အီရန်က နျူကလီးယားလက်နက်ကို စမ်းသပ်လိုက်ရုံတင်ပဲလား
ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ပြင်းအား ၄ ဒသမ ၆ ရစ်ချတာစကေးရှိတဲ့ မြေငလျင်လှုပ်ခတ်မှု တစ်ခုကို အီရန်နိုင်ငံ ဆမ်နန်းဒေသမှာ တိုင်းတာရရှိလိုက်ပါတယ်။ ဒီငလျင်မှာ ဘယ်သူမှထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့သော်လည်း ငလျင်ဗဟိုချက်ကနေ ကီလိုမီတာ ၁၀၀ ကျော် ကွာဝေးတဲ့ တီဟီရန်မြို့အထိကို တုန်ခါမှုခံစားခဲ့ရတာပါ။
ဒီအခြေအနေမျိုးဟာ သိပ်တော့ထူးခြားတဲ့ အခြေအနေတစ်ခု မဟုတ်ပါဘူး။ ဒါပေမဲ့ ကမ္ဘာ့နိုင်ငံများရဲ့ စိတ်အာရုံကိုတော့ ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒီလိုဖမ်းစားရတဲ့အဓိက အကြောင်း ရင်းကလည်း ဒါကတကယ့်ကို ငလျင်လှုပ်သွားတာလား ဆိုတဲ့မေးခွန်းကို ဘယ်သူမှ တိတိကျကျ မသိကြတာကြောင့်ပါ။ မြေကြီးတုန်ခါမှုကို ခံစားသိရှိ ကြရပြီးနောက် ဒါက မြေအောက်မှာလုပ်တဲ့ နျူကလီးယား စမ်းသပ်မှုတစ်ခုဖြစ်နိုင်တယ်လို့ သတင်းဌာန အများအပြားနဲ့ လူမှုမီဒီယာတွေက ဖော်ပြလာခဲ့ကြပါတယ်။
ဒါပေမဲ့ Tehran Times သတင်းစာမှာတော့ မြေငလျင်ပညာရှင်များနဲ့ အစိုးရတာဝန်ရှိသူများက ဒီတုန်ခါမှုဟာ နျူကလီးယား စမ်းသပ်မှုကြောင့် မဟုတ်ဘူးလို့ပြောကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် အမေရိကန်စီအိုင်အေ ညွှန်ကြားရေးမှူးဝီလီယံဘန်းကလည်း အီရန်အနေနဲ့ နျူကလီးယားလက်နက် ဖန်တီးဖို့ဆုံးဖြတ်လိုက်ပြီဆိုတဲ့ သက်သေမရှိဘူးလို့ ပြောကြောင်း သတင်းဌာနက ဆက်လက်ဖော်ပြထားပါတယ်။
ဒီအခြေအနေတွေအပေါ် ထောက်ရှုပြီးနှစ်ပေါင်းများစွာ ရရှိလာတဲ့ အတွေ့အကြုံတွေကို အခြေခံပြောရမယ်ဆိုရင် အီရန်တွေက စီအိုင်အေရဲ့ပြောဆိုချက်ကို မှန်ကန်တဲ့ အရင်းအမြစ်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိဖူးပါဘူး။ ဒါကြောင့် အီရန်အစိုးရရဲ့တရားဝင်သတင်းဌာနကြီး တစ်ခုက စီအိုင်အေရဲ့ ပြောဆိုချက်ကို ထည့်သွင်းဖော်ပြတာဟာ ဟာသတစ်ပုဒ်လိုဖြစ်နေတယ်လို့ ခံစားနေရပါတယ်။
