ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း လီဗာပူးအသင်း ကစားသမားဟောင်း မာတစ်ကြေညာ
လန်ဒန် အောက်တိုဘာ ၁၂
လီဗာပူးအသင်းကစားသမားဟောင်း မာတစ်က ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။
အသက် ၃၃ နှစ်အရွယ် မာတစ်သည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ၂၀၀၈ ခုနှစ်က ရှော်လ်ကေးအသင်းနှင့် စတင်ပြီးနောက် ရှော်လ်ကေးအသင်းတွင် ၂၀၁၆ ခုနှစ်အထိ ကစားခဲ့ကာ ၂၀၁၆ ခုနှစ် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက လီဗာပူးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်သည်။
မာတစ်သည် လီဗာပူးအသင်းတွင် ကစားသမား ဘဝအစပိုင်းက အဓိက ကစားသမားအဖြစ်ပါဝင်ခဲ့သော်လည်း နောက်ပိုင်းဘောလုံးရာသီများတွင် မကြာခဏ ဒဏ်ရာပြဿနာများရှိခဲ့သည်။ ပြီးခဲ့သည့် ဘောလုံးရာသီကလည်း ဒူးဒဏ်ရာကြောင့် ပွဲစဉ်အနည်းငယ်သာ ပါဝင်ကစားနိုင်ခဲ့ပြီး လီဗာပူးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးကာ လမ်းခွဲပြီးနောက် ကလပ်အသင်းလက်မဲ့ဖြစ်နေရာမှ ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
မာတစ်သည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝတွင် လီဗာပူးအသင်းနှင့် ၂၀၁ ပွဲအထိပါဝင် ကစားခဲ့ပြီး ၁၁ ဂိုးသွင်းယူနိုင်ကာ ပရီးမီးယားလိဂ်ဖလား တစ်ကြိမ်၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်၊ အက်ဖ်အေ ဖလားတစ်ကြိမ်၊ ကာရာဘောင်းဖလား နှစ်ကြိမ်၊ ဥရောပစူပါဖလား တစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။ မာတစ်သည် ကင်မရွန်းအသင်းနှင့်လည်း နိုင်ငံတကာ ပွဲပေါင်း ၂၁ ပွဲ ပါဝင် ကစားခဲ့ကြောင်း သိရသည်။