စိုက်ပျိုးစီးပွားမြင့်မားရန် သီးနှံများ၏ တစ်ဧက အပင်အရေအတွက်ပြည့်မီရေး ဝိုင်းဝန်းကြိုးပမ်း စိုက်ပျိုးပေး
မြန်မာနိုင်ငံ၏ အခြေခံစီးပွားရေးစနစ်မှာ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အခြေခံထားခြင်းဖြစ်သည်။ နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် အရေးပါသော စိုက်ပျိုးရေး ထွက်ကုန်များ ထုတ်လုပ်ရန် စိုက်ပျိုးသည့် သီးနှံများသည် ရည်မှန်းထားသည့် ပန်းတိုင်အထွက်နှုန်း ရရှိရေးမှာ အဓိကကျသော အကြောင်းရင်းဖြစ်သည်။
ပန်းတိုင်အထွက်နှုန်းများမှာ မိုးစပါးတစ်ဧကတင်း ၁၀၀၊ နွေစပါးတစ်ဧကတင်း ၁၁၀၊ အစေ့ထုတ်ပြောင်း တစ်ဧက ၈၅ တင်း၊ မြေပဲတစ်ဧကတင်း ၇၀၊ နှမ်းတစ်ဧက တင်း ၂၀၊ နေကြာ တစ်ဧကတင်း ၅၀၊ မတ်ပဲတစ်ဧက ၂၅ တင်း၊ ပဲတီစိမ်းတစ်ဧက တင်း ၂၀၊ ပဲစင်းငုံ တစ်ဧက ၂၅ တင်း၊ ချည်မျှင်ရှည်ဝါ တစ်ဧက ပိဿာ ၇၀၀၊ ချက်ကြံ တစ်ဧကတန် ၃၀ ဟု သတ်မှတ်ထားသည်။
စိုက်ပျိုးရေးသီးနှံများ၏ ထုတ်လုပ်မှု တိုးတက်ရေးသော့ချက်သည် သီးနှံများ၏ တစ်ဧကတွင် ဝင်ဆံ့သော အပင်အရေအတွက် ပြည့်မီရေးပင်ဖြစ်သည်။ လိုအပ်သည့် အပင်အရေအတွက်မပြည့်မီခြင်း၊ ဝင်ဆံ့ရမည့် အပင်အရေအတွက်ထက် များပြားခြင်းသည် သီးနှံများ၏ အထွက် နှုန်းနှင့် အရည်အသွေး ကောင်းမွန်ရေးတို့အပေါ် အနှောင့်အယှက်ပေးလေ့ ရှိပါသည်။ မြန်မာနိုင်ငံ၏ သီးနှံစိုက်ခင်းအများစုတွင် သတ်မှတ်အပင် အရေအတွက် မပြည့်မီခြင်းများကို တွေ့ရှိနေရပါသည်။ အကျိုးဆက်အားဖြင့် ရိတ်သိမ်းချိန်၌ သတ်မှတ်ထားသော အပင်အရေအတွက် မပြည့်မီ၍ အထွက်နှုန်းလျော့ကျရခြင်းဖြစ်ရသည်။ တစ်ဧကရှိရမည့် အပင်အရေအတွက်မရှိဘဲ ကွက်တိကွက်ကျား၊ အပင်သေများ၊ အပင်ပျောက်များ၊ အပင်ကျဲခြင်းများ ဖြစ်နေသောကြောင့် အထွက်နှုန်းများ ရသင့်သလောက်မရနိုင်ဘဲ ဆုံးရှုံးမှုများ ရှိနေခြင်းဖြစ်သည်။ စိုက်ပျိုးချိန်ကရှိသော အပင်အရေအတွက်အတိုင်း ရိတ်သိမ်းချိန်၌ အပင်အရေအတွက် ပြည့်မီရေးအတွက် သီးနှံအလိုက်လိုအပ်သော ထယ်ရေးပြုပြင်ခြင်း၊ သတ်မှတ်ကာလ အတွင်း သားခွဲခြင်း၊ အပင်မှုန်းခြင်း၊ လိုအပ်သော သွင်းအားစုများ ထည့်သွင်းအသုံးပြုခြင်း၊ ဖြည့်စွက်ရေ ထည့်သွင်းပေးခြင်း၊ အချိန်မီရိတ်သိမ်းခြင်းတို့ဖြင့် အလေအလွင့်နည်းပါးအောင် လုပ်ဆောင်ရမည်ဖြစ်သည်။