အီရန်ခေါင်းဆောင်တွေ အနေနဲ့ ဒီလိုမျိုး ဖော်ထုတ် နိုင်တဲ့ သဲလွန်စတွေများစွာ ကျန်ရစ်စေမယ့် နျူကလီးယား စမ်းသပ်မှုတစ်ခုလုပ်နိုင်ခြေရှိတယ် ဆိုတဲ့အခြေအနေရယ်၊ တစ်ချိန်တည်းမှာပဲ ဒီလိုစမ်းသပ်မှုမျိုးကို သူတို့မလုပ်ပါဘူးလို့ တရားဝင်ငြင်းဆိုထားတဲ့ အခြေအနေတွေရယ်ကို ကြည့်လိုက်ရင် ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းက များများစားစား မရှိနိုင်ပါဘူး။ အနှစ်ချုပ်ကိုကြည့်ရင်တော့ တစ်ဖက်မှာနိုင်ငံရေးအရငြင်း ဆိုလိုက်ပေမယ့် အခြားတစ်ဖက်မှာတော့ ရန်သူကို သတိပေးလိုက်တဲ့ အခြေအနေမျိုးသာဖြစ်လာစေပါလိမ့်မယ်။ ဒါဆိုရင် တစ်ဖက်အဖွဲ့အစည်းတွေကြားမှာ သို့လောသို့လောတွေးထင်မှုတွေ ပေါ်ပေါက်လာစေမှာအမှန်ပါပဲ။
ယထာဘူတကျကျပြောရမယ် ဆိုရင်တော့လည်း နျူကလီးယား စမ်းသပ်မှုဆိုတာ မရှိခဲ့ဘူးလို့ ယုံကြည်ရပါလိမ့်မယ်။ ဖြစ်ပွားခဲ့တဲ့မြေငလျင် တုန်ခါမှုနဲ့ပတ်သက်ပြီး ပညာရှင်မဟုတ်တဲ့ သူတွေရဲ့အမြင်မှာလည်း ဒါကနျူကလီးယား စမ်းသပ်မှုဟုတ်၊ မဟုတ်ဆိုတာ မသေချာပါဘူး။ သာမန်လူတွေရဲ့ ပြောဆိုဆွေးနွေးမှု တွေထဲမှာ မြေငလျင်လှိုင်း အမျိုးအစားနဲ့ မြေငလျင်ဖြစ်ပွားရာ ဗဟိုချက်တည်နေရာတို့အပေါ် အဓိကထား ပြီး ဆွေးနွေးကြတာပါ။
အခုအချိန်အထိ မိမိတို့ သိရှိနိုင်တဲ့ တစ်ခုတည်းသော အခြေအနေကတော့ ဒီအခြေအနေဟာ သမားရိုးကျငလျင်လှုပ်မှုလား၊ နျူကလီးယားစမ်းသပ်မှု တစ်ခုလားဆိုတာကို အတည်မပြုနိုင်သေးတဲ့ အခြေအနေမှာပဲ ရပ်တန့်နေဆဲဖြစ်ပါတယ်။
ဒီတော့ ဒါကငလျင်လား၊ နျူကလီးယားစမ်းသပ်မှုတစ်ခုလားဆိုတဲ့ အကြောင်းအရာအပေါ် ဆွေးနွေးမှုကိုထားခဲ့ပြီး ဒီဖြစ်စဉ်က ဘာကြောင့် အရေးပါနေတာလဲ၊ အကယ်၍များ ဒီလုပ်ဆောင်ချက်ကသာ နျူကလီးယား စမ်းသပ်မှုတစ်ခုဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုအဓိပ္ပာယ် သက်ရောက်လာ မလဲ ဆိုတဲ့မေးခွန်းတွေဆီ ဦးတည် သွားလိုက်ပါမယ်။
အီရန်ဟာ အစ္စရေးနဲ့စစ်ဖြစ်နေတဲ့ နိုင်ငံလို့ ပြောနိုင်ပါတယ်။ ဒီစစ်ပွဲကလည်း ဒုံးကျည်များနဲ့ အပြန်အလှန်တိုက်ခိုက်မှုတွေဆီကနေ ပိုမိုကြီးမားတဲ့ ဒေသတွင်းစစ်ပွဲမှသည် ကမ္ဘာ့နိုင်ငံ အများအပြားပါဝင်လာတဲ့ စစ်ပွဲအထိကို ပိုမိုပြင်းထန်လာနိုင်ပါတယ်။
