ရန်ကုန်၊ အားကစား
လာမည့်နှစ် ဘောလုံးရာသီ မြန်မာ နေရှင်နယ်လိဂ်အကြို ချာရတီဖလား (ကွင်းဖွင့်ဖလား) ပြိုင်ပွဲကို ၂ဝ၂၁ခုနှစ် ဇန်နဝါရီလတွင် ကျင်းပမည့် လိဂ်ကော်မတီ အစည်းအဝေး၌ သတ်မှတ်မည်ဖြစ်ကြောင်း မြန်မာ နေရှင်နယ် လိဂ် မီဒီယာတာဝန်ခံ ဦးရဲမင်းဝင်းကပြောသည်။
ယခုနှစ်တွင် COVID-19 ရောဂါ အခြေအနေကြောင့် ဗိုလ်ချုပ် အောင်ဆန်းဒိုင်းပြိုင်ပွဲကို ကျင်းပနိုင်ခြင်း မရှိသည့် အတွက် လာမည့်နှစ် ချာရတီဖလားပြိုင်ပွဲကို လိဂ်-၁ ချန်ပီယံ ရှမ်းယူနိုက်တက် အသင်းနှင့် ဒုတိယဆု ရရှိသည့် ဟံသာဝတီ ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
လာမည့်နှစ် လိဂ်-၁ အမှတ်ပေး ဘောလုံးပြိုင်ပွဲကို COVID-19 ရောဂါ အခြေအနေပေါ်မူတည်၍ ၂ဝ၂၁ ခုနှစ် ဧပြီ လမှ စက်တင်ဘာလအထိ ကျင်းပ ရန်လျာထားပြီး လိဂ်မစတင်မီ ချာရတီဖလားပြိုင်ပွဲကို ကျင်းပရန် စီစဉ် ဖွယ်ရှိ ကြောင်း ဦးရဲမင်းဝင်းက ပြောသည်။
''ချာရတီဖလားပြိုင်ပွဲကို လာမယ့် ဇန်နဝါရီလမှာကျင်းပမယ့် လိဂ်ကော်မတီ အစည်းအဝေးမှာ သတ်မှတ် သွား ဖို့ ရှိပါတယ်။ လိဂ်ပြိုင်ပွဲစတင်မယ့်ကာလနဲ့ ချာရတီဖလားပြိုင်ပွဲကိုပါ တစ်ပါတည်း သတ်မှတ်ဖို့များပါ တယ်'' ဟု ဦးရဲမင်းဝင်း ကပြောသည်။
၂ဝ၂ဝ ချာရတီဖလားပြိုင်ပွဲ၌ ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို အကြိတ်အနယ် ယှဉ်ပြိုင် ပြီး ၂ ဂိုး-၁ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။
ယင်းပွဲအနိုင်ရလဒ်ကြောင့် ရှမ်းယူနိုက်တက် အသင်းသည် နှစ်နှစ်ဆက်တိုက် ချာရတီ ဖလားဗိုလ်စွဲသည့် အသင်း အဖြစ် မှတ်တမ်း တင်နိုင်ခဲ့သည်။
ချာရတီဖလားပြိုင်ပွဲ ကို ၂ဝ၁၂ခုနှစ်က စတင်ကျင်းပခဲ့ပြီး ရန်ကုန် ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက် အသင်းတို့က သုံးကြိမ်စီ၊ ဧရာဝတီ ယူနိုက်တက်အသင်း က နှစ်ကြိမ်နှင့် မကွေးအသင်းက တစ်ကြိမ် ဗိုလ်စွဲ ထား ကြောင်း သိရသည်။
ကိုရဲ