အသိ၊ သတိဖြင့် သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ကျော်လွှားမယ်
တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၉ ရက်တွင် ဗီယက်နမ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့သော Yagi(ရာဂိ)တိုင်ဖွန်းမုန်တိုင်း၏ အရှိန်နှင့် ၎င်း၏နောက်ဆက်တွဲ မိုးတိမ်တိုက်များကြောင့် မြန်မာနိုင်ငံတွင်လည်း စက်တင်ဘာလ ၁၀ ရက်မှစ၍ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး စက်တင်ဘာလ ၁၁ ရက်တွင် ရေကြီးရေလျှံခြင်းနှင့် ရေတိုက်စားမှုကြောင့် မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ပါတယ်။ လမ်း၊ တံတားအချို့ ရေတိုက်စားပျက်စီးခြင်း၊ လူနေအိမ်၊ ရုံး/ဌာနအဆောက်အအုံ၊ စာသင်ကျောင်းနှင့် အခြားအဆောက်အအုံများ ရေဝင်နစ်မြုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လူနှင့်တိရစ္ဆာန်များ သေဆုံးဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ပါတယ်။
နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါ တိုင်ဖွန်းမုန်တိုင်း၏အရှိန်နှင့် နောက်ဆက်တွဲမိုးတိမ်တိုက် များကြောင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်မှုနှင့် လေပြင်းတိုက်ခတ်နိုင်မှု အခြေအနေတို့အား မိုးလေဝသ တိုင်းတာရေး အချက်အလက်များအရ အများပြည်သူသိရှိနိုင်ရန် နိုင်ငံပိုင်ရုပ်မြင်သံကြား၊ ရေဒီယို FM၊ သတင်းစာများမှတစ်ဆင့် ကြိုတင်အသိပေး ကြေညာခဲ့သော်လည်း ယခုလောက်ထိ ထိခိုက်ဆုံးရှုံးမှု ဖြစ်ပွားမည်ဟု မည်သူမျှ မမျှော်မှန်းမိခဲ့ပေ။ ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုအခြေအနေအား မှန်ကန်တိကျစွာ တိုင်းတာခန့်မှန်း၍ ကြိုတင်ထုတ်ပြန်နိုင်ခဲ့သော်လည်း မြန်မာနိုင်ငံရှိမြစ်ချောင်းများ၏ မြစ်ဖျားပိုင်းနှင့် အထက်ပိုင်းဒေသများတွင် မြေပြို/ တောင်ပြိုခြင်းများကြောင့် မြစ်၊ ချောင်းများရှိ ရေထုများမြင့်တက်ကာ ရေကြီးရေလျှံခြင်းများ မမျှော်လင့်ဘဲ ရုတ်ခြည်းဆိုသလို နေရာအချို့တွင် ဖြစ်ပေါ်ခဲ့ပါတယ်။