စပါးသီးနှံကို စိုက်ပျိုးရာ၌ တစ်ဧကအပင်အရေအတွက် ကောက်ကွက်၁၃၀၀၀၀-၁၅၀၀၀၀ ဝင်ဆံ့အောင် စိုက်ရမည်။ ပင်ခြား ၉ လက်မ၊ အတန်းခြား၄ လက်မနှင့် ပင်ခြား ၈ လက်မ၊ အတန်း ခြား ၆ လက်မစိုက်ပျိုးရမည်။
အရည်အသွေးကောင်း၊ အထွက်နှုန်း ကောင်းသော မနောသုခ၊ ဆင်းသုခ၊ ဆင်းနွယ်ရင်၊ ဆင်းဧကရီ(၃)၊ ရွှေသွယ်ရင်၊ ရေဆင်းလုံးသွယ်၊ သုခရင်တို့ကို ပုံမှန်အားဖြင့် စိုက်ပျိုးကြပြီး ပေါ်ဆန်း၊ ပေါ်ဆန်းမွှေး၊ မဂျမ်းတော၊ ရွှေရင်အေး စသည့်မျိုးများကို ဒေသအလိုက် အားသာသောနေရာများ၌ ရွေးချယ်စိုက်ပျိုးကြရမည်။ ယူရီးယားနှစ်အိတ်၊ ပိုတက်ရှ်တစ်အိတ်၊ ကွန်ပေါင်းတစ်အိတ်နှင့် နွားချေးတင်း ၄၀ ထည့်သွင်းရမည်။ အနှံပါသီးလုံးအားလုံး အောင်မြင်စေရေးအတွက် ယူရီးယားနှင့် ပိုတက်ရှ်ဓာတ်မြေဩဇာ ဆတူရောစပ်၍ တစ်ဧကလျှင် အရော ၁၂ ဒသမ ၅ ကီလိုခန့်ကို အလံရွက်ထွက်ချိန်တွင် ထည့်သွင်းရမည်။ မြေကိုပြုပြင်ရာ၌ တမန်းညက်ညက် ထွန်ယက်၍ တမန်းပူ မဖြစ်စေရေး အချိန်ယူ အပုပ်ခံထားရမည်။
စပါးပင်ဖြစ်ထွန်းအောင်မြင်ရေး အတွက် အပင်ပွားစည်းချိန်တွင် ပင်ပွားများများ ထွက်စေရေး ရေသွင်းရေခန်းစနစ် ကျင့်သုံးရန်၊ မကျင့်သုံးနိုင်ပါက ရေခပ်စပ်စပ်သာထား၍ စိုက်ရမည်။ ရွှေ့ပြောင်းစိုက်ပျိုးရာတွင် ပျိုးသန်ရရှိရေး အတွက် ပျိုးကို ပါးပါးထောင်ပါ။ ပျိုးသက်နု (၂၁ ရက်မှ ၂၈ ရက်အတွင်း) ရအောင် စိုက်ပျိုးရမည်။ ချက်ချင်းနုတ်၊ ချက်ချင်းစိုက်ပျိုးရမည်။ ရိတ်သိမ်းချိန် အလေအလွင့် မရှိစေရေး မောင်းညိုချိန်တွင် ရိတ်သိမ်းရမည်ဖြစ်သည်။
အစေ့ထုတ်ပြောင်းအတွက် တစ်ဧက အပင်အရေအတွက် ၂၃၀၀၀ ဝင်ဆံ့အောင် စိုက်ပျိုးရမည်။ ပင်ခြား ၃၀ လက်မ အတန်းခြား ၉ လက်မဖြင့် စိုက်ပျိုးရမည် ဖြစ်သည်။
