သာစည်နှင့် မော်လမြိုင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
နေပြည်တော် အောက်တိုဘာ ၁၃
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၁၁ ရက် ည ၁၀ နာရီ ၂၅ မိနစ်တွင်သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံကျေးရွာ အနီးတွင် ခရီးသည်တင် EXPRESS မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ကိုလည်းကောင်း၊ ထိုနေ့ ညနေ ၄ နာရီခွဲတွင် မော်လမြိုင်မြို့၊ (၆)မိုင်ရပ်ကွက်၊ ကံ့ကော်လမ်းနေ သက်ဇော်ဝင်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီတွင် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ ဦးစစ်မောင်လမ်းနှင့် သမိန်ဗရမ်းလမ်းထောင့်တွင် စိတ်ကြွရူးသွပ် ဆေးပြားများ ရောင်းချခိုင်းသူ ခွန်ကွန်း(ခ)မင်းသစ်စိုးကို ဆက်လက်ဖမ်းဆီး ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။