ရေကြီးရေလျှံမှု သဘာ၀ဘေးဟာ အလွန်ပဲလျင်မြန်တဲ့အရှိန်နဲ့ စီးဆင်းလာတာဖြစ်လို့ အချို့ဒေသတွေမှာ ရှောင်တိမ်းချိန်တောင်မရလိုက်ပါဘူး။ အိမ်တွေအလုံးလိုက် ကျွတ်ပါသွားတာမျိုး၊ လူတွေ သစ်ပင်တွေပေါ်တက် နေရတာမျိုး၊ စာသင်ကျောင်းတွေမှာရေဝင်လာလို့ ကျောင်းတွေပိတ်ရတာမျိုး စတဲ့ အမျိုးမျိုးသော ဒုက္ခတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ တစ်ခါတစ်ရံ လူတွေရဲ့စိတ်ထဲမှာ ပေါ်ပေါက်လာတော့မယ့် သဘာဝဘေးတွေဟာ ငါနဲ့မဆိုင်လောက်ပါဘူးဆိုတဲ့ အတွေးတွေ ရှိနေတတ်ပါတယ်။ ဖြစ်တတ်တဲ့သဘာ၀ပါ။ မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အချိန်နဲ့တစ်ပြေးညီ မိုးလေ၀သ သတင်းတွေ ကြေညာပေးနေပါတယ်။ မိုးလေ၀သ သတင်းတွေနဲ့အတူ ကုန်းမြင့်ပေါ်မှာနေထိုင်သူတွေ ဘယ်လိုသတိထားသင့်တယ်။ မြေနိမ့်ပိုင်းမှာနေတဲ့သူတွေ ဘယ်လိုသတိထားသင့်တယ်ဆိုတာမျိုးပါ အသေးစိတ်ထုတ်ပြန်ပါတယ်။ ဖြစ်လာပြီးမှတော့ ဘယ်သူ့ကိုမှ အပြစ်မပြောပါဘူး။ ဒါပေမဲ့ သင်ခန်းစာတွေ ကောင်းကောင်းရလိုက်ကြပြီဖြစ်ပါတယ်။ အခုလိုမမျှော်လင့်ဘဲ ရေဘေးကြုံတွေ့ရတဲ့ အချိန်မှာ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုအင်အားကို မြင်တွေ့ရတာကလည်း အဆိုးထဲကအကောင်းလို့ ပြောချင်ပါတယ်။ ကူညီကယ်ဆယ်ရေးမှာ တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ကြပုံ၊ ရေဘေးသင့်ပြည်သူများကို စေတနာသဒ္ဓါတရားထက်သန်စွာနဲ့ ရက်ရက်ရောရော လှူဒါန်းကြပုံများကနေတစ်ဆင့် လူလူချင်းစာနာထောက်ထား ကူညီတတ်တဲ့ မြန်မာ့စိတ်ရင်းဓလေ့စရိုက်ကို မြင်နိုင် ပါတယ်။
ဒီလို ရေဘေးသင့်ပြည်သူတွေကို ကိုယ်၊ စိတ်နှစ်ပါး ဝမ်းနည်းအားငယ်မှုများ မဖြစ်ရလေအောင် အားလုံးသော စေတနာရှင်၊ အလှူရှင်တွေက ဝိုင်းဝန်းကူညီနေကြတာကို တွေ့မြင်ရတော့ ရေဘေးသင့်ပြည်သူများ ကိုယ်စား ကြည့်မြင်မိသူများသဒ္ဓါပွားလို့ ကျေးဇူးတင် သာဓုအကြိမ်ကြိမ်ခေါ်မိစေပါတယ်။
ယခုဖြစ်စဉ်ဟာ မြန်မာနိုင်ငံမှာ မိုးကြောင့် ဖြစ်ပေါ်ခဲ့တဲ့ သဘာ၀ဘေးများအနက် အဆိုးဆုံးဟု ဆိုရလောက်အောင် ထိခိုက်ပျက်စီးခဲ့ရခြင်း ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကြောင့် သဲနုန်းများ ရေစီးကြောင်းအတိုင်း တဖြည်းဖြည်း စီးဆင်းဝင်ရောက်၍ သောင်ထွန်းခြင်းများနှင့် BED Level မြင့်တက်ခြင်းများ ဖြစ်ပေါ်လာပြီး မြစ်ချောင်းများအတွင်း သဲနုန်းများပို့ချမှု များပြားလာကာ ရေကြီးရေလျှံမှုများ ပိုမိုဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါ့အပြင် တောင်ကျချောင်း အထက်ပိုင်းရှိ တောင်ကုန်းများတွင် မြေပြိုမှုများ ဖြစ်ပွားရာမှ ကျောက်တုံးကြီးများ ရေစီးနှင့်အတူမျောပါလာခြင်းနှင့် စနစ်မကျသော သစ်ထုတ်လုပ်မှုများမှ ထွက်ပေါ်လာတဲ့ သစ်လုံးကြီးများကို မြစ်၊ ချောင်းဘေးတစ်လျှောက် အလွယ်တကူ စုပုံထားရာမှ ရေစီးနှင့်အတူ အရှိန်အဟုန်ဖြင့် မျောပါလာခြင်းတို့ကြောင့်လည်း ထိခိုက်ပျက်စီး မှုများ ပိုမိုများပြားစေခဲ့ပါတယ်။ မြန်မာနိုင်ငံ၏ မြေမျက်နှာသွင်ပြင်အနေအထားအရ မိုးအလွန်များတဲ့အခါ အလွန်မြင့်မားတဲ့ တောင်တန်းတွေကနေ မြေနိမ့်ဒေသသို့ တောင်ကျရေအဖြစ် အရှိန်ပြင်းစွာ စီးဆင်းပါတယ်။ ရေစီးအား ဘယ်လောက်ပြင်းလည်းဆိုရင် ကြီးမားတဲ့ကျောက်တုံးများကိုပင် မျောပါနိုင်စွမ်းရှိပါတယ်။
အဆိုပါကျောက်တုံးများဟာ မြေပြို၊ တောင်ပြိုရာမှ ပေါ်ထွက်လာတဲ့ ကျောက်တုံးကြီးတွေဖြစ်ပါတယ်။
ကမ္ဘာကြီးပူနွေးလာမှုနဲ့အတူ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်တွေကြောင့် သဘာ၀ပတ်ဝန်းကျင် ယိုယွင်းမှုပြဿနာအဖြစ် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို နိုင်ငံအသီးသီးမှာ ရင်ဆိုင်ကြုံတွေ့နေ ရပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် အပူချိန်မြင့်မားလာခြင်း၊ မိုးရေချိန် ပြောင်းလဲခြင်း၊ အချို့နေရာ များတွင် မိုးအများအပြားရွာသွန်းပြီး အချို့နေရာများ၌ မိုးနည်းပါးလာခြင်းများ ကြုံတွေ့ရပါ တယ်။ အနောက်တောင်မုတ်သုံရာသီဟာ အဝင်နောက်ကျသလို ပြန်လည်ထွက်ခွာသွားတဲ့အခါမှာတော့ စောစီးစွာပြန်ထွက်ပါတယ်။ ပြောရမယ်ဆိုရင် မုတ်သုံရာသီတိုတောင်းလာခြင်းကြောင့် သဘာ၀ဘေး အန္တရာယ်တွေဖြစ်တဲ့ မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်း၊ မိုးခေါင်ရေရှားခြင်း စတဲ့ဆိုးကျိုးတွေ ကျရောက်နိုင်ခြေ ပိုမိုများပြားလာပါတယ်။ ဆက်စပ်ဖြစ်စဉ်အနေနဲ့ သစ်တောဖြစ်ထွန်းမှု ကျဆင်းပြီး သဘာ၀ပေါက်ပင်များ ပေါက်ရောက်ဖုံးလွှမ်းမှုနည်းပါးလာတဲ့အတွက် မြေသားအနေအထားတွေ ပြောင်းလဲစေပြီး မြေတိုက်စားမှုတွေကို ဖြစ်ပေါ်စေပါတယ်။ မြေဆီလွှာအရည်အသွေးတွေလည်းကျဆင်းပြီး သဘာ၀အရင်းအမြစ်တွေလျော့နည်းကုန်ခန်းစေပါတယ်။
မြန်မာနိုင်ငံတွင် ယခုကဲ့သို့သဘာဝဘေးဒဏ်မျိုးကို ၂၀၀၈ ခုနှစ်မှာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း၊ ၂၀၁၀ ပြည့်နှစ်မှာ ဂီရိမုန်တိုင်း၊ ၂၀၁၃ ခုနှစ်မှာ ဖလမ်းတောင်ပြိုမှု၊ ၂၀၁၅ ခုနှစ်မှာ ဟားခါးနဲ့ မော်ချီးမြေပြိုမှု၊ ၂၀၁၈ ခုနှစ်မှာ ပေါင်မြို့နယ်မြေပြိုမှု၊ ၂၀၂၃ ခုနှစ်မှာ မိုခါမုန်တိုင်းတို့ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။ ဒီနှစ်မှာတော့ ရာဂိတိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် ရေကြီးရေလျှံခြင်းနဲ့မြေပြိုခြင်းတို့ ကြုံတွေ့ခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာဖြစ်ပွားလေ့ရှိတဲ့ သဘာ၀ဘေးအန္တရာယ်များတွင် ရေကြီးရေလျှံမှုဟာ နှစ်စဉ်ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ကြောင်း တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံမှာ နှစ်စဉ်ဇွန်လ (မိုးဦးကာလ)တွင် တစ်ကြိမ်၊ ဇူလိုင်လမှ ဩဂုတ်လ(မိုးလယ်ကာလ)တွင် တစ်ကြိမ်နှင့် စက်တင်ဘာလမှ အောက်တိုဘာလ(မိုးနှောင်းမိုးလွန်ကာလ)မှာ တစ်ကြိမ်စုစုပေါင်းရေကြီးမှု သုံးကြိမ်ဖြစ်ပေါ်လေ့ ရှိပါတယ်။ မိုးလေ၀သနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေနဲ့ မိုးလေ၀သသတင်းတွေကို အမြဲတမ်းကြိုတင်ထုတ်ပြန်ပေးလျက်ရှိပါတယ်။ ယခုစက်တင်ဘာလမှာ ရာဂိတိုင်ဖွန်းမုန်တိုင်းကြောင့် အရှေ့တောင်အာရှနိုင်ငံအချို့မှာလည်း ရေလွှမ်းမိုးမှုများ၊ မြေပြိုမှုများဖြစ်ပေါ်ပြီး သေဆုံးမှုများနှင့် အိမ်ရာပျက်စီးမှုများ ဖြစ်ပွားခဲ့ပါတယ်။
ယခုကဲ့သို့ မြေပြိုမှုနှင့် ရေကြီးရေလျှံမှုဖြစ်စဉ်အပေါ် ပညာရပ်ပိုင်းဆိုင်ရာအမြင်ဖြင့် လေ့လာမိသလောက် အနည်းငယ်တင်ပြချင်ပါတယ်။ မြေပြိုမှုဖြစ်စဉ်များကို မြေပြိုမှု (Landslide) ဟု အလွယ် ခေါ်ဆိုကြပြီး အခြားသောတောင်ပြိုခြင်း၊ ပင်လယ်ကမ်းရိုးတန်းမြေပြိုခြင်း၊ မြစ်ကမ်းဘေးနှင့် ချောင်းကမ်းပါးများ မြေပြိုခြင်း၊ တောင်စောင်းနှင့် ချောက်ကမ်းပါးများမြေပြိုခြင်း၊ သတ္တုတွင်းများ မြေပြိုခြင်း၊ ဥမင်လိုဏ်ခေါင်းမြေပြိုခြင်း၊ တံတားချဉ်းကပ်လမ်းမြေပြိုခြင်း၊ စီမံကိန်းလုပ်ငန်းခွင်အတွင်း မြေပြိုခြင်းများလည်း မြေပြိုမှုမှာ အကျုံးဝင်ပါတယ်။ မြေပြိုမှုကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းများမှာ မြေမျက်နှာပြင်ပေါ်ရှိ သဘာဝ အလျောက်ပေါက်ရောက်နေသည့် သဘာဝပေါက်ပင်များ ဆုံးရှုံးခြင်း၊ မြေပြင်ရှိ နိမ့်ရာမှမြင့်ရာသို့ ဒေါင်လိုက်ပေါက်တတ်သော သဘာဝပေါက်ပင်များ၏ ဖွဲ့စည်းမှုပုံစံ၊ မြေသားအတွင်းရှိ အာဟာရဓာတ်များနှင့် မြေသားတည်ဆောက်ပုံများဟာ သစ်တော မီးလောင်မှုများကြောင့် သို့မဟုတ် သတ္တုတူးဖော်မှုများကြောင့် ပျက်စီးဆုံးရှုံးခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြစ်၊ ချောင်းများအရှိန်ပြင်းစွာစီးဆင်းမှုကြောင့် မြေသားတိုက်စားခံရခြင်း၊ ဆီးနှင်းများ ကျဆင်းခြင်းနှင့် ရေခဲမြစ်များ အရည်ပျော်ခြင်းတို့က မြေပြင်ပေါ်ရှိ အပေါ်ယံမြေသားတို့အား ဖယ်ရှားပစ်ခြင်း၊ ငလျင်လှုပ်ခြင်း၊ ဆူနာမီလှိုင်းများမြင့်တက်ခြင်းနှင့် မီးတောင်ပေါက်ကွဲခြင်းတို့ ဖြစ်ပါတယ်။ ဒါ့အပြင် လူသားတို့၏ လုပ်ဆောင်မှုများဖြစ်တဲ့ သစ်တောများခုတ်ထွင်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ပြုလုပ်ခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ လေးလံသော သယ်ယူပို့ဆောင်ရေးယာဉ်များ ဖြတ်သန်းသွားလာမှုမှ တုန်ခါမှုဖြစ်ပေါ်ခြင်း၊ မြေယာတူးဖော်အသုံးချခြင်း၊ မိုင်းခွဲခြင်း၊ စွန့်ပစ်မြေစာစုပုံခြင်း၊ သတ္တုတူးဖော်ခြင်းနှင့် ချုံနွယ်ပင်များအား မီးရှို့ခြင်းဖြင့် နက်ရှိုင်းစွာအမြစ်တွယ်နေသော သဘာဝပေါက်ပင်များအား ဖျက်ဆီးဖယ်ရှားမိခြင်း များသည်လည်း မြေပြိုမှုကို ဖြစ်ပေါ်စေပါတယ်။
မြေပြိုမှုဖြစ်ပွားရာနေရာတစ်ခုကို အနုစိတ်ပုံဖော်ကြည့်လျှင် ၎င်းနေရာမှာတည်ရှိနေတဲ့ မြေသား သို့မဟုတ် ကျောက်သားတို့ရဲ့ ပြင်ပသက်ရောက်မှုအားနှင့် အတွင်းမှခုခံတွန်းလှန်အားတို့ အားပြိုင်မှုပေါ်မူတည်ပြီး မြေပြို၊ တောင်ပြိုခြင်းတွေ ဖြစ်လာတာပါ။ အဆိုပါအင်အားနှစ်ခု တူညီနေသမျှ တောင်ပြို၊ မြေပြိုမှုမဖြစ်နိုင်ပါ။ စာရေးသူအနေနဲ့ ကင်းသာအနီးဝန်းကျင်မှ မြေပြို၊ တောင်ပြိုမှုများကို ဖြစ်ပေါ်စေနိုင်တဲ့ ကျောက်သားတို့ကို လေ့လာတဲ့အခါမှာ ကျောက်သားတို့ရဲ့ခိုင်မာမှုနဲ့အတန်းအစား၊ ကျောက်သားများ အဆက်ပြတ်အက်ကွဲရာမှ ပြိုကျပြုတ်ထွက်လာနိုင်တဲ့ ကျောက်သားရဲ့ ထုထည်၊ ပုံသဏ္ဌာန်နှင့် ဖြစ်ပေါ်နိုင်တဲ့ တောင်ပြိုမှုနည်းလမ်းတို့ကို အသေးစိတ်တိုင်းတာလေ့လာဆောင်ရွက်ခဲ့ပါတယ်။
ကျောက်သားတို့ရဲ့ အဆက်မပြတ်အက်ကွဲမှုဖြစ်တဲ့နေရာမှာ သဘာ၀မူလအရ အက်ကွဲတာလည်း ဖြစ်နိုင်သလို လူတို့၏ပယောဂ ဖန်တီးမှုတို့ကြောင့်လည်း အက်ကြောင်းများ ပေါ်ပေါက်လာစေနိုင်ပါတယ်။ သဘာ၀အားဖြင့် အနည်ကျကျောက်နဲ့ အသွင်ပြောင်းကျောက်တို့ဆိုတာဟာ တစ်လွှာပြီး တစ်လွှာထပ်လျက်အနေအထားဖြင့် ဖြစ်တည်နေတာဖြစ်ပါတယ်။ အဲဒီလိုလွှာထပ်များကြားနဲ့ ကျောက်သားတို့ရဲ့ အဆက်ပြတ်အက်ကွဲရာများ အတွင်းသို့ ရေများဝင်ရောက်ကာ ကျောက်ခြေမွခြင်းဖြစ်စဉ်ကို လျင်မြန်စွာဖြစ်ထွန်းစေပြီး ကျောက်သား ခိုင်မာမှု အဆင့်အတန်း လျော့ကျလာကာမြေပြို၊ တောင်ပြိုမှုများ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ နေပြည်တော်-ပင်လောင်းလမ်း ၆ မိုင်ဝန်းကျင်ဒေသဟာ ရေဝေချောင်းနှင့် ကိုလုံချောင်းဆုံအနီးမှာ တည်ရှိပြီး ဘူမိဗေဒအနေအထားအရ ရေဝေချောင်းသည် ရေဝေပြတ်ရွေ့ကြောင်းတစ်လျှောက် စီးဆင်းဖြစ်ပေါ်နေတဲ့ ချောင်းတစ်ခုဖြစ်ပါတယ်။ အဲဒီဒေသမှာ သက်လယ်ကပ်နှောင်းပိုင်းမှ သက်နှောင်းကပ်အစောပိုင်းသက်တမ်းရှိ နှမ်းဖတ်ကျောက်များနဲ့ လိပ်သည်းကျောက်များဟာ ပြတ်ရွေ့ထိစပ်ဇုန်အသွင်ဖြစ်ပေါ်နေပါတယ်။
နှမ်းဖတ်ကျောက်များမှာ ကျောက်သားခိုင်မာမှု အလွန်မြင့်မားသော်လည်း ရာသီဥတုကြောင့် ကျောက်ခြေမွခြင်း ဖြစ်စဉ်နဲ့ မိုးအဆက်မပြတ်ရွာသွန်းမှုနှင့်အတူ ကျောက်သားအဆက်ပြတ်အက်ကွဲ ကြောင်းများ အတွင်း ရေများဝင်ရောက်မှုကြောင့် ကျောက်သားတွဲဆက်ခိုင်မာမှုအား ကျဆင်းလာပြီး ကြီးမား လုံးဝန်းသော ကျောက်တုံးကျောက်ခဲကြီးများ ပြိုကျပြုတ်ထွက် လိမ့်ဆင်းလာရခြင်း ဖြစ်ပါတယ်။ ဒီလိုကျောက်ခြေမွခြင်းဖြစ်စဉ်နဲ့ ကျောက်သားအဆက်ပြတ် အက်ကွဲမှုအတွင်း ရေများဝင်ရောက် ခဲ့ခြင်းတို့ကြောင့် နေပြည်တော်-ပင်လောင်းလမ်း ၇ မိုင်ပတ်ဝန်းကျင်ဒေသရှိ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများတွင် တောင်ကျချောင်းရေနဲ့အတူ ကျောက်တုံးကျောက်ခဲကြီးများ မျောပါလာခြင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သဘာဝတောတောင်များ တဖြည်းဖြည်း ပျောက်ဆုံးလာခြင်း၊ ရာသီဥတုပြောင်းလဲမှု ပြင်းထန်လာခြင်း၊ တောင်ကုန်း၊ တောင်စောင်းများရဲ့ မြေသားတည်ငြိမ်မှုကို မြေကြီးအတွင်းရှိ ရေရဲ့ဖိအားက ပြောင်းလဲစေသဖြင့် ရေကြီးခြင်း၊ တောင်ပြိုခြင်းနှင့် ကမ်းပါးပြိုခြင်းတို့ ထိခိုက်ခံစားရခြင်း ဖြစ်ပါတယ်။
မြေပြို၊ တောင်ပြိုခြင်းကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန် လူတိုင်းအလွယ်တကူ ဆောင်ရွက်နိုင်သော နည်းလမ်းကောင်းမှာ နှစ်ရှည်သစ်ပင်ကြီးများကို မိမိတို့အခြေချနေထိုင်ရာ မြို့ရွာများ၏ အနီးတစ်ဝိုက်၌ စနစ်တကျစိုက်ပျိုးခြင်းပင်ဖြစ်ပါတယ်။ နှစ်ရှည်သစ်ပင်ကြီးများသည် အပင်အရွယ် အစားနှင့် အပင်အသက်တို့အလိုက် အပင်ပတ်လည်တစ်ဝိုက် ပေပေါင်းရာနှင့်ချီ၍ မြေသားလွှာများကို ကျစ်လျစ်အောင် ကုပ်ယူထိန်းသိမ်းပေးထားနိုင်စွမ်းရှိပြီး မြေဆီလွှာတိုက်စားခံရခြင်းကိုလည်း ကောင်းစွာကာကွယ်ပေးနိုင်သလို အရှိန်အဟုန်ပြင်းစွာ စီးဆင်းဝင်ရောက်လာသော ရေထုကြီးကိုလည်း ဟန့်တားဆီးကာပေးနိုင်သဖြင့် မြစ်ရေ၊ ချောင်းရေများကြောင့် ရုတ်တရက်ရေကြီးရေလျှံ ဖြစ်ပေါ်ခြင်းကို နှောင့်နှေးကြန့်ကြာအောင် ထိန်းသိမ်းနိုင်စွမ်း
