ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်

 

ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်

 

       ရှေးလူကြီးများက  ပျားရည်ကို  ပန်းပေါင်းတစ် ထောင်ဟုခေါ်သည်။    ပျားများသည်    ခြေချောင်း လေးများဖြင့်   ပန်းဝတ်မှုန်များကို    သယ်ဆောင်လာကာ ပန်းတစ်ပွင့်မှတစ်ပွင့်ဆီသို့ ကူးလူးပျံသန်း၍ ဝတ်မှုန်ချပေးလေ့ရှိသည်။ ထို့ကြောင့်  ကမ္ဘာပေါ် တွင် ပျားသတ္တဝါမရှိလျှင်  ပန်းမျိုးပေါင်း တစ်ထောင်ခန့်   ပျောက်ကွယ်သွားနိုင်သကဲ့သို့    ပန်းမျိုးစိတ်များ ပျက်သုဉ်းသွားခဲ့လျှင်လည်း ပန်းဝတ်ရည်မရရှိနိုင်တော့၍     ပျားသတ္တဝါများ   မျိုးသုဉ်းသွားနိုင်သည်။

မြန်မာ့ပျားမွေးမြူနည်းအကြောင်း တစေ့တစောင်း

    ပျားမွေးမြူရာတွင်  ပျားသလက်ရှစ်ချပ် ပါဝင်သည့် ပျားပုံးတစ်ပုံးလျှင် ပျားထီး၊  ပျားဘုရင်မ၊  လုပ်သားပျား၊   သက်ကြီးပျားများ   အကောင်ရေသိန်းချီ၍ အလုပ်လုပ်ကြသည်။   ယင်းပျားပုံးတွင်  ပျားဘုရင်မသည်   အဓိကဖြစ်ပြီး    သက်တမ်းလေးနှစ်အထိ အသက်ရှင်သန်သည်။ ပျားထီးတို့သည် မိတ်လိုက်ပြီး သေကြကာ  လုပ်သားပျားတို့က  တစ်လဝန်းကျင် အလုပ်လုပ်၍ ရှင်သန်ကြသည်။ ယခင်က ပြည်တွင်း၌ ထုတ်လုပ်သော ပျားရည်ထက်ဝက်ခန့်ကို ဆီးပင်မှ ထုတ်လုပ်ရရှိပြီး ယခုအခါ နေကြာပင်မှ အများဆုံး ထုတ်ယူကြသည်။ နှမ်း၊ သုံးဆင့်ပန်း၊ ဝါဖြူ၊ ပဲစင်းငုံ၊ တောပန်းများနှင့်  လိုက်ချီးပင်တို့မှလည်း  ပျားရည် ထုတ်လုပ်ကြသည်။ 

ပျားမွေးမြူရေးလုပ်ငန်း    လုပ်ကိုင်သူများသည်   နေကြာစိုက်ခင်း ပေါများသည့်  ချင်းတောင်ခြေ၊  မြစ်သာမြစ်ရိုး တစ်လျှောက်သို့  ပျားသေတ္တာ၊  ပျားပုံးများ သိန်းချီပြောင်းရွှေ့မှုများ ပြုလုပ်ကာ မွေးမြူကြသည်။ မိုးများသည့်‌ဒေသနှင့် ရာသီဥတု အလွန်ပူပြင်း သော ဒေသတို့ကို ရှောင်ကြဉ်ကြသည်။

နိုင်ငံခြား၀င်ငွေရသော မြန်မာ့ပျားရည်

    မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန  ပျားလုပ်ငန်းဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ၏ ထုတ်ပြန်ချက်များအရ ပြည်တွင်း၌ ပျားရည်ထုတ်လုပ်မှုအနေဖြင့် နှမ်းပျားရည်၊ဆီးပျားရည်၊  ပန်းနှမ်းပျားရည်၊  နေကြာပျားရည်၊ လိုက်ချီးပျားရည်ဟူ၍ ထုတ်လုပ်လျက်ရှိကြောင်း၊ မြန်မာ့ပျားရည်ကို တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်၊ တရုတ်(တိုင်ပေ) နှင့် စင်ကာပူနိုင်ငံတို့သို့ တင်ပို့လျက်ရှိပြီး ဂျပန်နိုင်ငံသို့ အများဆုံး တင်ပို့လျက် ရှိကြောင်း၊  ယခုဘဏ္ဍာနှစ်  ဧပြီလမှဇူလိုင်လအထိ လေးလတာကာလအတွင်း ပြည်ပသို့ ပျားရည်တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှ မက် ထရစ်တန် ၆၃၇ ဒသမ ၈၂ တန်နှင့် နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းမှ  မက်ထရစ်တန် ၂၇ တန်  စုစု ပေါင်းမက်ထရစ်တန် ၆၆၄  ဒသမ  ၈၂  တန် တင်ပို့မှုမှ  အမေရိကန်ဒေါ်လာ   သုည  ဒသမ  ၉၉၇   သန်းရရှိ ထားကြောင်း သိရသည်။

