မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ရန်ကုန်-မန္တလေးအမြန်လမ်း၌ ဒီဇင်ဘာ၁၄ ရက် နံနက် ၃ နာရီခွဲတွင် ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ အမှတ်(၅၅) မူးယစ်တပ်ဖွဲ့စုမိတ္ထီလာမှ ခေတ္တတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးခင်မောင်ဆွေမင်းနှင့် တပ်ဖွဲ့ဝင်များ၊ သီးကုန်းအမြန်လမ်းမကြီးရဲစခန်းမှ ဒုတိယရဲမှူးကိုကိုမောင်နှင့် တပ်ဖွဲ့ဝင်များသည် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၂၈၄/၄)နှင့် (၂၈၄/၅)ကြား၌ ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်နေစဉ် မော်လမြိုင်မှ မန္တလေးသို့ သန်းမြတ်စိုး ၅၁ နှစ် မောင်းနှင်လာသည့် MDY-5E/---- ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ ယာဉ်ပေါ်တွင် ယာဉ်မောင်း သန်းမြတ်စိုးနှင့်အတူ ရန်နိုင်လွင် ၃၈ နှစ်၊ ပြည့်ဖြိုးကျော် ၂၂ နှစ်၊ အောင်ကိုဝင်း ၂ဝ နှစ်တို့လေးဦးအား တွေ့ရှိပြီး ဆက်လက်ရှာဖွေရာ ယာဉ်ပေါ်၌ ပီနံအိတ်အတွင်း အဖြူရောင်ပလတ်စတစ် အိတ်နှင့်ထည့်လျက် ထိန်းချုပ်ဓာတုပစ္စည်း အဖြူရောင်အမှုန့်ခဲတစ်အိတ်လျှင် ၄၅ ကီလိုဂရမ်ခန့်ပါ အိတ် ၂ဝ စုစုပေါင်း အလေးချိန် ၉ဝဝ ကီလိုဂရမ်ခန့်ကို သိမ်းဆည်းရမိသည်။
အဆိုပါ ပစ္စည်းများနှင့် ပတ်သက်၍စစ်မေးရာ ဂိတ်မှူးဖြစ်သူ သိန်းဇော် ၄၃ နှစ်က ကိုဇေယျာအမည်ဖြင့် တန်ဆာဆွဲ၍ ဒဂုံ-မန်းကားဂိတ်သို့ ပို့ဆောင်ပေးရမည့် ပစ္စည်းများဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ သန်းမြတ်စိုးပါငါးဦးအား သီးကုန်းအမြန်လမ်းမကြီးရဲစခန်းက မယ(ပ)၁/၂ဝ၂ဝ၊ မူး/စိတ်ဥပဒေပုဒ်မ ၁၆(ခ)/၂၁ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ထီလာကိုငယ်လေး