တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော် အောက်တိုဘာ ၁၂
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၁၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက် အထားတင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်း (၁)မျိုး၊ လူသုံးကုန်ပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၄၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Zhong Tong Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀)ကို လည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၃)လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်း (၁၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၃၈၄၉၂၀၀)ကို လည်းကောင်း၊ အေးရှားဝေါလ်ကုန် သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၈)လုံးအတွင်းမှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၉၀၇၁၀၄၆)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၉၇၆၀၂၄၆)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ငယ်စစ်ဆေးရေး စခန်း၌ လွန်းညမှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်း (၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၃၁၄၄၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Tractor Head (၁)စီးနှင့် နောက်တွဲ ယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆၀၀၀၀၀၀)ကို လည်းကောင်း၊ ၁၆ (မိုင်) ကျောက်ချောစစ်ဆေးရေး စခန်း၌ တန့်ယန်းမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၃၇၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Truck(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)ကို လည်းကောင်း၊ ပလိပ်မြို့၊ မြို့အဝင်စစ်ဆေးရေးဂိတ် အနီး၌ ရပ်တန့်ထားသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း (၃၀)မျိုး၊ လုပ်ငန်းသုံးပစ္စည်း (၁၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၆၆၇၄၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) ကိုလည်းကောင်း၊ စဉ့်ကိုင်တိုးဂိတ် အကျော်၌ နမ့်လန်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၉၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Truck(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) ကိုလည်း ကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၁၂၅၆၈၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၁၀ ရက်တွင် ညောင်ခါးရှည် X-Ray စက်စစ်ဆေးရေးဂိတ်၌ မော်လမြိုင်မြို့မှ ဒိုက်ဦးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန် ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၄၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Hiace (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံး လုပ်နည်းများအရ လည်းကောင်း၊ အောက်တိုဘာလ ၁၁ ရက်တွင် တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် (၁ ဒသမ ၁၇၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၉၁၈၂)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၈၄၉၁၈၂)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
အောက်တိုဘာလ ၁၀ ရက်နှင့် ၁၁ ရက် တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၃၈၆၆၂၂၈)ဖမ်းဆီးရမိခဲ့သည်။ ယနေ့ဖမ်းဆီးရမိမှု များတွင် တိရစ္ဆာန်အစားအစာ ကုန်ကြမ်းများ တရားမဝင် တင်သွင်းလာသည်ကို တွေ့ရှိရပြီး ၎င်းအရည်အသွေး မပြည့်ဝနိုင်သည့် တိရစ္ဆာန် အစားအစာများကြောင့် နိုင်ငံအတွင်းရှိ မွေးမြူရေးဆောင်ရွက်နေသည့် လုပ်ငန်းရှင်များအတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်သကဲ့သို့ စားသုံးသူ ပြည်သူများအတွက်လည်း ဘေးအန္တရာယ်ကြုံတွေ့မှုများ ဖြစ်ပေါ်နိုင်သည်။ သို့ဖြစ်ပါ၍ ၎င်းတရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပိုမိုတားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။