အောက်တိုဘာလအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း တစ်ဆင့်မြင့်တက်ခဲ့ပြီး ကမ္ဘာ့အဆင့် ၅၅ နေရာတွင် ရပ်တည်
ရန်ကုန် အောက်တိုဘာ ၁၂
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အောက်တိုဘာလအတွက် လက်ရွေးစင် ဖူဆယ်အသင်းများ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်များကို ထုတ်ပြန်ခဲ့ရာ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအနေဖြင့် ကမ္ဘာ့အဆင့်တစ်ဆင့် မြင့်တက်လာခဲ့ပြီး ကမ္ဘာ့အဆင့် ၅၅ နေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်းသိရသည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အောက်တိုဘာလ အတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် ရမှတ် ၁၀၂၄ ဒသမ ၂၀ မှတ်ရရှိခဲ့ပြီးနောက် ရမှတ် အပြောင်းအလဲမရှိခဲ့သော်လည်း ကမ္ဘာ့အဆင့်တစ်ဆင့် မြင့်တက် လာခဲ့ပြီးနောက် ကမ္ဘာ့အဆင့် ၅၅ ဖြင့် အာဆီယံဇုန်တွင် အဆင့်(၄)နေရာတွင် ရပ်တည်နိုင်ခဲ့သည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ အောက်တိုဘာလအတွက် ကမ္ဘာ့အဆင့် ထုတ်ပြန်ချက်များအရ အာဆီယံဇုန်တွင် ထိုင်းအသင်းက နှစ်ဆင့်ကျဆင်းခဲ့ပြီး ကမ္ဘာ့အဆင့် ၁၁ ဖြင့် အာဆီယံအဆင့် ၁ နေရာတွင် ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး အင်ဒိုနီးရှားအသင်းက အဆင့်အပြောင်းအလဲ မရှိခဲ့ဘဲ ကမ္ဘာ့အဆင့် ၂၈ ဖြင့် အာဆီယံ အဆင့် ၂၊ ဗီယက်နမ်အသင်းက တစ်ဆင့်ကျဆင်းခဲ့ပြီး ကမ္ဘာ့အဆင့် ၃၄ ဖြင့် အာဆီယံ
အဆင့် ၃၊ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းက ကမ္ဘာ့အဆင့် ၅၅ ဖြင့် အာဆီယံအဆင့် ၄ ၊ လာအိုအသင်းက အပြောင်းအလဲ မရှိခဲ့ဘဲ ကမ္ဘာ့အဆင့် ၆၄ ဖြင့် အာဆီယံ အဆင့် ၅၊ မလေးရှားအသင်းက နှစ်ဆင့်ကျဆင်းခဲ့ပြီး ကမ္ဘာ့အဆင့် ၈၁ ဖြင့် အာဆီယံအဆင့် ၆ ၊ ဖိလစ်ပိုင်အသင်းကလည်း အပြောင်းအလဲမရှိခဲ့ဘဲ ကမ္ဘာ့အဆင့် ၉၅ ဖြင့် အာဆီယံ အဆင့် ၇၊ တီမောလက်စ်တေအသင်းက တစ်ဆင့်မြင့်တက်လာခဲ့ပြီး ကမ္ဘာ့အဆင့် ၁၁၀ ဖြင့် အာဆီယံအဆင့် ၈၊ ကျန်အသင်းများက အပြောင်းအလဲမရှိခဲ့ဘဲ ဘရူနိုင်းအသင်းက ကမ္ဘာ့အဆင့် ၁၁၆ ဖြင့် အာဆီယံအဆင့် ၉၊ ကမ္ဘောဒီးယားအသင်းက ကမ္ဘာ့အဆင့် ၁၂၄ ဖြင့် အာဆီယံအဆင့် ၁၀ နေရာတွင် အသီးသီး ရပ်တည်နိုင်ခဲ့ပြီး စင်ကာပူအသင်း အနေဖြင့် ကမ္ဘာ့အဆင့် သတ်မှတ်ချက်ပင် မဝင်ရောက်နိုင်သေးကြောင်း သိရသည်။
လက်ရှိတွင် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အာဆီယံ ဖူဆယ်ချန်ပီယံ ရှစ်ပြိုင်ပွဲအတွက် ရန်ကုန် မြို့တွင် စက်တင်ဘာလ ၂၇ ရက်မှစတင်ပြီး စခန်းသွင်း လေ့ကျင့်မှုများ လုပ်ဆောင်လျက်ရှိနေကြောင်း သိရသည်။