ရေဆင်းစပ်မျိုး(၁၀)၊ CP-808၊ CP-809၊ CP-222၊ NK-621၊ NK-625၊ GD-8၊ TF-222၊ GT-722R မျိုးများကို ရွေးချယ်စိုက်ပျိုးသင့်သည်။ ယူရီးယားတစ်အိတ်ခွဲ၊ တီစူပါတစ်အိတ်၊ ပိုတက်ရှ် တစ်အိတ်၏ လေးပုံတစ်ပုံ ထည့်သွင်းရပါမည်။ စိုက်ပြီး (၃၅ - ၄၀) ရက်သားတွင် ယူရီးယား ၂၅ ကီလို၊ ပိုတက်ရှ် ၁၂ ဒသမ ၅ ကီလိုနှုန်း ထည့်သွင်း၍ ပေါင်တင်ပေးရန်လိုသည်။ အစိုဓာတ်လိုအပ်ချိန်တွင် ရေသွင်းရမည်။ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်နှင့် နို့ရည်တည်ချိန်တွင် အစိုဓာတ်မပြတ်စေရန် ဂရုပြုရမည်။
နှမ်းသီးနှံကို တစ်ဧကအပင်အရေအတွက် ၁၀၀၀၀၀ မှ ၁၃၀၀၀၀ အတွင်း ဝင်ဆံ့အောင်စိုက်ရမည်။ ပင်ခြား ၁၅ လက်မ၊ အတန်းခြား ၄ လက်မနှင့် ပင်ခြား၁၂ လက်မ၊ အတန်းခြား ၄ လက်မ စိုက်ပျိုးရမည်။ တစ်ဧက ရိတ်သိမ်းအပင်အရေအတွက်ကို ကိုင်းဖြာသောမျိုးများ အတွက် ၁၀၀၀၀၀ နှင့် တစ်ပင်တိုင်မျိုးများအတွက် ၁၂၈၀၀၀ ပင် ရရှိအောင် စိုက်ရမည်။
ဆင်းရတနာ(၃)၊ ဆင်းရတနာ(၄)၊ သိပ္ပံနှမ်းနက်၊ စမုန်နက်၊ ဆင်းရတနာ(၁၄)တို့ကို ရွေးချယ်စိုက်ပျိုးသင့်သည်။ စိုက်ပျိုးချိန်တွင် သင့်တော်သော အစိုဓာတ်ရှိရန် လိုအပ်သည်။ “ငုံးပျံဖုန်ထ နှမ်းကြဲရ” ဆိုသည့်အတိုင်း မြေကို ထယ်ထိုးထွန်မွှေ၍ မှုန့်အောင်ပြုလုပ်ပြီး စိုက်ပျိုးရမည်။ ယူရီးယားအိတ်ဝက်၊ တီစူပါအိတ်ဝက်၊ ပိုတက်ရှ် လေးပုံတစ်ပုံနှင့် နွားချေး ၁၂၅ တင်းခန့် ထည့်သွင်းသုံးစွဲရမည်။
နှမ်းပင်ပန်းပွင့်ပြီး သီးတောင့်စတင်ချိန်တွင် ရေပေးသွင်းရန် လိုအပ်သည့် ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးပါက ပေါင်ကြားမြောင်းအတွင်း ပေါင်မမြုပ်စေဘဲ ရေပေးရန်လိုသည်။ သားခွဲသည့် လုပ်ငန်းများအား နှစ်ပတ်အတွင်း ဆောင်ရွက်ရန်လိုအပ်သည်။၊ လေဝင်လေထွက် ကောင်းစေရန် ကြဲပက်မည့် အစားကြောင်း စနစ်ဖြင့်စိုက်ပျိုးရန်နှင့် ကြဲခင်းအဖြစ် စိုက်သော ဧရိယာများတွင် စိမ့်မြောင်း ပတ်မြောင်းများ မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်သည်။