ဒီလိုအခြေအနေအထိ ရောက်လာရတဲ့အကြောင်းရင်းက နှစ်ခုရှိပါတယ်။ ပထမတစ်ခုက အစ္စရေးဟာပြီးခဲ့တဲ့နှစ်ကစလို့ ပါလက်စတိုင်းတို့အပေါ် လူမျိုးတုံး သတ်ဖြတ်မှုဖြစ်ပွားစေလောက်တဲ့အထိ ချေမှုန်းရေးလုပ်ငန်း လုပ်နေပါတယ်။ ဒုတိယတစ်ခုက အနောက်အုပ်စုဟာ အစ္စရေးဘက်ကနေ ရပ်တည်နေတာပါ။ အကယ်၍ အနောက်အုပ်စုအနေနဲ့ အပြည်ပြည်ဆိုင်ရာ တရားဥပဒေနဲ့ အခြေခံကျင့်ဝတ်တွေကို လေးစားလိုက်နာပြီး အစ္စရေးရဲ့လုပ်ရပ်တွေ ရပ်တန့်စေဖို့လိုအပ်တဲ့ လုပ်ဆောင်ချက်တွေကိုသာ လုပ်ခဲ့မယ်ဆိုရင် အရှေ့အလယ်ပိုင်းအရေးဟာ ဒီကနေ့လိုအခြေအနေအထိ ရောက်လာမှာမဟုတ်ပါဘူး။
ဒီလိုမျိုးအကြောင်းရင်း နှစ်ခုကြောင့်ပဲ အီရန်နိုင်ငံရဲ့ ခုခံရေးဝင်ရိုးတန်းနိုင်ငံများက အစ္စရေးတို့အပေါ် တုံ့ပြန်နိုင်မယ့် အဓိကကျတဲ့ အင်အားစုကြီးတစ်ရပ် ဖြစ်လာရပါတယ်။ အဲဒီအဖွဲ့ကို အနောက်အုပ်စုများက အကြမ်းဖက်အဖွဲ့များ အဖြစ် သတ်မှတ်ထားပေမယ့် လည်း တကယ်တမ်းမှာကျတော့ ကုလသမဂ္ဂရဲ့လူ မျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းကို လိုက်နာတဲ့ တစ်ခုတည်းသောအဖွဲ့ဖြစ်နေပြီး အနောက်အုပ်စု နဲ့အစ္စရေးကသာ တကယ့်အကြမ်းဖက် အဖွဲ့တွေဖြစ် နေပါတယ်။
အီရန်ရဲ့ဦးဆောင်မှုအောက်မှာရှိတဲ့ ခုခံရေးဝင်ရိုးတန်းနိုင်ငံများ အဖွဲ့သာမရှိပါက ပါလက်စတိုင်းတို့အနေနဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကို သီးသန့်ကြီးရင် ဆိုင်တုံ့ပြန်နေရမှာပါ။ ဒါကြောင့် အစ္စရေးဘက်ကနေကြည့်ရင် အီရန်ကိုချေမှုန်းနိုင်ခြင်းက ခုခံရေးဝင်ရိုး တန်းနိုင်ငံများအဖွဲ့ကို အင်အားချည့်နဲ့စေတာနဲ့ အတူတူဖြစ်မယ်လို့ ယူဆထားတာ ဖြစ်ပါတယ်။ အလားတူပဲ အီရန်ရဲ့ဦးဆောင်မှု မရှိတော့ဘူးဆိုရင် ဟစ်ဇဘိုလာအဖွဲ့နဲ့ ဟူသီအဖွဲ့တို့ကလည်း အားနည်းသွားပါလိမ့်မယ်။ ဒီအခြေအနေမှာ အီရန်ရဲ့စစ်ရေးစွမ်းရည်များက အခရာကျနေပါတယ်။
အီရန်ရဲ့လေကြောင်းအင်အားက အစ္စရေးနဲ့ယှဉ်ရင် သာလွန်ခြင်းမရှိပေမယ့် သူ့ဒုံးတပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်ကတော့ ဖြုံလောက်တဲ့ အနေအထားမှာရှိပါတယ်။ မကြာသေးမီက အီရန်အနေနဲ့ အစ္စရေးကို ဒုံးကျည်အစင်း ၁၈၀ ကျော်နဲ့ တိုက်ခိုက်မှုဟာ အစ္စရေးအနေနဲ့ အမေရိကန်တို့ရဲ့ ထောက်ပံ့မှုကိုရရှိထားသော်ငြား အီရန်နိုင်ငံအနေနဲ့ အစ္စရေးရဲ့ ဒုံးကျည်ကာကွယ်ရေး စနစ်ကို မှုစရာမလိုဘူးဆိုတာ ပြသနေပါတယ်။ အကယ်၍ အီရန်ကသာ အစ္စရေးရဲ့ စီးပွားရေးနဲ့နိုင်ငံရေး အခြေခံအဆောက်အဦတွေကို တိုက်ခိုက်လိုက်မယ်ဆိုရင် အစ္စရေးနိုင်ငံကရင်ဆိုင်ရမယ့် ဆုံးရှုံးမှုပမာဏဟာ သမိုင်းဝင်သွားပါလိမ့်မယ်။