ပျားရည်အသစ်နှင့်အဟောင်း

    ပျားအုံဖွပ်ပြီး တစ်နှစ်သက်တမ်းရှိသော ပျားရည်အမျိုးအစားကို ပျားရည်အသစ်ဟုခေါ်ပြီး ထိုပျားရည်က ကျန်းမာဝဖြိုးစေ၍ အသံကြည်လင် ကောင်းမွန်စေ သည်။ ပျားအုံဖွပ်ပြီး တစ်နှစ်ကျော်ကြာ သက်တမ်းရှိသော ပျားရည်အမျိုးအစားကို ပျားရည်အဟောင်းဟု ခေါ်ပြီး ထိုပျားရည်က ခန္ဓာကိုယ်အဆီကျစေသည်။ ဝမ်းချုပ်စေသည်။  သွေးတိုးရောဂါရှိသူများနှင့် လေဖြတ်၊  လေငန်းရောဂါသမားများအတွက်   ဆေးကောင်းတစ်ခွက်ဖြစ်သည်။

ပျားရည်၏အာနိသင်များ

    ပျားရည်ကို   တစ်ကြိမ်သောက်လျှင်   လက်ဖက်ရည်ဇွန်းတစ်ဇွန်း သို့မဟုတ် နှစ်ဇွန်းထက်ပိုမသောက်သင့်ပေ။ ပျားရည်၏ ဆေးဖက်ဝင်အာနိသင်များမှာ အောက်ပါအတိုင်းဖြစ်သည်။

•        အမျိုးသမီးများ ဓမ္မတာလာချိန်၊ မီးဖွားပြီးစနှင့် နို့တိုက်ချိန်များတွင်  ပျားရည်စားသင့်သည်။

•        ပျားရည်က ကလေးများကို အစာကြေစေနိုင် သကဲ့သို့ လူကြီးများအတွက်လည်း အစာအိမ်ကို အားကောင်းစေသည်။

•        အိပ်ရာထဲ    နှစ်ရှည်လများ လဲလျောင်းနေရသဖြင့် အိပ်ရာခင်း အပူလောင်နာခြင်းကို ပျားရည်လိမ်းပေးပါက   သက်သာပျောက်ကင်းစေနိုင်သည်။

•       ပျားရည်က အသားအရေတွန့်ခြင်း၊ ဆံပင်ဖြူခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။

•        အားကစားသမားများ ပျားရည်ကို သံပရာရည်နှင့် သောက်ပါက သက်လုံကောင်းစေသည်။

•        အိပ်မပျော်သူများ   ညအိပ်ရာဝင်ချိန သောက်ပေးခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်သည်။

•        နှာစေး၊  ချောင်းဆိုးခြင်းအတွက်  ပျားရည်ကို ရှောက်ရည်  သို့မဟုတ်  သံပရာရည်နှင့်ဆတူ ရောသောက်ပါက သက်သာပျောက်ကင်းစေ နိုင်သည်။

•        ကလေးငယ်များ ချွဲကျပ်၊ ရင်ကျပ်ဖြစ်လျှင် ပျားရည်ကို သံပရာရည်နှင့်ဆတူရော၍ တိုက်ပါက သက်သာပျောက်ကင်းစေနိုင်သည်။

•        မီးလောင်ဒဏ်ရာ၊   အနာဆွေးအနာဟောင်း၊ ထိခိုက်ရှနာ၊ အနာကြီး(နူနာ)များပေါ် ပျားရည် လိမ်းပေးခြင်းဖြင့် အနာမြန်မြန်ကျက်စေသည်။

•        နှလုံးရောဂါရှိသူ၊ နှလုံးအားနည်း၍မောပန်းသူများ  ပျားရည်စားပေးပါက  သက်သာစေနိုင် သည်။

•        အရိုးကျိုးခြင်းအတွက်   ပျားရည်စားပေးခြင်းဖြင့် အရိုးမြန်မြန်ပြန်ဆက်စေသည်။

•        ဦးခေါင်းထက်တွင် အနာပေါက်ခြင်း သို့မဟုတ် ဒဏ်ရာရ၍  ဆံပင်ကျွတ်ပြီး   ပြန်မပေါက်ပါက ပျားရည်လိမ်းပေးနိုင်သည်။

•        ပျားရည်နှင့်အလှဆီ     ရော၍လိမ်းပေးပါက အသားအရေ စိုပြည်လှပစေသည်။

•        အစာအိမ်နာဖြစ်၍ ဗိုက်နာအော့အန်ပါက ပျားရည်ကို အုန်းနို့နှင့်ရော၍ သောက်ပါ သို့မဟုတ် ဒိန်ချဉ်ကို   ရေခဲမထည့်ဘဲ   ပျားရည်နှင့်ရောသောက်ပါက    သက်သာပျောက်ကင်းစေနိုင် သည်။

•        ကလေးငယ်များ   ဝမ်းပျက်၊  ဝမ်းလျှောခြင်း အတွက် ပျားရည် အနည်းငယ်ကျွေးပါက သက် သာစေနိုင်သည်။