မြေပဲသီးနှံကို တစ်ဧကအပင်အရေအတွက် ၁၀၀၀၀၀ ဝင်ဆံ့အောင် စိုက်ပျိုးရမည်။ ပင်ခြား ၁၅ လက်မ၊ အတန်းခြား၄ လက်မခြား၍ စိုက်ရမည်။ ဆင်းပဒေသာ (၆)၊ ဆင်းပဒေသာ (၇ )၊ ဆင်းပဒေသာ (၁၁)၊ မကွေး(၁၁)၊ မကွေး(၁၆)မျိုးများ စိုက်ပျိုးသင့်သည်။ ယူရီးယားလေးပုံပုံတစ်ပုံ၊ တီစူပါတစ်အိတ်၊ ပိုတက်ရှ်လေးပုံတစ်ပုံ၊ နွားချေး ၁၂၅ တင်း၊ ကျောက်မှုန့်ငါးအိတ် ထည့်သွင်း အသုံးပြုရမည်။ စိုက်ပျိုးသော မြေများတွင် မြေပဲစွယ်များ လွယ်ကူစွာ ထိုးဆင်းနိုင်ရန်နှင့်အစိုဓာတ်ကို ထိန်းသိမ်းနိုင်စေရန်သဘာဝမြေဩဇာများ မဖြစ်မနေထည့်သွင်းရပါမည်။ ယူရီးယား မြေဩဇာလျှော့ချ သုံးစွဲနိုင်ရေးအတွက် မျိုးစေ့များကို ရိုင်ဇိုဘီယမ် (ပဲမြစ်ဖု ဇီဝမြေဩဇာ) လူးနယ်စိုက်ပျိုးရမည်။ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်၊ စိုက်ပြီး ရက်(၄၀)မတိုင်မီ မြေပဲစွယ်များ အချိန်မီဆင်းနိုင်ရန် ဂျစ်ပဆန်မြေဩဇာ ၂၅ ကီလို တစ်အိတ် ထည့်သွင်း၍ ပေါင်လုံးရန်လိုအပ်သည်။ ရေဖျန်းစနစ်ကို ဥစတင်ဥချိန်တွင် အစိုဓာတ်ရရှိရေး ဆောင်ရွက်ပေးရမည်။ ရိတ်သိမ်းချိန် အလေအလွင့် မရှိစေရေးနှင့် မြေပဲတောင့်များ ထိခိုက်ကွဲအက်ခြင်း မရှိစေရန် နုတ်သိမ်းရမည်။
နေကြာသီးနှံကို တစ်ဧကအပင်အရေအတွက် ၂၉၀၀၀ ဝင်ဆံ့အောင် စိုက်ရမည်။ ပင်ခြား ၂ ပေ၊ အတန်းခြား ၉ လက်မ စိုက်ရမည်။ ဆင်းရွှေကြာ (၂)၊ ရေဆင်းစပ်မျိုးတို့မှာ သင့်တော်ပြီး အထွက်နှုန်း ကောင်းသည့် စပ်မျိုးများ စိုက်ပျိုးသင့်သည်။ ယူရီးယားတစ်အိတ်ခွဲ၊ တီစူပါအိတ်ဝက်၊ ပိုတက်ရှ် အိတ်ဝက်နှင့် နွားချေး၁၂၅ တင်း အသုံးပြုရမည်။ စိုက်ပြီး တစ်လအတွင်း လုံလောက်သည့် အစိုဓာတ်ရရှိစေရန် စိုက်ကြောင်းဖော် မျိုးစေ့ချရပါမည်။ အစိုဓာတ်ထိန်းသိမ်းနိုင်ရန် ချက်ချင်း ကျမ်းတုံးရိုက်ရပါမည်။ အပင်သားခွဲခြင်းနှင့် ပေါင်းမြက်ရှင်းလင်းခြင်းလုပ်ငန်းများ လုပ်ဆောင် ရမည်။ အပင်သက်တမ်း(၄၅)ရက်သားခန့်တွင် ဖြည့်စွက်ရေ(ခါးရေ) ပေးသွင်းရမည်။ သီးညှပ်စိုက်ပျိုးသည့် နေကြာများအား အကန့်လိုက်စနစ်ဖြင့်စိုက်ပျိုးရမည်။ ပန်းဖူးစတင်ချိန် (ကြက်ချေးစုချိန်)မှ အစေ့အဆန်အောင်မြင်ချိန်အထိ ပိုးသတ်ဆေးသုံးစွဲခြင်းမပြုမှသာ ပျားများ လာရောက်ပြီး ဝတ်မှုန်ကူးခြင်း အောင်မြင်မည်ဖြစ်ပါသည်။
