တပ်မတော်ဂုဏ်ဆောင်မှ နိုင်ငံ့ဂုဏ်ဆောင်များအဖြစ်သို့
၂၀၂၄ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများကို စက်တင်ဘာလ ၂၅ ရက်မှ စတင်ကျင်းပလျက်ရှိရာ အောက်တိုဘာလ ၁၁ ရက်တွင် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပခဲ့ပြီးဖြစ်သည်။ ဘောလုံးအားကစားသည် ပရိသတ်စိတ်ဝင်စားမှု အများဆုံး အားကစားနည်းဖြစ်သည်။ ဘောလုံးတစ်သင်းတွင်ပါဝင်သူများမှာ ကိုယ်စီတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူများ ဖြစ်ရပေလိမ့်မည်။ တစ်ကိုယ်ကောင်းစိတ်ဓာတ်ထက် အဖွဲ့အစည်းအောင်မြင်ရေးကို မြော်တွေးစွမ်းဆောင်သည့် စွမ်းဆောင်ရည်ရှိနေရမည်။ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် ကစားရသည့် အားကစားနည်းလည်းဖြစ်သည်။ အထူးသဖြင့် စိတ်ဓာတ်ကောင်းရသည်။ စည်းကမ်းကောင်းရသည်။
နိုင်ငံနှင့်လူမျိုးအပေါ် သစ္စာစောင့်သိရသည်။ တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲမှ ထူးချွန်စွာ ပေါ်ထွက်လာသူများမှာ တပ်မတော်သားများဖြစ်၍ စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှုနှင့် စွမ်းရည်သုံးရပ်ပြည့်စုံမှု ရှိထားသူများ ဖြစ်သည်။
တပ်မတော်ဂုဏ်ဆောင် အားကစားသမားများအဖြစ်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအဖြစ် တက်လှမ်းနိုင်မည့်သူများလည်း ဖြစ်သည်။ အားကစားကဏ္ဍ တိုးတက်အောင်မြင်ခြင်းမှာ နိုင်ငံသူ၊ နိုင်ငံသားများ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များကို အောင်မြင်စွာ မြှင့်တင်ပေးနိုင်ခြင်း ဖြစ်သည်။
တပ်မတော်အနေဖြင့် နှစ်စဉ်အားကစားပြိုင်ပွဲများကို ကျင်းပနေခြင်းမှာ တပ်မတော်(ကြည်း၊ ရေ၊ လေ)လက်ရွေးစင် အားကစားသမားများအဖြစ်သို့ တက်လှမ်းနိုင်စေရန် ရည်ရွယ်ကျင်းပနေခြင်း ဖြစ်သကဲ့သို့ မျိုးဆက်သစ် အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရန် ရည်ရွယ်မွေးထုတ် ပေးနေခြင်းလည်း ဖြစ်သည်။
တပ်မတော်သားဆိုသည်မှာ ကျန်းမာရေးကောင်းမွန်သူများသာ ဖြစ်သည်။ ကျန်းမာရေးကောင်းမွန် စေရန်အတွက် အမြဲတမ်း လေ့ကျင့်နေကြရသည်။ အစားအသောက် အနေအထိုင်ကိုလည်း အထူးသတိပြု စားသောက်ကြရသည်။ အိပ်ချိန်၊ နိုးထချိန်ကို သတ်မှတ်ထားသည့်အချိန်အတိုင်း လိုက်နာလုပ်ဆောင် ကြခြင်းကြောင့်လည်း ကျန်းမာသန်စွမ်းနေကြခြင်းဖြစ်သည်။ တစ်ဦးချင်းလိုက်နာရမည့်ကျင့်ဝတ်တွင်လည်း ကျန်းမာအောင်နေပါ၊ သန်စွမ်းအောင်လေ့ကျင့်ပါ ဟူ၍ချမှတ်ထားပြီးဖြစ်သည်။ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ပြီး လုံ့လဝီရိယရှိသူများလည်း ဖြစ်ကြသည်။ အားကစားလုပ်ဆောင်ခြင်းသည် တပ်မတော်သား တို့အတွက် ကျွဲကူးရေပါသဘောမျိုးသာ ဖြစ်သည်။ လေ့ကျင့်ကျွမ်းကျင် အောင်ပွဲဝင်ဆိုသည့်အတိုင်း နိုင်ငံ့ကိုယ်စားပြု အားကစားမှန်သမျှတွင် တပ်မတော်သားတို့ ရွှေ၊ ငွေ၊ ကြေးဆုများရရှိနေခြင်း ဖြစ်သည်။
အားကစားဟူသည်မှာ ခွန်အားနှင့်ဉာဏ်ရည်ကို အသုံးပြုပြီး လှုပ်ရှားဆောင်ရွက်ရခြင်းဖြစ်သည်။