ရှိပါတယ်။ သို့ဖြစ်၍ လူနေ မြို့ရွာများ အတွင်းနှင့် အနီးတစ်ဝိုက်၌ နှစ်ရှည်ပင်ကြီးများကို စနစ်တကျ ရှင်သန်အောင် တိုးချဲ့စိုက်ပျိုးခြင်းနှင့် ရှိပြီးသား နှစ်ရှည်ပင်ကြီးများကို မည်သည့်အကြောင်းနှင့်မျှ ခုတ်လှဲဖြိုဖျက်မှု မပြုကြခြင်းအားဖြင့် သဘာဝဖြစ်စဉ်ကြောင့် ဖြစ်ရသော မြေပြိုခြင်းကို အတိုင်းအတာ တစ်ရပ်အထိ ဟန့်တားနိုင်မည် ဖြစ်ပါတယ်။
သဘာ၀ဘေးအန္တရာယ်သည် လူသားတို့ကို တစ်နေ့တခြားပိုမိုခြိမ်းခြောက်လာနေပါတယ်။ အထူးသဖြင့် မိုးရာသီမှာရေကြီးရေလျှံခြင်းအပါအဝင် သဘာ၀ဘေးအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ရ လေ့ရှိပါတယ်။ သဘာ၀ဘေးအန္တရာယ်များမှာ ရှောင်လွှဲလို့မရနိုင်ပေမယ့် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးနဲ့ ပျက်စီးဆုံးရှုံးမှု သက်သာစေရေးအတွက် သက်ဆိုင်သူအားလုံး ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ပညာရှင်တွေအနေနဲ့ ပညာပေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်ရဲ့ ပထဝီအနေအထားကိုလည်း လေ့လာထားကြရမှာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာ ဒီလိုအားနည်းချက်တွေရှိခဲ့လို့ မမျှော်လင့်ဘဲ ရေဘေးကြုံခဲ့ရတယ်ဆိုတဲ့ အတွေ့အကြုံကို သင်ခန်းစာယူကြရမှာ ဖြစ်ပါတယ်။ ကုန်းမြင့်မှာနေသည်ဖြစ်စေ၊ မြေနိမ့်ပိုင်းမှာနေသည်ဖြစ်စေ သဘာ၀ဘေးအန္တရာယ် ကြုံတွေ့တတ်ပါတယ်။ ကျောက်စိုင်ကျောက်သားဆိုတာ မျိုးတွေကလည်း အလွန်ပြင်းထန်တဲ့ရေစီးဒဏ်နဲ့ အဆက်မပြတ် ရွာသွန်းတဲ့မိုးဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ ခက်ခဲလှပါတယ်။ မမေ့မလျော့မပေါ့မဆတဲ့အသိနဲ့ သတိတရား လက်ကိုင်ထားပြီး အဲလိုမျိုးကြုံခဲ့ရင်ဆိုတဲ့ ကြိုတင်တွေးခေါ်မြော်မြင်မှုနဲ့အတူ အမြဲတမ်းအသင့် အနေအထားမှာ ပြင်ဆင်ထားကြရမှာ ဖြစ်ပါတယ်။ အလားတူပြည်သူတွေ အနေနဲ့ကလည်း မိုးလေ၀သသတင်းတွေကို အမြဲတမ်း နားစွင့်နေကြရမှာဖြစ်ပြီး တောင်ပြို၊ မြေပြိုခြင်းနှင့် ရေကြီးရေလျှံခြင်းတို့နဲ့ ပတ်သက်တဲ့ အသိပညာပေး စာစောင်များကို နိုင်ငံတော်အစိုးရက ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်နေတဲ့အတွက် လေ့လာဖတ်ရှုထားသင့်ကြောင်း တိုက်တွန်းရင်း ပြည်သူများအားလုံး သဘာ၀ဘေးအန္တရာယ်မှ ကင်းဝေးကြစေရန် ဆန္ဒပြုဆုတောင်း ပေးလိုက်ပါတယ်။ ။
ဇော်(ဘူမိ)