ပဲတီစိမ်းသီးနှံကို တစ်ဧကအပင်အရေအတွက် ၁၃၀၀၀၀ ဝင်ဆံ့အောင် စိုက်ရမည်။ အတန်းကြား ပင်ခြား ၁၈ လက်မနှင့် ၄ လက်မခြား စိုက်ရပါမည်။ ရေဆင်း(၁)၊ ရေဆင်း(၉)၊ ရေဆင်း ၁၁၊ ရေဆင်း ၁၅နှင့် ရေဆင်း(၁၆)တို့ကို စိုက်ပျိုးရမည်။ ယူရီးယားလေးပုံတစ်ပုံ၊ တီစူပါ တစ်အိတ်၊ ပိုတက်အိတ်ဝက်၊ နွားချေး ၁၂၅ တင်း၊ ပဲမစ်ဖုတစ်ထုပ်၊ လချေးပေါင် ၁၀၀၊ ဇီဖာ သုံးပေါင်၊ ဂျစ်ပဆန်မြေဩဇာ တစ်အိတ် အသုံးပြုရမည်။ အပင်နှစ်ပတ်သားမှ ပန်းပွင့် သီးကင်းဝင်ချိန်အထိ ပေါင်းမြက်ကင်းစင်ရမည်။ ပဲတီစိမ်းသီးနှံတွင် အဝါရောင်မိုစေ့ရောဂါ ကျရောက်သဖြင့် ရောဂါသယ်ဆောင်သော ယင်ဖြူကို ကာကွယ်ရန် ပင်သက်နှစ်ပတ်သားမှ စ၍ ထိသေ၊ စားသေ ပိုးသတ်ဆေး တစ်မျိုးမျိုး ပက်ဖျန်းကာကွယ်ရမည်။
ပဲစင်းငုံသီးနှံကို တစ်ဧကအပင်အရေအတွက် (၁၄,၅၂၀)ဝင်ဆံ့အောင် စိုက်ရမည်။ ၃ ပေ ၁ ပေခြား စိုက်ရမည်။ ရေဆင်း ၆၊ ရေဆင်း ၇၊ မုံရွှေရွေဒင်္ဂါး၊ သူဌေးကုန်းမျိုးများကို ရွေးချယ်စိုက်ပျိုးရမည်။ ယူရီးယားလေးပုံတစ်ပုံ၊ တီစူပါတစ်အိတ်၊ပိုတက်တစ်အိတ်၊ နွားချေး ၁၂၅ တင်း၊ ပဲမြစ်ဖုတစ်ထုပ်၊ လချေးပေါင် ၁၀၀၊ ဇီဖာသုံးပေါင်၊ ဂျစ်ပဆန်တစ်အိတ် ထည့်သွင်းရမည်။
မတ်ပဲသီးနှံကို တစ်ဧကအပင် အရေအတွက် ၁၃၀၀၀၀ ဝင်ဆံ့အောင် စိုက်ပျိုးရမည်။ အတန်းကြား ပင်ခြား၁၈ လက်မနှင့် ၄ လက်မခြား စိုက်ရမည်။ ရေဆင်း(၃၊၄၊၅၊၆)မျိုးများနှင့် ပုလဲထွန်းမျိုးများကို စိုက်ပျိုးရမည်။ မြေဩဇာကို ယူရီးယားလေးပုံတစ်ပုံ၊ တီစူပါတစ်အိတ်၊ ပိုတက်ရှ် တစ်အိတ်၊ နွားချေး ၁၂၅ တင်း၊ ပဲမြစ်ဖုတစ်ထုပ်၊ လချေးပေါင် ၁၀၀၊ ဇီဖာသုံးပေါင်၊ ဂျစ်ပဆန်တစ်အိတ်ထည့်သွင်းရပါမည်။ အပင်နှစ်ပတ်သားမှ ပန်းပွင့် သီးကင်းဝင်ချိန်အထိ ပေါင်းမြက်ကင်းစင်ရမည်။
ချည်မျှင်ရှည်ဝါသီးနှံကို တစ်ဧကအပင်အရေအတွက် ၁၀၀၀၀ ဝင်ဆံ့အောင် စိုက်ပျိုးရမည်။ ပင်ခြား ၃ ပေ၊ အတန်းခြား ၂ ပေ စိုက်ပျိုးရမည်။
