ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ
နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် အမျိုးသားယဉ်ကျေးမှု၊ ရိုးရာယဉ်ကျေးမှုရှိကြသည်။ အမျိုးသားယဉ်ကျေးမှု၊ ရိုးရာယဉ်ကျေးမှုဟူသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ အသက်ပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်စိုးမှုထဲတွင် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ဥစ္စာဓနကြွယ်ဝမှု၊ သယံဇာတပေါများမှု၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် ပညာထူးချွန်မြင့်မားမှုများအပြင် ၎င်းနိုင်ငံ၏ ရှည်လျားသည့် သမိုင်းကြောင်းနှင့် ယှဉ်တွဲဖြစ်ထွန်းလာသည့် ရိုးရာယဉ်ကျေးမှု အနုသုခုမများ၊ ဓလေ့ထုံးတမ်းများလည်း ပါဝင်သည်။
ယဉ်ကျေးမှုအမွေအနှစ်များ ပျောက်ကွယ်သွားပါက လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံ၏ အနှစ်သာရလည်း ပျောက်ဆုံးသွားမည်ပင်ဖြစ်သည်။ ကမ္ဘာပေါ်တွင် နည်းပညာနှင့် ယဉ်ကျေးမှုများ အရှိန်အဟုန်ဖြင့် ပြောင်းလဲ တိုးတက်နေသော်လည်း ရိုးရာအစဉ်အလာ ယဉ်ကျေးမှုဓလေ့စရိုက်များကို တည်တံ့ခိုင်မြဲစေရန် လူမျိုးတိုင်း၊ နိုင်ငံတိုင်းက တန်ဖိုးထားထိန်းသိမ်းလျက်ရှိကြသည်။ ထိုယဉ်ကျေးမှုများ မြင့်မားရန်နှင့် ထိန်းသိမ်းရန်မှာ နိုင်ငံသားတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် ထိန်းသိမ်းမြှင့်တင်လိုစိတ် ပေါ်တွင် မူတည်သည်။
အမျိုးသားယဉ်ကျေးမှုမြင့်မားလေ နိုင်ငံနှင့်လူမျိုး၏ အဆင့်အတန်းမှာလည်း မြင့်တက်လေဖြစ်သည်။
မြန်မာနိုင်ငံသည် အမျိုးသားယဉ်ကျေးမှု အစဉ်အလာကြီးမားသည့် နိုင်ငံဖြစ်ကြောင်းကို ယနေ့ ခေတ်အထိ ရှင်သန်နေဆဲဖြစ်သည့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ အနုသုခုမပညာရပ်များက သက်သေပြလျက်ရှိသည်။ မြန်မာ့ယဉ်ကျေးမှု စရိုက်လက္ခဏာများသည် ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်မူများဖြစ်သကဲ့သို့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတို့၏ သီးသန့်ပိုင်ဆိုင်သော အမျိုးသားရေးသင်္ကေတ၊ အမျိုးသားရေး လက္ခဏာများပင်ဖြစ်သည်။ မြန်မာ့ ယဉ်ကျေးမှုနယ်ပယ်တွင် အနုသုခုမပညာရပ်သည်လည်း ပါဝင်လျက်ရှိရာ ထိုအနုပညာရပ်များသည် မြန်မာ့သမိုင်းဖြစ်သော ပျူ၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်၊ အမရပူရနှင့် ရတနာပုံခေတ် စသော ရှည်လျားသည့် မြန်မာ့သမိုင်းခေတ်များကို အခြေခံကာ မြန်မာ့အမျိုးသားဟန်ကို ကိုယ်စားပြုသည့် ယဉ်ကျေးမှုစရိုက် လက္ခဏာများ ထွန်းကားခဲ့သည်။
ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းသည့် ပြိုင်ပွဲကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ ဖော်ထုတ်ထိန်းသိမ်း ဖော်ဆောင်နိုင်ရန်နှင့် နိုင်ငံချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ နိုးကြားတက်ကြွစေပြီး ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ယဉ်ကျေးမှုကဏ္ဍမှ အထောက်အကူ ပေးနိုင်ရန်ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အစိုးရ အဆက်ဆက်တို့သည် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ မတိမ်ကောမပျောက်ပျက်စေရန် ရည်ရွယ်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၁၉၉၃ ခုနှစ်က စတင်ပြီး မြို့နယ်၊ ခရိုင်/တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှ နိုင်ငံတော်အဆင့်အထိ ခမ်းနားသိုက်မြိုက် စွာရည်ရွယ်ချက်ကောင်းများစွာနှင့် နှစ်စဉ်ကျင်းပခဲ့သည်မှာ ယခုအကြိမ်နှင့်ဆိုလျှင် (၂၅)ကြိမ်တိုင် ငွေရတုအထိမ်းအမှတ်သို့ ရောက်ခဲ့ပြီဖြစ်သည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုကြောင့် တစ်နှစ်ထက်တစ်နှစ် ပိုစည်ကားလာသော ပြိုင်ပွဲကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၂၀၁၆ ခုနှစ်အထိ (၂၂)ကြိမ်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော်လည်း ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း အကြောင်းပြချက်အမျိုးမျိုးဖြင့် ကျင်းပပေးနိုင်ခဲ့ခြင်း မရှိပါ။ ထို့ပြင် မြန်မာ့ရိုးရာယဉ်ကျေးမှု စရိုက်လက္ခဏာနှင့် ဆန့်ကျင်သည့် သရုပ်လွန်ဂီတများ၊ စကားလုံးကြမ်းကြမ်းတေးသီချင်းများ၊ ငြိမ့်ညောင်းညက်ညောမှု၏ ဆန့်ကျင်ဘက်ဖြစ်သည့် လှုပ်ရှားကပြမှုများသည် လူငယ်ထုအတွင်း အတိုင်းအတာတစ်ခုအထိ ထိုးဖောက်ဝင်ရောက်ခဲ့သည်။ ထို့ကြောင့် မြန်မာ့ရိုးရာ အနုသုခုမပညာရပ်များကို ထိန်းသိမ်းဆောင်ရွက်ထားသူ ပညာရှင်ကြီးများ၊ မြန်မာ့ရိုးရာအနုသုခုမ ပညာရပ်များကို မြတ်နိုးဖက်တွယ်ထားသူ ဝါသနာရှင်လူငယ်များက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး ပြန်လည် ပေါ်ထွန်းလာရေးကို မျှော်လင့်ခဲ့ကြသည်။
၂၀၂၂ ခုနှစ် မေလ ၅ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၂)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ခမ်းခမ်းနားနားနှင့် စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပနိုင်ရန် အလေးအနက်ထား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်မှ ၁၈ ရက်အထိ နေပြည်တော်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။ ပြိုင်ပွဲဝင်ပေါင်း ၁၈၃၈ ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၁၈၁ ဆု၊ ငွေတံဆိပ် ၁၄၃ ဆု၊ ကြေးတံဆိပ် ၁၂၁ ဆု၊ နှစ်သိမ့်ဆု ၅၆ ဆုနှင့် အထူးဆုနှစ်ဆုတို့ကို ချီးမြှင့်ပေးအပ်နိုင်ခဲ့သည်။
ထို့အတူ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၄ ရက်မှ ၃၁ ရက်နေ့အထိ နေပြည်တော်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။ ပြိုင်ပွဲဝင် ၂၃၀၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၁၈၄ ဆု၊ ငွေတံဆိပ် ၁၅၉ ဆု၊ ကြေးတံဆိပ် ၁၅၃ ဆု၊ နှစ်သိမ့်ဆု ၂၇ ဆုနှင့် အထူးဆု ရှစ်ဆုတို့ကို ချီးမြှင့်ပေးအပ်နိုင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် စိတ်ဝင်စားသူဦးရေ တိုးတက်လာကာ ပြိုင်ပွဲဝင်သူဦးရေ ပိုမိုများပြားလာခဲ့သည်။
ငွေရတုတိုင်ရောက်ခဲ့ပြီဖြစ်သော မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးယခု ငွေရတုအထိမ်းအမှတ် (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို -
- အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊
- တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအနုပညာ အမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်ရေး၊
- မျိုးဆက်သစ်လူငယ်များ အကြားတွင် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်ထပ်တူ အမျိုးသားရေး စိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားနေစေရေး၊
- နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှု အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေး
ဟူသည့် ဦးတည်ချက်လေးရပ်ဖြင့် ၁၄-၁၀-၂၀၂၄ ရက်နေ့(ယနေ့)မှ ၂၀-၁၀-၂၀၂၄ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် နှစ်ပေါင်းများစွာ ခံ့ညားထည်ဝါစွာ တည်ရှိခဲ့သည့် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုကို မတိမ်ကော၊ မပပျောက်စေရန်ရည်ရွယ်၍ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ကျင်းပပေးခြင်းဖြစ်သည်။ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကြောင့် မျိုးဆက်သစ်လူငယ်များထံသို့ ယဉ်ကျေးမှုအမျိုးသားရေး စရိုက်လက္ခဏာများကို တန်ဖိုးထားလိုစိတ်၊ ထိန်းသိမ်းစောင့်ရှောက်လိုစိတ်များအား လက်ဆင့်ကမ်း ပေးစွမ်းနိုင်ခဲ့သည်။
ယဉ်ကျေးမှုသည် နိုင်ငံတစ်နိုင်ငံ၏ အဆင့်အတန်းမြင့်မားမှုကို ညွှန်းဆိုပြသနေသဖြင့် မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုများ၊ အနုသုခုမများ၊ ဓလေ့ထုံးတမ်းများသည် မြန်မာ့အမျိုးသားဟန်ကို ကိုယ်စားပြုသည့် ယဉ်ကျေးမှုစရိုက် လက္ခဏာများဖြစ်သည်။ ထို့ကြောင့် ဘိုးဘေးဘီဘင်တို့၏ အမွေအနှစ်အဖြစ် ချန်ထားရစ်ခဲ့သည့် အနုသုခုမပညာရပ်များကို မျက်မှောက်ကာလမှသည် ခေတ်အဆက်ဆက် မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးသည် မြန်မာနိုင်ငံရှိတိုင်းရင်းသားအားလုံး၏ တာဝန်တစ်ရပ်ပင် ဖြစ်သည်။မိမိတို့၏ ယဉ်ကျေးမှုကို မပျောက်ပျက်အောင် ထိန်းသိမ်းထားခြင်းသည် နိုင်ငံသားတို့၏ မျိုးချစ်စိတ်ရင့်သန်ခိုင်မာမှု၊ ဝံသာနုရက္ခိတတရားပြည့်ဝမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပေါ်လွင်စေသည်။
ယဉ်ကျေးမှုဟူသည် လူသားတစ်ဦး သို့မဟုတ် မျိုးနွယ်စုတစ်စု စတင်မွေးဖွားသည်မှ သေဆုံးသည်အထိ ကြုံတွေ့ဖြတ်သန်းရသော အရာဖြစ်သည်။ ယနေ့ခေတ်တွင် နည်းပညာကျေးဇူးကြောင့် အမျိုးမျိုးသော ယဉ်ကျေးမှုများသည် လွတ်လပ်ပွင့်လင်းစွာ စီးဆင်းနေကြသည်။ အမျိုးမျိုးသော ယဉ်ကျေးမှုများတွင် တိုးတက်ဆင့်ပွား အတုယူရမည့်အရာများ ရှိသလို ဆန့်ကျင်ဘက်ဖြစ်နေသည့် အရာများလည်းရှိသည်။ ထို့ကြောင့် မျိုးဆက်သစ်လူငယ်များ အတုယူလမ်းမှား မလိုက်မိစေရန်အတွက် ရိုးရာယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားပြီး ယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းရန်နှင့် အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားအောင် ဆောင်ရွက်ရန် အထူးလိုအပ်ပါကြောင်းကို (၂၅ )နှစ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးအား ဂုဏ်ပြု၍ ရေးသား လိုက်ရပါသည်။ ။