ဆက်တို့ ပညာရေးတိုးတက်မှုဝိညာဉ် စွဲကပ်နေသူဖြစ်၍ တစ်စုံတစ်ရာဆင်ခြေမပေးဘဲ လုံးဝဥဿုံတာဝန်ယူလိုက်သည်။ ကိုစံရွှေ (ကောင်စီစာရေး)ကပဲ သူတို့ မာန်အောင်မြို့မှာ ဘွဲ့ရတွေရှိကြောင်း၊ တွဲဖက်ဆရာအဖြစ်သင်ပြဖို့ အကူအညီ တောင်းလျှင် ရနိုင်ကြောင်းပြောပြသည်။ သူ့အဆိုကိုပဲ ကျွန်တော်အဓိကထားပြီး မာန်အောင်မြို့သို့ ဦးစားပေး သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။
ကျွန်တော်သည် ညသန်းခေါင်ယံ လောက်တွင် ကူးတို့သည်ငှားပြီး ရေနီကြီး သင်္ဘောဆိပ်သို့ လှော်ဆင်း လာခဲ့သည်။ နောက်တစ်နေ့နံနက် ၁၁ နာရီလောက်တွင် မြေပုံမြို့မှထွက်ခွာလာသော သင်္ဘော သည် ကြားခံသင်္ဘောဆိပ် ရေနီကြီးဆိပ်သို့ ရောက်လာခဲ့သည်။ မြစ်လယ်တွင် စက်ရှိန်လျှော့ပြီး ရပ်နားထားသော သင်္ဘောပေါ်သို့ ကူးတို့လှေအသီးသီးက ခရီးသည်များ တွယ်ချိတ်တက်လိုက်ကြ၏။ ကျွန်တော် သင်္ဘောပေါ်ရောက်သွားချိန်တွင် မြို့ဆိပ်ကမ်းများမှ စီးလာကြ သောခရီးသည်များနှင့် ပြည့်နေပေပြီ။ ကျွန်တော်အိတ်တစ်လုံးကို လွယ်လျက် ထိုင်စရာနေရာတစ်နေရာရလိုရငြား ဟိုဟိုဒီဒီ လှမ်းကြည့်လိုက်သည်။ ခပ်လှမ်းလှမ်းက အသက်ခပ်ကြီးကြီးအမျိုးသားနှင့် အမျိုးသမီးအနီးမှာ နေရာနည်းနည်း ချောင်သလိုမျိုးဖြစ်နေသည်ကိုတွေ့၍ ကျွန်တော်ကြိုးစားပြီး လျှောက်သွား လိုက်၏။
"ဦးရေ ဒီနားထိုင်လို့ရမလား။ ကျွန်တော် တစ်ယောက်လောက် ထိုင်ပါရစေခင်ဗျာ"
"ရတယ် သားရေ ထိုင် ထိုင် ထိုင်ပါ"
"ကျေးဇူးပဲဗျာ"
ကျွန်တော် အဘိုးနှင့်အဘွားကို လေးလေးစားစား ပြုံးရယ်ပြရင်း သူတို့အနီးမှာပဲ ဝင်ထိုင်လိုက်သည်။ ခရီးသွားချင်း စကားစမြည်ပြောဖြစ်ကြတော့ ကျွန်တော်က မာန်အောင်မြို့သို့ သွားမည့်အကြောင်း၊ သူတို့နှစ်ယောက်က ကျောက်ဖြူမြို့နယ်မှာ အလယ်တန်းကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နေသည့် သမီးထွေး အပျိုကြီးဆီ အလည်သွားကြသည်ဟု ပြောသည်။ သူတို့က ကျောက်ဖြူမြို့မှာ ဆင်းကြမှာဖြစ်လို့ ကျွန်တော့်ကို သူတို့ နေရာမှာဆက်နေပြီး ညအိပ်လို့အဆင်ပြေ နိုင်ကြောင်း ပြောကြသည်။ ကျွန်တော့်မှာ ပျော်လွန်းလို့ သူတို့လူကြီးနှစ်ယောက်ကို လက်အုပ်ချီမိုးရှိခိုးလိုက်သည်။