တစ်ကျင်းနှစ်ပင် ချန်ရမည်။ ရွှေတောင် (၈)၊ ရွှေတောင်(၁၀)၊ ငွေချည်(၁၁)နှင့် အထွက်နှုန်းကောင်းစပ်မျိုးများ စိုက်ပျိုးရမည်။ ယူရီးယားတစ်အိတ်၊ ပိုတက်ရှ် တစ်အိတ်၊ ကွန်ပေါင်းနှစ်အိတ်နှင့် နွားချေးတင်း ၂၀၀ ထည့်သွင်းရမည်။ ရေကို အပိမ့်စတင်ချိန်၊ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်၊ ဝါသီးကြီးထွားချိန်တို့တွင် ဖြည့်စွက်ရေ မဖြစ်မနေ သွင်းရမည်။ အစိုဓာတ်ပြတ်လပ်မှုဖြစ်ပါက အောက်ခြေကိုင်းများမှစ၍ လက်ရင်းသီး၊ လက်လယ်သီးများ အသီးမတင်တော့သဖြင့် စိုက်ပြီး(၂)လအတွင်း သတ်မှတ်အစိုဓာတ် ရရှိရေးအတွက် ရေပေးသွင်းရမည်။ စိုက်ကျင်းတစ်ကျင်းလျှင် (၂)ပင်ချန်၍ သားခွဲရမည်။ ပင်သေပင်ပျောက်မဖြစ်စေရန်နှင့် ဖာထေးနိုင်ရန် သက်တမ်းတူ အရန်ပျိုးပင်များ ပျိုးထောင်ထား၍ (၂)ပတ်အတွင်း အစားထိုးစိုက်ပျိုးရမည်။
ကြံသီးနှံကို တစ်ဧကအပင်အရေအတွက် (၂၅,၀၀၀-၃၀,၀၀၀)ဝင်ဆံ့အောင် စိုက်ပျိုးပါ။ ပင်ခြား အတန်းခြား(၃.၅)ပေနှင့် (၄.၅)ပေ ခြား၍ စိုက်ရမည်။ နဝဒေး(၄၊ ၅)၊ နေပြည်တော်(၁)၊ ပျဉ်းမနား(၇၊ ၉)တို့ကို စိုက်ပျိုးရမည်။ ယူရီးယားတစ်အိတ်ခွဲ၊ တီစူပါတစ်အိတ်၊ ပိုတက်ရှ်နှစ်အိတ်ခွဲ ထည့်သွင်းပါ။ ကြံပင်သက်တမ်း (၆၀-၁၂၀)ရက်သားအတွင်း အစိုဓာတ်လုံလောက်အောင် ရေပေးသွင်းရမည်။ ကြံပင်ယိုင်လဲမှုမှကာကွယ်ရန် မိုးဦးကျကာလတွင် ဘောင်ကြီးလုံးခြင်းကို မဖြစ် မနေဆောင်ရွက်ရမည်။ ရေမဝပ်စေရန် ရေထုတ်မြောင်းများ ဆောင်ရွက်ပေးရမည်။ လေဝင်လေထွက်ကောင်းပြီး ပိုးမွှားများ မခိုအောင်းနိုင်ရန် ကြံပင် သက်တမ်း တစ်လျှောက်အောက်အရွက်များ ဝါခြောက်လာပါက ကြံရွက်ချပေးရမည်။ ကြံပင်ပေါ်တွင် အစိမ်းရင့်ရောင် ကြံရွက်(၁၀)ရွက်မှ (၁၂)ရွက်ခန့် ကျန်ရှိရမည်။စိုက်ပျိုးရေးကဏ္ဍ၏ အခြေခံ မျိုး၊ မြေ၊ ရေ၊ နည်းဆိုသည့် နည်းလမ်းများဖြင့် မျိုးကောင်း မျိုးသန့်များ၊ အထွက်နှုန်းကောင်း အရည်အသွေးကောင်းသည့်မျိုးများကို ရွေးချယ်စိုက်ပျိုးခြင်း၊ မြေဆီလွှာ အာဟာရ ဂရုတစိုက်ထည့်သွင်းခြင်း၊ ရေရှိရေးနည်းလမ်းများဖြင့် စိုက်ပျိုးရေရှိစေရေး ဆောင်ရွက်ခြင်း၊ ခေတ်မီနည်းစနစ်များဖြင့် စိုက်ပျိုးပြုစုခြင်းတို့ဖြင့် မူလကပြည့်မီစွာစိုက်ပျိုးထားသော