ဒီအတွက်ကြောင့် အစ္စရေးဟာ အီရန်အပေါ် သတိကြီးစွာထားပြီး စောင့်ကြည့်နေရတဲ့ အခြေအနေဖြစ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ အစ္စရေးကအီရန်ရဲ့ နျူကလီးယား အခြေခံအဆောက်အဦတွေကို လက်တုံ့ပြန်တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ အီရန်က နျူကလီးယားကို အရပ်ဘက်အတွက်သာ အသုံးပြုနေတယ်လို့ ဆိုထားပါတယ်။
သူ့အနေနဲ့နျူကလီးယားကို လက်နက်အဖြစ် အသုံးပြုနိုင်ရေးအတွက် လုပ်ဆောင်လာနိုင်ခြင်း မရှိဘူးလို့ မဆိုနိုင်ပါဘူး။ ဒီလိုသာ မလုပ်ဆောင်ဘူးလို့ပြောရင် လိမ်ရာကျပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ နျူကလီးယားနည်းပညာကို ပိုင်ဆိုင်နေပါလျက်နဲ့ မိမိကိုယ် မိမိကာကွယ်ဖို့အတွက် နျူကလီးယား လက်နက်ကို မထုတ်လုပ်ဘူးဆိုတာက ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အီရန်ခေါင်းဆောင်တွေဟာ အဲဒီလောက်အထိတော့ အတွေးအခေါ် မနည်းပါဘူး။
ဒါကြောင့် မကြာသေးမီကဖြစ်ပွားခဲ့တဲ့ မြေကြီးတုန်လှုပ်မှုဟာ အီရန်တို့ရဲ့ နျူကလီးယား လက်နက် စမ်းသပ်မှုကြောင့်သာ ဖြစ်လာနိုင်သလို အကယ်၍ အီရန်က နျူကလီးယားလက်နက် ပိုင်ဆိုင်ထားပြီးပြီဆိုရင်လည်း ဒါကတစ်ဖက် ရန်သူကို သတိပေးလိုက်တဲ့ အနေအထားဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ အီရန်က နျူကလီးယားလက်နက် ပိုင်ဆိုင်လာတယ်ဆိုရင် ဒီလိုဖြစ်လာအောင် လုပ်တာက အနောက်အုပ်စုနဲ့အစ္စရေး ပါပဲ။ ဒီအတွက် အကြောင်းပြချက် နှစ်ခုရှိပါတယ်။
ပထမတစ်ခုက အနောက်အုပ်စုက လက်စွဲထားတဲ့ စည်းမျဉ်းအခြေခံနိုင်ငံတကာ အစီအစဉ်ဖြစ်ပါတယ်။ ဒီအစီအစဉ်အရ အနောက်အုပ်စုဟာ အပြည်ပြည်ဆိုင် ရာဥပဒေများကို ချောင်ထိုးထားပြီး ကုလသမဂ္ဂကို ဆိုရင်လည်း ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မမှတ်ပါဘူး။ ဒီအစီအစဉ်ကြောင့်ပဲ အနောက်အုပ်စုနဲ့ အစ္စရေးဟာ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုကျူးလွန်ဖို့ တရားဝင်လိုင်စင် ရသွားသလိုပါပဲ။ ဒီအခြေအနေကို တော့ ဂါဇာအပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုကနေ တစ်ဆင့်မြင်တွေ့နိုင်ပါတယ်။