•        ပျားရည်က   စိတ်ကိုထိန်းပေးနိုင်သော အစွမ်းသတ္တိရှိ၍      အိပ်ရာထဲ ဆီးသွားတတ်သော ကလေးများကို  ညအိပ်ရာဝင်ခါနီး  ပျားရည်ကျွေးပေးခြင်းဖြင့် ဟန့်တားနိုင်သည်။

•        ကလေးငယ်များ  သူငယ်နာအကြောဆွဲဖြစ်နေလျှင်   ပျားရည်ကျွေးပေးခြင်းဖြင့်   သက်သာ ပျောက်ကင်းစေနိုင်သည်။

•        ခန္ဓာကိုယ်ဝပြီး သွေးတိုးသူများက နနွင်းခါးကို အမှုန့်ကြိတ်၍ ပျားရည်နှင့်စားသုံးနိုင်သည်။

•        အစာမကြေ     အော့အန်သူများ       ပျားရည်ကို သြဇာသီးဖြင့်စားပါက သက်သာစေနိုင်သည်။

•        တုတ်ကောင်၊ သန်ကောင်ရှိသော ကလေးငယ်များအတွက် နာနတ်သီးကို ပျားရည်နှင့်နယ်၍ ကျွေးပါ သို့မဟုတ် ပျားရည်နှင့်အုန်းနို့ ရောစပ်၍တိုက်ကျွေးပါက   သက်သာပျောက်ကင်းစေ နိုင်သည်။

•        သွေးဝမ်းကျခြင်း၊   ဝမ်းပျက်ခြင်းတို့အတွက် ပျားရည်ကို    သီးသီးအမှည့်နှင့်ရောခေါက်၍ စားပေးခြင်းဖြင့်  သက်သာပျောက်ကင်းစေနိုင် သည်။

•        ပျားရည်ကို နေ့စဉ်စားပေးခြင်းဖြင့် မျက်စိအားကောင်းစေပြီး အရွယ်တင်နုပျိုစေနိုင်သည်။

ကြာစေ့၊ မုန်လာဥအဖြူ၊  ဝက်သား၊  ငါး၊  ခိုသား၊ပဒုမ္မာကြာရွက်၊  ပိတ်ချင်းရွက်၊  ပိန္နဲသီး၊  ဥသျှစ်သီး၊အုန်းရည်၊  ရှားစောင်းကြီးတို့ကို  ပျားရည်နှင့်တွဲဖက်၍ မစားသင့်ပေ။

ပျားရည်သည် ရှားပါး၍တန်ဖိုးကြီးမားသဖြင့် ပျားရည်စျေးကွက်တွင်  အတုအပများပြုလုပ်ရောင်းချ လျက်ရှိသည်။ ပျားရည်အတုသည် အရောင်၊ အနံ့၊အရသာ အာနိသင်အားလုံး အစစ်နှင့်ကွာခြားသည်။ ပျားရည်စစ်စစ်၏ ဂုဏ်သတ္တိမှာ နှစ်ပေါင်းမည်မျှကြာအောင် ထားသော်လည်း    အရောင်ပြောင်းရုံမှအပ မပုပ်မသိုး သဘာဝဓာတ်မပျက်ပြယ်ဘဲ မူလအရသာ အာနိသင်အတိုင်းရှိနေမြဲဖြစ်သည်။  ပျားရည်  စစ်၊မစစ်သိလိုပါက ပျားရည်ကို ခွေးကျွေးကြည့်ပါက ခွေးမစားလျှင် ပျားရည်အစစ်ဖြစ်သည်။ဝါဂွမ်းကို ပျားရည်ထဲနှစ်၍ မီးရှို့ကြည့်ပါက မီးလောင်လျှင်  ပျားရည်စစ်သည်။ ပျားကောင်ကိုဖမ်း၍ ပျားရည်ထဲနှစ်ကြည့်ပါက အပေါ်သို့ပျံထွက်သွားလျှင် ပျားရည်စစ်သည်။ ယမ်းမီးခြစ်ဆံခေါင်းကို   ပျားရည်တွင်စိမ်၍     ခြစ်ကြည့်ပါက မီးလောင်လျှင်    ပျားရည်စစ်သည်။ ပျားရည်တစ်စက် နှစ်စက်ကို  ငှက်ပျောဖက်ပေါ်တင် ကြည့်ပါ အောက်သို့လျှောမကျဘဲ လုံး၍တင်နေလျှင် ပျားရည်စစ်သည်။ ပျားရည်တစ်ဇွန်းနှင့် နှမ်းဆီတစ်ဇွန်း ရောစပ်ပြီးနောက် တစ်ဇွန်းသာရလျှင် ပျားရည်စစ်ကြောင်း သိနိုင်သည်။

ပျားရည်သည် ကျန်းမာရေးအတွက် ဆေးဖက်ဝင် သည့်အပြင် နိုင်ငံခြားဝင်ငွေလည်း ရှာဖွေပေးနေသည့် ဈေးကွက်ဝင်ပျားရည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။