သီးနှံစိုက်ခင်းသည် ပန်းတိုင်အထွက်နှုန်းကို မလွဲမသွေဧကန်ရရှိမည်ဖြစ်သည်။ တောင်သူလယ်သမားအနေဖြင့် စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ သီးနှံအလိုက် တစ်ဧကဝင်ဆံ့ရမည့် အပင်အရေအတွက်ပြည့်မီအောင် ဂရုတစိုက်သေချာစိုက်ပျိုးခြင်း၊ အပင်များ မသေမပျောက်အောင် ထိန်းသိမ်းကာကွယ်ခြင်း၊ ဖြစ်ထွန်းအောင်မြင်အောင် ပြုစုစောင့်ရှောက်ခြင်းတို့ဖြင့် ကျန်းမာ သန်စွမ်း၍ အစေ့အဆန်ပြည့်ဝသော၊ အရည်အသွေးကောင်းမွန်သော သီးနှံများ၏ တစ်ဧကပန်းတိုင်အထွက်နှုန်းကို လက်ဝယ်ပိုင်ပိုင်ရရှိမည်ဖြစ်သည်။
မြန်မာ့ဆိုရိုးစကား၌ “အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမှင်ရည်စုတ်ထိုး ဤသုံးချက် မပိုင်လျှင် နောင်ပြင်ရန် ခက်သည့်အမျိုး” ဟူသည့် စာချိုးကဲ့သို့ အစကောင်းမှ အနှောင်းသေချာစေရန် သီးနှံများ စိုက်ပျိုးစဉ်ကတည်းက အပင်အရေအတွက် ပြည့်မီမှသာ သတ်မှတ်ရိတ်သိမ်း အပင်အရေ အတွက်ရရှိပြီး သီးနှံအထွက် သေချာစေမည်ဖြစ်သည်။
စတင်စိုက်ပျိုးစဉ်ကတည်းကရှိရမည့် အပင်အရေအတွက်မပြည့်မီသော စိုက်ခင်း၏ အထွက်နှုန်းသည် မည့်သို့မျှပန်းတိုင်အထွက်ကိုမရရှိနိုင်တော့ပါ။ ပန်းတိုင်အထွက်နှုန်း မရရှိခြင်း၏ နောက်ဆက်တွဲ ရလဒ်မှာ စိုက်ပျိုးသူ တစ်ဦးချင်းစီ၏ ဝင်ငွေလျော့ကျစေသကဲ့သို့ စိုက်ပျိုးရေး ထွက်ကုန်များကို မှီတည်၍ ဆောင်ရွက်နေကြရသော ဆက်စပ်စီးပွားရေးလုပ်ငန်းများ၊ စက်မှု လုပ်ငန်းများ၊ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းများပါ နှောင့်နှေး သွားမည်ဖြစ်သည်။
သို့ဖြစ်၍ စိုက်ပျိုးသောသီးနှံများ၏ တစ်ဧကဝင်ဆံ့ရမည့် အပင်အရေအတွက် ပြည့်မီစွာ စိုက်ပျိုးရေးသည် အစကနဦးအရေးပါသော အခြေခံဖြစ်၍ မျိုး မြေ ရေ နည်း နည်းလမ်း လေးသွယ်ဖြင့် ပေါင်းစပ်ကာ စိုက်ပျိုးရေး ထုတ်ကုန်တိုးမြင့်စေရေး တောင်သူလယ်သမားများ အပါအဝင် စိုက်ပျိုးရေးကဏ္ဍ၌ နည်းပညာပေး ကြီးကြပ်နေသူများ အားလုံးပူးပေါင်း ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းရေးသား လိုက်ရပါသည်။