ရန်ကုန်၊ ကြက်တောင်
ထိုင်းနိုင်ငံ၌ ကျင်းပရန်စီစဉ်ထားသည့် နိုင်ငံတကာကြက်တောင်ပြိုင်ပွဲနှစ်ခုကို သက်ထားသူဇာ ဝင်ရောက် ယှဉ်ပြိုင် ရန် စာရင်းပေးသွင်း ထားကြောင်း ၎င်း၏ဖခင် ဦးထွန်းထွန်းဇော်ကပြောသည်။
သက်ထားသူဇာသည် လက်ရှိတွင် COVID-19 ရောဂါအခြေအနေကြောင့် ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိသော်လည်း ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်က ထုတ်ပြန်ထားသည့် အိုလံပစ် လက်ရည်စစ်ပွဲ ကာလ လေးလ အတွင်း နိုင်ငံတကာပြိုင်ပွဲများ ပြန်လည်ယှဉ်ပြိုင်မည်ဖြစ်သည်။
သက်ထားသူဇာသည် ၂ဝ၂၁ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှ ၁၇ ရက်အထိ ကျင်းပ မည့့်သည် Yonex Thailand Open ပြိုင်ပွဲနှင့် ဇန်နဝါရီ ၁၉ ရက်မှ ၂၄ ရက်အထိ ကျင်းပ မည့် Toyota Thailand Open ပြိုင်ပွဲတို့ကို ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်းပေးသွင်း ထားခြင်းဖြစ်သည်။
သို့သော် ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကစား သမားအရေအတွက် များပြားသောကြောင့် သက်ထားသူဇာအနေဖြင့် တိုက်ရိုက် ဝင်ပြိုင်ခွင့်မရရှိဘဲ ၃၂ ဦးရှုံးထွက်အဆင့်မှ ကစားသမားများ နုတ်ထွက်မှသာ အစားထိုး ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။
''လာမယ့်နှစ် ဇန်နဝါရီလမှာ ကျင်းပမယ့် ထိုင်းအိုးပင်း ပြိုင်ပွဲနှစ်ခုကို စာရင်းပေးထားပါတယ်။ ဒါပေမဲ့ ဝင်ခွင့် ရတဲ့ ကစားသမား စာရင်းအရ ၃၂ ဦးရှုံးထွက် အဆင့်မှာ ကစားသမား နုတ်ထွက်မှ အစားထိုး ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒီလကုန်ခါနီး လောက်တော့ အတိအကျ သိရပါမယ်'' ဟု ဦးထွန်းထွန်း ဇော်ကပြောသည်။
၂ဝ၂၁ တိုကျိုအိုလံပစ်ကြက်တောင် ပြိုင်ပွဲ၏ လက်ရည်စစ်ပွဲ ကာလကို ၂ဝ၂၁ခုနှစ် ဇန်နဝါရီ ၄ ရက်မှ မေ ၂ ရက် အထိ သတ်မှတ်ခဲ့ပြီး ယင်းကာလ လေးလအတွင်း ကျင်းပမည့် ပြိုင်ပွဲပေါင်း ၂ဝကျော်မှ ရလဒ်များကိုသာ တွက် ချက် မည်ဖြစ်ကြောင်း ကြေညာထားသည်။
သက်ထားသူဇာသည် လက်ရှိတွင် ကမ္ဘာ့အဆင့် (၅၇)၊ အိုလံပစ်ဝင်ခွင့်သတ်မှတ် ချက် အဆင့် (၂၇) နေရာ၌ ရပ်တည် နေ ကြောင်း သိရသည်။
ကိုရဲ