တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော် အောက်တိုဘာ ၁၄
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၉)လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း(၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၀၂၇၆၄၂၇)ကို လည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်များ အတွင်းမှ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် စားသောက် ကုန်ပစ္စည်း(၁)မျိုး၊ လုပ်ငန်းသုံးပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၄၀၀၀၀)ကို လည်းကောင်း၊ ရွာသာကြီး Dry Port ၌ သာမညမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၃၈၅၆၂၅၅) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၀၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၃၁၇၂၆၈၂)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အောက်တိုဘာလ ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ ခရေပင်လမ်းဆုံအနီး၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားမဝင် ကျွန်းသစ်(သုည ဒသမ ၂၉၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၀၄၈၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Toyota Probox (၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၂၆၀၄၈၀)ကိုဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အောက်တိုဘာလ ၁၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပြင်ဦးလွင်-မန္တလေးလမ်း၊ (၂၁)မိုင်၌ ရပ်တန့်ထားသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်း(၂)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၉၃၁၃၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် စက်မှုဇုန်ထုတ် Micro Bus(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၃၁၃၅၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အောက်တိုဘာလ ၁၃ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (၁၀ ဒသမ ၆၅၂)တန်၊ သစ်မာ (၂ ဒသမ ၃၂၀)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၁၁၇၂၁၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၅၈၆၃၈၇၂) ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် တင်သွင်းမှုများကြောင့် နိုင်ငံခြားသုံးငွေ မှောင်ခိုစျေးကွက် အားကောင်းလာစေပြီး ပြည်တွင်း စျေးကွက်၌ ကုန်စျေးနှုန်း တည်ငြိမ်မှုကို ထိခိုက်စေခြင်းများ ဖြစ်ပေါ်စေနိုင်သကဲ့သို့ ကုန်သွယ်ဖက်နိုင်ငံများမှ ကုန်သည်များ၏ လိုသလိုစျေးကစားခွင့်ကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။ သို့ဖြစ်ပါ၍ တရားမဝင် ကုန်ပစ္စည်း တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက်ပိုမိုတားဆီး စစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။