ဒုတိယအကြောင်းရင်းတစ်ခုက နိုင်ငံတကာတရား ရုံးလိုမျိုး အဖွဲ့အစည်းကြီးတွေက အနောက်အုပ်စုနဲ့ အစ္စရေးတို့အပေါ်ကလွဲလို့ တခြားနိုင်ငံတွေအပေါ် အာဏာ သက်ရောက်နေတာမျိုးဖြစ်ပါတယ်။ အစ္စရေးရဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး အဲဒီလိုတရားရုံးမှာ တရားစွဲခံသင့်ပေမယ့် လက်တွေ့ မှာတော့ ဘာမှဆက်မဖြစ်လာပါဘူး။ ဒီလိုမျိုး ဥပဒေမဲ့လိုဖြစ်နေတဲ့ အခြေအနေတွေ ကြောင့်ပဲ အီရန်ဟာသူ့ ကိုယ်သူကာကွယ် နိုင်စေဖို့ အတွက် နျူကလီးယား လက်နက်များကို ပိုင်ဆိုင်အောင်ကြိုးပမ်းတာဟာ သဘာဝအားဖြင့်ဖြစ်သင့်တဲ့ အခြေအနေဖြစ်နေပါတယ်။
ဒါ့အပြင် ဒီလိုမျိုးအကြောင်းပြချက်တွေ၊ အခြေအနေတွေကြောင့်ပဲ အီရန်သာမက တခြားနိုင်ငံများမှ ခေါင်းဆောင်များကလည်း နျူကလီးယားလက်နက် နောက်ကို အသည်းအသန် လိုက်လာနိုင်တဲ့အနေအထားရှိပါတယ်။ အီရန်သည်လည်း နောက်ထပ်နျူကလီးယား လက်နက်တွေကို ထုတ်လုပ်လာပါလိမ့်မယ်။ ဒါဆိုရင်တော့ နောင်တစ်ချိန်မှာ အနောက်အုပ်စုနဲ့ အစ္စရေးတို့အနေနဲ့ ခက်ထန်ကြမ်းတမ်းလှတဲ့ အခြေ အနေတစ်ခုကို မဖြစ်မနေ လက်ခံရတော့မှာပါ။
ဒါကြောင့် ဆမ်နန်းဒေသက မြေငလျင်ဖြစ်စဉ်ဟာ သမားရိုးကျ ငလျင်လှုပ်တာဆိုရင် အကြောင်းမဟုတ်သော်လည်း အီရန်က နျူကလီးယား စမ်းသပ်မှုလုပ်တာ ဒါမှမဟုတ် ရှိပြီးသား နျူကလီးယားလက်နက်ကို ဖောက်ခွဲမှု လုပ်တာသာဆိုရင် ဒီဖြစ်စဉ်ကနေ ပြောပြနေတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ အနောက်အုပ်စုနဲ့ အစ္စရေးအနေနဲ့ အီရန်အပေါ်သတိကြီးစွာထား ကိုင်တွယ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကိုဖြစ်ပေါ်စေ ပါတယ်။
နောက်တစ်ခုက အီရန်ဟာ နျူကလီးယား လက်နက်ကို စမ်းသပ်လိုက်ရုံတင်သာမကဘဲ သူ့အပေါ် လက်တုံ့ပြန် တိုက်ခိုက်မှုတွေ လုပ်လာနိုင်တဲ့ အစ္စရေး ကိုကြီးစွာသော သတိပေးလိုက်တဲ့ အနေအထားဖြစ်နေပါတယ်။ တကယ် လို့များ အစ္စရေးကအီရန်ကို လက်တုံ့ပြန်လိုက်ရင်တော့ ဒေသတွင်းစစ်ပွဲကြီးက မလွဲမသွေဖြစ်လာတော့မှာ အမှန်ပဲဖြစ်ပါတယ်။