ကျောက်ဖြူမြို့သို့ ညနေ ၅ နာရီဝန်းကျင်တွင် ရောက်ရှိလာခဲ့ပေရာ ကျွန်တော် ၏ခရီးသွားဖော် အဘိုးနှင့်အဘွားမှာ သူတို့အိတ်ကလေးများကိုသိမ်းပြီး ဆိပ်ကမ်းသို့ တက်သွားကြလေပြီ။ သူတို့မှာ ပေါက်တောမြို့နယ်က ဖြစ်ကြောင်းကိုလည်း ပြောသွားကြသည်။ ကျေးဇူးရှင်ကြီး နှစ်ဦးကို ဆိုက်ကားဂိတ် အထိ ကျွန်တော် လိုက်ပို့ဖြစ်လိုက်သည်။
မာန်အောင်မြို့သို့ရောက်တော့ ကျွန်း စဉ်နယ်ဘက်မှာ တာဝန်ကျခဲ့သော ကျောင်းဆရာ ကိုရွှေထွန်းအောင် အိမ်မှာပဲ
ကျွန်တော် တည်းခိုဖြစ်လိုက်သည်။ ကမ်းထောင်းကြီးရွာမှာ တာဝန်ကျခဲ့တုန်း က ညီလိုအစ်ကိုလို ခင်မင်ကြသူပင် ဖြစ်သည်။ သူတို့အိမ်က မာန်အောင်မြို့ အနောက်စုရပ်ကွက်မှာရှိသည်။
ကျွန်တော်သည် ကိုရွှေထွန်းအောင်ကို တွဲဖက်အလယ်တန်းပြဆရာတစ်ဦးလို ကြောင်း ပြောပြသည်။ ကိုစံရွှေ(ကောင်စီ စာရေး) ပြောပြလိုက်သော ကိုစိုးနိုင်ကို လေ့လာကြည့်လိုက်သည်။ အဆင်မပြေ ပါ။ သူက ကိုယ်ပိုင်အလွတ်ပညာသင် ကျောင်းတည်ထောင်လို့ စာသင်စာပြ ဖြစ်နေပေပြီ။ နောက်တစ်ယောက် ကိုစောသိန်းမောင်ကို ချိတ်ဆက်ကြည့်ပြန်သည်။
ဒီတစ်ခါတော့ ကျွန်တော့်မှာ လာရင်းကိစ္စအတွက် အဆင်ပြေသွားတော့သည်။ ကိုစောသိန်းမောင်နှင့်တွေ့ပြီး စကား စမြည်ပြောဖြစ်ကြသည်။ သူက ဥပဓိရုပ်ကောင်းသလို အပြောလည်းကောင်း သည်။ ကျွန်တော်နှင့်အတူ တစ်ပါတည်းလိုက်မည်ဟုပြောသည်။ မနက်ဖြန်ဆို ကျွန်တော်လာသည့် သင်္ဘောနှင့်ပဲ ပြန်လိုက်ကြမည်ဟု ပြောထားကြပြီးဖြစ်သည်။
နောက်တစ်နေ့ နံနက် ၇ နာရီဝန်းကျင် တွင် ကျွန်တော်နှင့် ကိုစောသိန်းမောင်တို့ အိတ်ကလေးကိုယ်စီလွယ်ပြီး သင်္ဘော ဆိပ်သို့ ဆင်းလာကြသည်။ ထိုစဉ် -
"သားရေ သား စောသိန်းမောင်"
နောက်ဘက်က ခေါ်သံကြားလို့
ကျွန်တော်တို့ လှည့်ကြည့်လိုက်ကြရာ ကိုစောသိန်းမောင်၏အမေ ဖြစ်နေပေတော့သည်။ ကိုစောသိန်းမောင်၏ အမေမှာ အူယားဖားယားရောက်လာပြီး သား စောသိန်းမောင်၏အိတ်ကို လှမ်းဆွဲသည်။
"မဖြစ်ဘူး သား၊ သား အဲဒီနေရာ လိုက်သွားလို့မဖြစ်ဘူး၊ အန္တရာယ်ရှိတယ်"
ဆက်လက်ဖော်ပြပါမည်။