အားကစားလုပ်ဆောင်ခြင်းကြောင့် လူတစ်ယောက် ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးကို ကြံ့ခိုင်သန်စွမ်း စေရုံမက စိတ်ဓာတ်ပိုင်းဆိုင်ရာကိုပါ ကြံ့ခိုင်ဖွံ့ဖြိုးစေသည်။ လူတိုင်းတွင် စွမ်းအားများရှိကြသည်။
ထိုစွမ်းအားများကို အားသွန်ခွန်စိုက် အသုံးချမှသာ အောင်မြင်မှုကိုရရှိမည် ဖြစ်သည်။ စိတ်ဓာတ်ကောင်းသူတိုင်း အောင်မြင်မှုရရှိအောင် ကြိုးစားကြသည်။ ထူးချွန်စေချင်လျှင် ထူးချွန်အောင်ကြိုးစားက မလွဲမသွေရရှိမည် ဖြစ်သည်။ တပ်မတော်သားများအနေဖြင့် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏ ဟူသည့် အမြင့်ဆုံးသော စိတ်ဓာတ်ထားရှိသူများ ဖြစ်သည်။
၂ဝ၂၄ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊လေ)အားကစားပြိုင်ပွဲတွင် တပ်မတော်သားများ၏ တစ်ဦးချင်းအပြင် အဖွဲ့လိုက်ယှဉ်ပြိုင်ရသည့် အားကစားနည်း ၁ဝ မျိုးကိုထည့်သွင်းကျင်းပခဲ့သည်။ ပြိုင်ပွဲပြီးမြောက်သည့်နေ့တွင် ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ရုပ်မြင်သံကြားများမှတိုက်ရိုက် ထုတ်လွှင့် ပြသခဲ့သည်။ ဗိုလ်လုပွဲသို့ တက်ရောက်လာသော အသင်းနှစ်သင်း၏ သူနိုင်ကိုယ်နိုင်အကြိတ်အနယ် ယှဉ်ပြိုင်ကြပုံ များကို အားရကျေနပ်စွာ ကြည့်ရှုခဲ့ရသည်။ သို့ရာတွင် ဇွဲ၊ လုံ့လ၊ ဝီရိယနှင့်ကြိုးစားမှု၊ တညီတညွတ်တည်း စုပေါင်းဆောင်ရွက်လိုသည့် အဖွဲ့အစည်းစိတ်ဓာတ်ရှိမှု၊ သန္နိဋ္ဌာန်စိတ်ဖြင့် ရည်မှန်းချက်ပြီး မြောက်အောင် ဆောင်ရွက်နိုင်မှု၊ လေ့ကျင့်သားပြည့်ဝမှု ပို၍သာသောအသင်းက ပထမဆုကို ထိုက်တန်စွာ ဆွတ်ခူးနိုင်ခြင်းဖြစ်သည်။
တပ်မတော်သားအားကစားသမားများသည် နိုင်ငံတကာအားကစားပြိုင်ပွဲများနှင့် ဒေသတွင်းပြိုင်ပွဲများတွင် အဆင့်အတန်းပြည့်မီစွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ကြသည့်အပြင် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ဆုတံဆိပ်အသီးသီး ဆွတ်ခူးလျက် ရှိကြသည်။ တပ်မတော်သားတပ်ဖွဲ့ဝင် အဆင့်အတန်းတိုင်းသည် နိုင်ငံ့လိုအပ်ချက်အရ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီတိုင်းအပေါ် ကျရောက်လာသည့် နိုင်ငံ့တာဝန်မှန်သမျှကို အပြည့်အဝဆုံးသော ခွန်အား၊ အထက်မြက်ဆုံးသောစွမ်းဆောင်ရည်များဖြင့် ကျေပွန်အောင်မြင်အောင် ထမ်းဆောင်လျက်ရှိကြသည်။ ယခုကျင်းပသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများတွင်လည်း ကာယ၊ ဉာဏစွမ်းအားများကို ရေကုန်ရေခန်းထုတ်ဖော်ပြသပြီး တပ်မတော်ဂုဏ်ဆောင်အဆင့်မှ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အဆင့်ထိ ရောက်အောင် ကြိုးပမ်းခဲ့သည်။ အနှစ်ချုပ်ဆိုရသော် တပ်မတော်သားများအနေဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကျေပွန်သည့် တပ်မတော်သားကောင်းအဖြစ် သာမက တပ်မတော်နှင့်နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားကောင်းများ ဖြစ်အောင် မလျှော့သော ဇွဲ၊ လုံ့လ၊ အားမာန်၊ စိတ်ဓာတ်တို့ဖြင့် ကြိုးစားခဲ့သည်ကို တွေ့မြင်ရပါကြောင်း ဂုဏ်ပြုရေးသားလိုက်ရပေသည်။ ။