MNL League Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များ စတင်ယှဉ်ပြိုင်ကစား

MNL League Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များ စတင်ယှဉ်ပြိုင်ကစား

ရန်ကုန်  မတ်  ၂

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပသည့် MNL League Cup 2024 ပြိုင်ပွဲအုပ်စုပွဲစဉ်များကို ယနေ့ညနေပိုင်းကစတင် ၍ ရန်ကုန်မြို့တွင် ယှဉ်ပြိုင်ကစားခဲ့ကြ ကြောင်း သိရသည်။

MNL League Cup 2024 ပြိုင်ပွဲကို မြန်မာနေရှင်နယ်လိဂ်မှ ကလပ်အသင်းများ၊ မြန်မာ နေရှင်နယ်လိဂ်-၂ မှ ကလပ်အသင်းများနှင့် အပျော်တမ်းလိဂ်မှ ခြေစစ်ပွဲအောင်မြင်သည့် အသင်းများဖြင့် မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲများ မစတင်မီ ကျင်းပခြင်းဖြစ်သည်။   

MNL League Cup 2024  ပြိုင်ပွဲ အုပ်စုပွဲစဉ်များအဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် YUSC အားကစား ကွင်း၌ ဟံသာဝတီ ယူနိုက်တက်အသင်းနှင့် ဆေးဗားစတား အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ ဟံသာဝတီ ယူနိုက်တက်အသင်းက ၇ ဂိုး ၁ ဂိုးဖြင့်အနိုင် ရရှိခဲ့ပြီး ပဒုမ္မာအားကစားကွင်း၌ ဒဂုံပေါ့ အသင်းနှင့် ဒဂုံစတား ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဒဂုံစတားအသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့သည်။

အလားတူ တက္ကသိုလ်အားကစားကွင်းတွင် သစ္စာအားမာန်အသင်းနှင့် မြဝတီအက်ဖ်စီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ညနေ ၄ နာရီက သုဝဏ္ဏအားကစားကွင်း၌ ကစားခဲ့သည့် ISPE အသင်းနှင့် ရက္ခပူရယူနိုက်တက် အသင်းတို့ပွဲစဉ်တွင်လည်း တစ်ဂိုးစီသရေ ရလဒ် ထွက်ပေါ်ခဲ့သည်။

MNL League Cup 2024 ပြိုင်ပွဲကို မတ် ၁ ရက်မှ ဇွန် ၁၉ ရက်ထိ ကျင်းပသွားမည်ဖြစ်ပြီး အုပ်စု အဆင့်ပွဲစဉ်များကို နှစ်ကျော့ စနစ်ဖြင့် ယှဉ်ပြိုင်ကစားစေမည်ဖြစ်ကာ ရန်ကုန်မြို့ရှိ သုဝဏ္ဏ၊ YUSC၊ ယူနီဗာစတီ နှင့် ပဒုမ္မာ အားကစားကွင်းတို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူအောင်

Dates: 
Tuesday, October 15, 2024 - 04:50